ပဋိဇီဝဆေးများနှင့်ကလေးကျန်းမာရေး


on: 07 Feb, 2018


ပဋိဇီဝဆေးဝါးသုံးစွဲမှု ကမ္ဘာတစ်လွှားမှာ မြင့်တက်လျှင် ရှိပါတယ်။ လူတစ်ယောက်ရဲ့ ကျန်းမာရေး အသက်ရှင်နေနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအနေနှင့် ရောဂါပိုးကို နှိပ်နှင်းရန် ပဋိဇီဝဆေးဝါးများကို သုံးစွဲကြရပါတယ်။ ပဋိဇီဝဆေးများကို မလိုအပ်ဘဲ သုံးစွဲမှုနဲ့ လိုတာထက် ပိုမိုသုံးစွဲမှုတွေ ပိုမိုများပြားလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကောက်ချက်ချထားရပါတယ်။ ကလေးကျန်းမာရေးအတွက်လည်း ပဋိဇီဝဆေးများကို သုံးစွဲကြရပါတယ်။ အထူးသဖြင့်  မွေးကင်းစကလေးများနှင့် အာဟာရပြည့်ဝမှုမရှိတဲ့  ကလေးတွေကို ကုသရာမှာ ပဋိဇီဝဆေးဝါးက  အသက်ရှင်ရေးအတွက် အရေးပါတဲ့ ကဏ္ဍမှာပါဝင်ပါတယ်။


ကလေးများအတွက် ပဋိဇီဝဆေး သုံးစွဲမှုများမှာ ကလေးရဲဲ့ကိုယ်အလေးချိန်အလိုက် တွက်ချက်ပြီးမှ ကလေးကို ဆေးဝါး ကုသပေးရပါတယ်။ အသက်အလိုက် ဆေးအချိုးအစားကိုတော့ တစ်နှစ်အထက် ကလေးများမှာ သုံးစွဲနိုင်ပါတယ်။ ပဋိဇီဝဆေးများအနေနှင့် လူနှင့်ဓာတ်မတည့်မှု စသောဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ ပင်နီဆီလင် မတည့်သော လူနာများအနေနဲ့ သွေးလန့်ခြင်း ဖြစ်စေတတ်ပြီး အသက်အန္တရာယ်ရှိပါတယ်။ ဆာလ်ဖာပါသော ဆေးဝါးများအနေဖြင့် ကလေးကို STEVEN JOHNSON’S SYNDROME ခေါ် အသားအရေ ကွဲအက်ခြောက်သွေ့ သွေးထွက်ခြင်း၊ မျက်စိနီရဲခြင်း စတာတွေ ဖြစ်ပါတယ်။ G6PD အင်ဇိုင်းချို့တဲ့သော ကလေးများကို ပဋိဇီဝဆေးဝါး သုံးစွဲရာမှာ အထူးဂရုပြု သုံးစွဲရပါတယ်။ ဆာလ်ဖာပါသောဆေးများ၊ ဝမ်းကိုက်ရောဂါ အတွက်သုံးသော ပဋိဇီဝဆေးများကို အထူးသဖြင့် သုံးစွဲရန် မသင့်ပါ။ အချို့သော ပဋိဇီဝဆေးများက ကျောက်ကပ်ကို ဒုက္ခပေးခြင်း၊ နားလေးခြင်း စတာတွေ ဖြစ်စေပါသဖြင့် မွေးကင်းစကလေးများတွင် အထူးဂရုပြု သုံးစွဲရပါတယ်။ 


ပဋိဇီဝဆေးများကို မလိုအပ်ဘဲ သုံးခဲ့ပါလျှင် ဆေးယဉ်ပါးမှု ဖြစ်စေပါတယ်။ ကမ္ဘာနှင့်တစ်ဝှမ်း ပဋိဇီဝဆေးများယဉ်ပါးမှု ဖြစ်လာတဲ့အတွက် လူများရဲ့ အသက်အန္တရာယ်ဖြစ်ပေါ်ပြီး နောက်ထပ်ဆေးဝါး အသစ်များထုတ်ရန် ကြိုးစားလာကြပါတယ်။ အသစ်သစ်သော ပဋိဇီဝဆေးများကို ပိုမိုသုံးစွဲလာကြရင်လည်း ဆေးယဉ်ပါးမှုပြဿနာ ကြီးထွားလာမှာဖြစ်ပါတယ်။ လိုအပ်သော ပဋိဇီဝဆေးဝါးများကို ချင့်ချိန်သုံးစွဲရန် လိုအပ်ပါတယ်။ ကလေးများတွင် နှာစေးချောင်းဆိုးကဲ့သို့သော တုပ်ကွေးရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သဖြင့် ပဋိဇီဝဆေးများ သုံးစွဲရန် မလိုအပ်ပါ။ သို့သော်လည်း အချို့သောမိဘများမှာ သားသမီးစိုးရိမ် စိတ်ကြောင့် ပဋိဇီဝဆေးများကို ကလေးကို တိုက်ကျွေးနေတာကို တွေ့ရပါတယ်။ မလိုအပ်ဘဲ တိုက်ရန်မသင့်ပါ။


တုပ်ကွေးရောဂါဟု ထင်မှတ်ပြီး ရက်ရှည်ဖျားလာရင် မိဘများအနေဖြင့် ဆရာဝန်၏ ဆေးကုသမှု ခံယူသင့်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်လည်း ပဋိဇီဝဆေးများထက် ကလေးရဲ့ ကုန်ဆုံးသွားသော ဓာတ်ဆားရည်ကို ဖြည့်စွက်ရန် ပိုမိုအရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အရည်ကုန်များသဖြင့် အရည်ခန်းခြောက်ခြင်းဖြစ်ပြီး ဆီးနည်းသွားတတ်ပြီး ကျောက်ကပ်ကို ဒုက္ခပေးတတ်ပါတယ်။ ဓာတ်ဆားရည် နည်းသွားလျှင်လည်း ကလေးများနုံးခြင်း၊ တက်ခြင်း၊ ခြေလက်မလှုပ်ရှားတော့ခြင်းများ ဖြစ်တတ်ပါတယ်။ ပဋိဇီဝဆေးများထက် ခန္ဓာကိုယ်တွင်းတွင် လူအတွက်ပိုမိုအကျိုးဖြစ်စေသော LACTOBACILLUS ပါဝင်သည့် ဆေးများကို သုံးစွဲခြင်းဖြင့်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ သက်သာသွားစေနိုင်ပါတယ်။


မလိုအပ်ဘဲ ပဋိဇီဝဆေးများကြာရှည်သုံးစွဲလျှင် လူအတွက် အရေးပါသော LACTOBACILLUS ပိုးများ သေကြေသွားကြပြီး မလိုလားအပ်သောပိုးများ CLOSTRIA DIFFICLE နှင့် မှို FUNGUS များ ခန္ဓာကိုယ်အတွင်း ပေါ်လာပြီး လူကို ဒုက္ခပေးနိုင်ပါတယ်။ ကလေးများ ရင်ကျပ်ချောင်းဆိုးဖြစ်လျှင်လည်း ပထမဦးဆုံး ဒုက္ခပေးတာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သဖြင့် ပဋိဇီဝဆေးများ သုံးစွဲရန်မလိုအပ်ပါ။ သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သဖြင့် ပဋိဇီဝဆေးများ သုံးစွဲရန် မလိုအပ်သော်လည်း သွေးယိုခြင်းဖြစ်သော ကော်ဖီနှစ်ရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်းများနှင့် သွေးအဆိပ်တောက်ခြင်းများ ဖြစ်ပါက ပဋိဇီဝဆေးများ သုံးစွဲကြပါတယ်။


လည်ချောင်းနာခြင်း ဖြစ်လျှင်လည်း ပူပြင်းသော ရာသီတွင်လည်းကောင်း၊ ဗိုင်းရပ်စ်ပိုးကြောင့် လည်းကောင်းဖြစ်တတ် သဖြင့် ပဋိဇီဝဆေး သုံးစွဲရန် မလိုအပ်သော်လည်း ဗက်တီးရီးယားပိုးကြောင့်ဖြစ်လျှင့် ပဋိဇီဝဆေးကို သေချာစွာသုံးစွဲရန် လိုအပ်ပါတယ်။ ဦးနှောက် အမြှေးရောင်ခြင်း အဆုတ်မည်းခြင်း၊ သွေးအဆိပ်တောက်ခြင်း အူရောင်ငန်းဖျားစသော ရောဂါများတွင်လည်း ပဋိဇီဝဆေးများကို သုံးစွဲခြင်းဖြင့် ကလေးရဲ့ အသက်အန္တရာယ်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ပဋိဇီဝဆေးနှင့် ပတ်သက်လျှင် လိုအပ်မှသုံးစွဲရန် တိကျသော ဆေးအညွှန်း၊ တိကျသော သောက်ရန်ရက်၊ လူနာကို အခြားဘေးဥပါဒ်အန္တရာယ် အနည်းဆုံးပေးနိုင်သည့်ဆေးဝါး စသည်တို့ကို စဉ်းစားဆင်ခြင်ပြီးမှ သုံးစွဲရန်လိုအပ်ပါတယ်။ ဒါကြောင့် မိဘများအနေနှင့် မိမိတို့ရဲ့ကလေးများကို ဆေးမြီးတိုများဖြင့် ကုသရန် မသင့်ပါ။



Credit: ပါမောက္ခဒေါက်တာအေးသောင်း

ကလေးအထူးကုသမားတော်ကြီး 









0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar