Dependence Syndrome: Diazepam ဒိုင်ရာဇီပင်စွဲခြင်း


on: 30 Oct, 2016

စိတ်ငြိမ်ဆေး ဖြစ်တဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ် (Diazepam a.k.a. Valium) အပါအဝင် ဘင်ဇိုဒိုင်ရာဇီပင်း မိသားစု (Benzodiazepine family) ဟာဆေးစွဲခြင်း နဲ့ နာမည်ကျော်ပါတယ်။ “သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး” ဆိုတဲ့ အတိုင်းပါပဲ။ မြန်မာပြည်မှာ ထိုးဆေးတွေကို ကြိုက်သလို ၀ယ်လို့ရတဲ့ နေရာမျိုးမှာ ပိုပြီး သတိနဲ့ အသိရှိသင့်ပါတယ်။ ၁၉၆၀ နှစ်များက စတင်ပေါ်ပေါက်လာတဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ်ဟာ ၁၉၇၉ ခုနှစ်လောက်မှာ အင်္ဂလန်မှာ သုံးစွဲမှု အထွတ်အထိပ်ကိုရောက်ပါတယ်။ ဒီဆေးအတွက် ရေးတဲ့ဆေးစာပေါင်း ၃၁ သန်းရှိခဲ့ပါသတဲ့။ အများစုက အသက်ကြီးတဲ့သူတွေပါ။ ရင်တုန်လို့၊ အိပ်မပျော်လို့၊ ရောဂါပေါင်းစုံနဲ့ နာကျင်ကိုက်ခဲနေလို့ စသဖြင့် အကြောင်းတွေနဲ့ စတာပေါ့။ သုံးကောင်းကောင်းနဲ့ သုံးလာလိုက်တာ နှစ်နှစ် အကြာ ၁၉၈၁ ကျမှ ဒီဆေးဟာ အရမ်းစွဲစေမှန်းသိလာ ကြပါတယ်။ သူကလုံးလုံးလျားလျား မကောင်းတဲ့ဆေးတော့လည်း မဟုတ်ပါဘူး။ တက်တဲ့အခါ (seizures) နဲ့ မေ့ဆေးမပေးမီ (pre-medication) အတွက် အသုံးဝင်ပါတယ်။ စိတ်ငြိမ်ဆေးအဖြစ်လည်း ခဏစည်းကမ်းရှိရှိသုံးမယ်ဆို သုံးလို့ ရပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် မသုံးသင့်ပါဘူး။ အိပ်ဆေးအနေနဲ့ သုံးမယ်ဆိုရင်တော့ သိပ်သတိထားရပါလိမ့်မယ်။ လနဲ့ ချီသွားရင် စွဲသွားပြီမို့ ဖြတ်ရခက်တတ်ပါတယ်။ ဘာအတွက်ပဲသုံးသုံး လေးပတ်ထက် မပိုသင့်ပါဘူး။ ဖြစ်နိုင်ရင် ရက်ခြားပဲ သုံးသင့်ပါတယ်။ ဆေးစွဲခြင်း (Dependence syndrome) ရဲ့ လက္ခဏာတွေကတော့ (ယေဘူယျ အားဖြင့် စွဲခြင်းအားလုံးတူပါတယ်) - ဆေးကိုမသောက်ပဲမနေနိုင်ခြင်း၊ ဆေးကိုမရမကရှာဖွေသုံးစွဲခြင်း (Craving or compulsion) - လိုအပ်သောအာနိသင်ရရန် ဆေးပမာဏတိုးသောက်ရခြင်း၊ တစ်နည်းအားဖြင့် ဆေးမတိုးတော့ခြင်း (Tolerance) - ဆေးမသောက်ရလျှင် ကတုန်ကရင်နှင့် ဆေးသောက်မှ စိတ်ငြိမ် အိပ်ပျော်ခြင်း (Physiological withdrawal) - ဆေးသည်သာ ဘဝကို စိုးမိုးထားပြီး အခြားကိစ္စများကို ပို၍ပို၍ စိတ်မဝင်စားတော့ခြင်း - ဆေးသုံးစွဲခြင်းသည် မကောင်းမှန်းသိလျက် မရပ်နိုင်ပဲ ဆက်လက် သုံးမြဲသုံးနေခြင်း စွဲသွားပြီးမှ ဖြတ်ရတာ အင်မတန် ခက်ခဲပါတယ်။ မဖြတ်ပဲထားတော့လည်း ဆေးအာနိသင်က လျော့လျော့လာတော့ တိုးတိုးသောက်ရင်းနဲ့ နောက်ဆုံး ဆေးလုံးဝမတိုးတဲ့အဆင့် ရောက်တော့ ပြန်ကန်တဲ့ဒါဏ် (rebound) ခံရတာပါပဲ။ ဆေးရဲ့အာနိသင် တစ်ခုက အိပ်မက်မက်စေတဲ့ အိပ်စက်ခြင်းရဲ့ အစိတ်အပိုင်းကို ဖိနှိပ်ထားတာမို့ ဆေးအာနိသင်မပြနိုင်တော့တဲ့အခါ အိပ်မက်များ တစ်ခါတရံ အိပ်မက်ဆိုးများ မက်တတ်ပါတယ်။ ဆေးဖြတ်တဲ့အချိန်မှာလည်း ဒီပြဿနာရှိပါတယ်။ နေ့ညအချိန်နေရာတွေမှား (Disorientation) ကယောင်ကတန်းတွေ မြင် (Visual Hallucination) နဲ့ တော်တော် ခံစားရတတ်ပါတယ်။ စောစော ဖြတ်ရင် ပြဿနာကြောတိုတာပေါ့။ ဆေးဖြတ်တဲ့အချိန်မှာဆေးရုံတက်ကောင်းတက်ရပါမယ်။ ဆေးကိုလည်း မျှင်းဖြတ်ရပါတယ်။ ဒီလိုမှမဟုတ်ရင် လူနာကမခံနိုင်တာနဲ့ ပြန်ခိုးသုံးတာတို့၊ ဆေးရုံကဆင်းပြေးတာတို့ ဖြစ်တတ်လို့ပါ။ လူနာရဲ့ ခန္ဓာကိုယ်နဲ့ ခံစားရမှု ဝေဒနာပါသူ မလိုက်နိုင်တာကို စာအုပ်ကြီးအတိုင်း ဇွတ်လုပ်လို့လည်း မရပါဘူး။ ဇွတ်လုပ်ရင် အောင်မြင်ဖို့ နည်းပါတယ်။ ဒီကာလ တစ်တောက်လျှောက်လုံး မိသားစုရဲ့ နားလည်မှုနဲ့ ဖေးမမှု အရေးကြီးပါတယ်။ ဒီလို ပြဿနာပေးနိုင်တဲ့ဆေးကို ဖြစ်နိုင်ရင် မသုံးတာအကောင်းဆုံးပါ။ ကိုယ့်သဘောနဲ့ကိုယ်တော့ သာလို့တောင် မစသင့်သေးတယ်။ ပုံမှန်ခဏသုံးစဉ်မှာလည်းမတည့်တဲ့လူတွေမှာ Paradoxical effect လို့ခေါ်တဲ့ ပြောင်းပြန်အာနိသင် ရတတ်ပါတယ်။ စိတ်ငြိမ်ရမယ့် အစား ပိုပြီးဂနာမငြိမ် ဖြစ်တာပေါ့။ ခေါင်းမူးထိုင်းမှိုင်းတာလည်း ဖြစ်တတ်လို့ ကားတို့၊ စက်ပစ္စည်းတို့ မမောင်း၊ မသုံးသင့်ပါဘူး။ Ref: Nu Thwe Public Health in Myanmar Tuesday, August 26, 2008 Source: Anderson, I. M., Reid, I. C. (ed.) (2006) Fundamentals of Clinical Psychopharmacology, Oxon: Informa Healthcare World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO

Chat Conversation End








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar