ညဘက် ဘာကြောင့် ချွေးတွေထွက်


on: 02 Feb, 2018


 ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကြောင့်ဖြစ်တတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ များသောအားဖြင့် ကိုယ်တွင်းအပူချိန် များနေတဲ့အခါ ပုံမှန်ထက်ပိုတဲ့ အပူတွေကို လျှော့ချပေးဖို့ ချွေးထွက်ရတာပါ။ ကိုယ်တွင်း အပူချိန်များစေတဲ့ အချက် ၃ ချက်အနေနဲ့ ပုံမှန် နွေရာသီ ရာသီဥတုပူတဲ့အချိန်မှာ၊ သို့မဟုတ် ကိုယ်တွင်းဓာတုဖြစ်ပျက်မှုများစေတဲ့ ဖြစ်စဉ်အနေနဲ့ ဥပမာ ကိုယ်လက်လှုပ်ရှားမှု၊ သို့မဟုတ် ကိုယ်တွင်းဖြစ်စဉ်မြင့်မားပြီး အပူထွက်ရှိစေတဲ့ အခြေအနေ ဥပမာ ရောဂါပိုးဝင်ခြင်း အစရှိတာတွေကြောင့် ချွေးထွက်တတ်ပါတယ်။ 

 အိုက်လို့ချွေးထွက်တာ ပုံမှန်ဆိုပေမယ့် မအိုက်ဘဲ ညဘက်မှ ချွေးထွက်ရတဲ့အကြောင်းအရင်းတွေ အမျိုးမျိုးရှိပါတယ်။ 


၁။ အကြောင်းအရင်းမရှိပဲ ချွေးထွက်ခြင်း (Idiopathic Hyperhidrosis)

 ဒီအမျိုးအစားမှာတော့ ရေရှည်ဖြစ်နေတတ်တဲ့ ချွေးထွက်ခြင်းဖြစ်ပါတယ်။ တစ်ခြားချွေးထွက်ခြင်းတွေကို ဖယ်ထုတ်ပြီးမှ သတ်မှတ်ရမှာပါ။


၂။ သွေးဆုံးခြင်း လက္ခဏာ

 အသက်ကြီးသူအမျိုးသမီးတွေမှာ ညဘက်ချွေးထွက်ခြင်းဟာ ဓမ္မတာသွေးဆုံးခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အတွေ့ရများတတ်ပါတယ်။


၃။ ရောဂါပိုး ၀င်ရောက်ခြင်း

 ကူးစက်ရောဂါဖြစ်ပွားရင်လည်း ညဘက်ချွေးထွက်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ညဘက်ချွေးထွက်ခြင်းနဲ့ အများဆုံးသက်ဆိုင်တဲ့ရောဂါက အဆုတ်တီဘီရောဂါဖြစ်ပါတယ်။ နှလုံးရောင်စေတဲ့ ပိုး ကူးစက်ရောဂါ၊ အရိုးရောင်ရောဂါနဲ့ ပြည်တည်နာ အစရှိတဲ့ရောဂါမှာလည်း ညဘက်ချွေးထွက်များတတ်ပါတယ်။ နောက်ပြီး ခုခံအားကျရောဂါပိုး HIV ကူးစက်ခံရရင်လည်း ညဘက်ချွေးထွက်ခြင်းဟာ ရောဂါလက္ခဏာတစ်ခု ဖြစ်တတ်ပါတယ်။ 


၄။ ကင်ဆာရောဂါအမျိုးမျိုး

 ကင်ဆာရောဂါဖြစ်နေရင်လည်း ညဘက်ချွေးထွက်တတ်ပါတယ်။ အချို့ကင်ဆာတွေမှာဆို အစောပိုင်းပြတတ်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ သားငံရည်ပြန်ကျိတ် Lymphoma ကင်ဆာ တွေမှာဖြစ်တတ်ပါတယ်။ ညဘက်ချွေးထွက်တဲ့အပြင် အကြောင်းမဲ့ ကိုယ်အလေးချိန်ကျဆင်းလာတာ၊ အကြောင်းမဲ့ ဖျားနေတာရှိလာပြီဆိုရင် ကင်ဆာဖြစ်နိုင်ချေများပါတယ်။ 


၅။ ဆေးဝါးများ 

 ရောဂါတစ်ခုခုကြောင့် မှီဝဲနေရတဲ့ ဆေးဝါးတစ်ချို့ဟာဆိုရင်လည်း ညဘက်ချွေးထွက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ စိတ်ဓါတ်ကျဆင်းမှုကုသတဲ့ ဆေးဝါးမှာဆို သောက်သူ ၈ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းမှာ ညဘက်ချွေးထွက်တယ်ဆိုတဲ့ လက္ခဏာခံစားရပါတယ်တဲ့။ ဘတ်စ်ပရို၊ ပါရာစီတမော အစရှိတဲ့ ဆေးတွေရဲ့ အာနိသင်ကြောင့်လည်း ချွေးထွက်တတ်ပါတယ်။


၆။ ဆီးချိုကျဆေးများ

 ဆီးချိုကျဆေးမှီဝဲနေသူတွေမှာလည်း ညဘက်ချွေးထွက်တတ်ပါတယ်။ ဆီးချိုရောဂါကြောင့် အင်ဆူလင် ထိုးဆေး ထိုးနေရသူ၊ သွေးချိုကျ သောက်ဆေး မှီဝဲနေရသူတွေဟာ ညဘက်မှာ သွေးတွင်းသကြားဓါတ်ကျဆင်းမှုတွေ ဖြစ်တတ်ပါတယ်။ သွေးတွင်းသကြားဓါတ်ကျဆင်းရင် ချွေးတွေပြန်လာ၊ထွက်လာတာ အပြင် ရင်တုန်လာတာ၊ အမြင်အာရုံတွေ ၀ါးလာ၊ ပြာလာတာပါဖြစ်တတ်ပါတယ်။ 


၇။ ကိုယ်တွင်းထိန်းညှိဓါတ်ဟော်မုန်း

 ဟော်မုန်း မူမမှန်တဲ့ရောဂါတွေမှာလည်း ညဘက်ချွေးထွက်တာမျိုးဖြစ်တတ်ပါတယ်။ ဥပမာအနေနဲ့ လည်ပင်းအကြိတ်ရောဂါတစ်မျိုးဖြစ်တဲ့ Hyperthyroidism မှာ ကိုယ်တွင်းဓါတုဖြစ်ပျက်နှုန်း မြင့်မာတဲ့အတွက် ချွေးထွက်တတ်ကြပါတယ်။ 


၈။ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါဝေဒနာများ

အာရုံကြောရောဂါအချို့မှာလည်း ညချွေးထွက်တာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဖြစ်တော့ မများတတ်ပါဘူး။ အလိုအလျောက်အာရုံကြောစနစ်အဖွဲ့အစည်း ဖောက်ပြန်တဲ့ Autonomic Neuropathy မှာ ချွေးထွက်များလာတတ်ပြီး ညဘက်ချွေးထွက်တာတွေ ဖြစ်ပွားတတ်ပါတယ်။ 


Credit: ဒေါက်တာမြင့်သန်း (သန္ဓေသား), Health for All magazine, No.124, May, 2017








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar