Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး


on: 29 Oct, 2016

 

Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ စပိန်စကားလုံးမို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်တယ်။ သွေးလွန်-တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ်ထင်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။ သွေးလွန်-တုပ်ကွေးကို (အေဒီးစ် အီဂျစ်ပတိုင်း) ခြင်ကနေကူးပြီး၊ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တိုးတိုး လာလို့ သွေးလွန်တုပ်ကွေး ပြန့်နှံ့ပုံကဖြင့် ကနေ့ကမ္ဘာတလွှား ဒုက္ခများများပေးနေတဲ့ ငှက်ဖျားနဲ့ နင်လား-ငါလားပါဘဲ။ငှက်ဖျားနဲ့ တူသေးတာက ခြင်ကနေကူးတာပါ။ ခြင်အမျိုးတော့မတူဘူး။ “ငှက်ဖျားခြင်က တောသူ၊ သွေးလွန်ခြင်က မြို့သူ”။ ငှက်ဖျားနဲ့ သွေးလွန်ဟာ ခြင်အမကနေသာကူးတယ်။ မ သဘာဝတူသေးတာတခုက ညမှာ အိမ်တွင်း အောင်းပြီး၊ နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အများအားဖြင့် မနက် မလင်းတလင်း ကိုက်တာများတယ်။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာနေတဲ့အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဘို့ မော်တော်ကား-ဆိုင်ကယ် တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံ၊ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ ရေတွေ မှန်သမျှ သွန်ခိုင်းရတယ်။ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်းစားငါး မွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။

 

သွေးလွန်တုပ်ကွေးမှာကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သာ သေတာ ဖြစ်ပါတယ်။ ခြင်အကိုက်ခံရပြီးနောက် ၄-၅-၆ ရက်မှာ ရောဂါဖြစ်တယ်။ ဖြစ်စတော့ ရိုးရိုး တုပ်ကွေးလိုပါဘဲ။ ဖျား၊ ခေါင်းကိုက်၊ ဟိုက-ဒီကနာ ဖြစ်မယ်။ အရိုးထဲကနာတာ သိသာတာမို့ တချို့က “အရိုးကွဲဖျား” လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ အပြင်းဖျားမယ်၊ (၁ဝ၃-၁ဝ၄-၁ဝ၅)။ ခေါင်း (နားထင်) ကိုက်မယ်၊ မျက်လုံးအတွင်းက နာမယ်၊ အဆစ်-ကြွက်သား နာမယ်၊ စားချင်စိတ် ပျက်မယ်။ ပျို့-အန်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်မယ်။ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ဝမ်းထဲ သွေးပါရင် ဝမ်း အရောင်မဲတာနဲ့ သိမယ်။ အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။ ရက်တို-ရောဂါ ဖြစ်လို့ ၂-၇ ရက်သာ ကြာမယ်။ သွေး-အရည်ယိုတာ ကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိလုံးဝလစ်မယ်၊ တက်လည်းတက်နိုင်တယ်။ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ 

 

တကိုယ်လုံး အေးစက်၊ ပျော့ခွေပြီး၊ ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ရင် အရေးပေါ်အခြေအနေ Dengue Shock Syndrome (DSS) ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။သွေး-အရည်တွေ အပြင်စိမ့်ထွက်လာလို့ အဆုပ်အိတ်ထဲ အရည်များတာ၊ ရေဖျင်းရှိတာ၊ သွေးထဲ (ပရိုတင်း) နည်းတာတို့ ရှိနိုင်တယ်။ သွေးလွန်တုပ်ကွေးဆိုတာ သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ Tourniquest test စမ်းသပ်နည်းလုပ်ရင် အပေါင်းဖြစ်မယ်။ ဒီနည်းက လက်ဖြစ်လုပ်လို့ရတယ်။ ဂျပ်စက္ကူလေးတခုမှာ ၁လက်မအချင်းရှိတဲ့ စက်ဝိုင်းလေးတခုကို ဖောက်ထားပါ။ လူနာရဲ့ လက်ကို သွေးဖိအားတိုင်း ရာဘာအိပ်ပတ်ပြီး အထက်သွေးဖိအားနဲ့ အောက်သွေးဖိအားဂဏန်းကြား အလယ်ဂဏန်းမှာ ထားပါ။ ၅ မိနစ်နေရင် လက်ဖျံပေါ်မှာ အဝိုင်းပေါက်လေးပါ ဂျပ်ကိုတင်ပြီး အပေါက်ထဲမှာ ပေါ်နေမဲ့ သွေးခြည်ဥလေးတွေကိုရေတွက်ပါ။

 

၁ဝ ကနေ ၂ဝ ထက်ပိုနေရင် ရောဂါကို သံသယရှိနိုင်တယ်။ သွေးမှုံအရေအတွက် နည်းနေမယ်။ ပုံမှန် 150,000 - 400,000 platelets/microliter (μL) ရှိရမယ်။ သူက ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးရင် Platelets သွေးမှုံကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုးရှိတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ-ခဲမှ ကောင်းတယ်။တခြား (ဗိုင်းရပ်စ်) ရောဂါတွေလိုဘဲ၊ သွေးလွန်တုပ်ကွေးကို တိတိကျကျ ကုသနည်း မရှိဘူး။ ကလေးတွေက လူကြီးလောက် မဆိုးဘူး။ ကံကောင်းသူများက ၁ ပါတ် ကြာရင် ပျောက်မှာပါ။ အားယုတ်မယ်၊ စိတ်ဓါတ်ပါကျစေနိုင်တယ်။ ရေနဲ့အရည် များများသောက်ပါ၊ အနားယူပါ။ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ Drip သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော) ကလွဲရင် မပေးရ။ Asprin, Brufen မသောက်ရပါ။ 

 

Ref: Thit Htoo Lwin(DHF) Sunday, August 17, 2014 Source: ဒေါက်တာတင့်ဆွေ 2.    လက်ဆေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်းနှင့် အဆုတ်ရောဂါ ဖြစ်ပွားနှုန်း ၂၃ ရာခိုင်နှုန်း ကာကွယ်နိုင်

 








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar