ဘယ်တုန်းကမှ၊ ဘယ်သောခါမှ၊ ယခုလည်း


on: 30 Oct, 2016

 

လူတွေက ကျွန်တော့်ကို ချီးမွမ်းကြတယ်။ အက်ဆေး၊ စာစီစာကုံးပြိုင်ပွဲတွေမှာ ဆုတွေခဏခဏ ရတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်ရေးဖူးခဲ့တဲ့ အဖေ့အကြောင်း ညွှန်းဆိုတဲ့ အက်ဆေး(သို့) စာစီစာကုံးတစ်ပုဒ်ဆိုတာ ready made စာအုပ်တွေထဲက ကူးချထားတဲ့ အပေါစား အက်ဆေး (သို့) စာစီစာကုံးတစ်ပုဒ်ထက် ဘယ်တုန်းကမှ မပိုခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့မှာ အဖေမှ မရှိခဲ့တာကိုး။ မေမေနဲ့မာမီကတော့ ပြောပါတယ်။ မေမေ့အကြောင်း she နေရာမှာ heလို့ပြောင်းရေးလိုက်ပေါ့တဲ့။ ဒါပေမဲ့ မေမေနဲ့ မာမီ မသိတာက she နေရာမှ he လို ့ပြောင်းလဲလိုက်ပေမယ့် အဖေဆိုတဲ့အဓိပ္ပာယ် နောက်မှာ ပြောင်းလဲပစ်လို့မရတဲ့ အရာတွေအများကြီးရှိတယ်ဆိုတာဘဲ။

 

ကျွန်တော် လူမှန်းသူမှန်းသိတတ်စကတည်းက သတိထားမိတာက ကျွန်တော့်ဘဝဟာ သူများတွေနဲ့ မတူဘူးဆိုတာဘဲ။ သူများတွေမှာ အဖေနဲ့အမေရယ်လို့ရှိပြီး ကျွန်တော့မှာကျတော့ မေမေနဲ့မာမီဆိုပြီး ဘာကြောင့် အမေနှစ်ယောက်ဖြစ်နေရတာလဲ။ မေမေတို့ကို ကျွန်တော့ဖေဖေဘယ်မှာလဲလို့ မေးလိုက်တိုင်း “သားက သူများတွေနဲ့မတူဘူး။ သားက ဖေဖေမရှိဘဲ ဖြစ်တည်လာတာ။ မေမေတို့ကဘဲ မေမေ။ မေမေတို့ကဘဲ ဖေဖေ။ အဲ့ဒီအတွက် ၀မ်းနည်းစရာလည်းမလိုဘူး။ စိတ်ညစ်စိတ်ဓါတ်ကျစရာလည်း မလိုဘူး။ ဒါကသားရဲ့ကံကြမ္မာဘဲ။ သားကဒီလိုဘဲ မွေးလာတာလေ” ဆိုတဲ့ ကလေးအတွေးနဲ့တင် စိတ်ထဲမှာကျေနပ်စရာမကောင်းတဲ့ အဖြေကိုဘဲ မေးလိုက်တိုင်း ဘာကြောင့်ရနေရတာလဲ။ ကျောင်းမှာ ကဒ်တွေဖြည့်တဲ့အခါတိုင်း အဘနာမည်နေရာမှာ ကွက်လပ်ထားပြီး အမိနေရာမှာကျ ဘာကြောင့် မေမေတို့နှစ်ယောက်လုံးရဲ့နာမည်ကို ထည့်ရတာလဲ။ စတဲ့လဲပေါင်းများစွာက ကျွန်တော့ရဲ့ကလေးအတွေးထဲမှာ ချာချာလည်ခဲ့ရတယ်။

 

ကျောင်းမှာ သူငယ်ချင်းတွေက “ဟေ့ကောင်-မင်းအဖေဘယ်မှာလဲလို့” မေးတိုင်း “ငါ့မှာ အဖေမရှိဘူး။ မေမေနဲ့ မာမီကဘဲ မေမေ။ မေမေနဲ့ မာမီကဘဲ ဖေဖေ”လို့ဖြေတိုင်း အဟားခံခဲ့ရတယ်။ ဟားမှာပေါ့။ အားလုံးထဲမှာ ထူးပြီး တစ်ယောက်တည်း ဖြစ်နေတာကိုး။ ဒုတိယတန်းသင်ခန်းစာမှာပါတဲ့ မွေးဖေဖေဆိုတဲ့ ကဗျာလေးကို သင်ပြီးကတည်းက စိတ်ကူးထဲမှာ ဖေဖေဆိုတာကို အချိန်ကာလတစ်ခုထိ ပုံဖော်ကြည့်ခဲ့ဖူးတယ်။ ကျွန်တော်ကြည့်ဖူးတဲ့ ကာတွန်းကားတွေထဲကလို၊ ပုံပြင်စာအုပ်တွေထဲကလို၊ သင်ခန်းစာတွေထဲကလို အားလုံးထဲက ကျွန်တော်သဘောကျနှစ်သက်တဲ့ အချက်တွေ၊ အစိတ်အပိုင်းတွေကို ရွေးချယ်ပြီး perfect Daddy ကိုစိတ်ကူးနဲ့ ပုံဖော်ခဲ့ဖူးတယ်။ ရောင်စုံခဲတံလေးတွေသုံးပြီး စိတ်ကူးထဲက ဖေဖေကို ပုံဖော်ကြည့်ခဲ့ဖူးတယ်။ တစ်ခါတုန်းက ကာတွန်းစာအုပ်တစ်အုပ်မှာ ကျွန်တော့်အရွယ်ကလေးလေးတစ်ဦးက သူ့ဖေဖေရဲ့လက်မောင်းမှာ တွဲလွဲခိုစီးနေတဲ့ ပုံလေးကို ကြိုက်လွန်းလို့ ကပ်ကြေးနဲ့ ညှပ်ပြီး ကျွန်တော့ ဒိုင်ယာရီစာအုပ်ထဲမှာ ကပ်ထားခဲ့ဖူးတယ်။

 

ဒီလိုနဲ့ အသက် ၁၄နှစ် လောက်ရောက်လာတော့ နှလုံးသားရဲ့ငတ်မွတ်မှုကို အားပေးအားမြှောက်ပြုတဲ့ စာအုပ်တစ်ချို့ကို ဖတ်ဖြစ်ခဲ့တယ်။ “သားလူလေးသို့ပေးစာများ”၊ “နှလုံးသားအဟာရ ရသစာစုများ”၊ “အဖေ့ရင်လှိုင်းခတ်သံပုံပြင်များ” စတဲ့စာအုပ်တွေဖတ်ပြီးတော့ နှလုံးသားရဲ့ တစ်နေရာကနေ အဖေဆိုတာကို ပိုလို့ပိုလို့တောင့်တလာခဲ့တယ်။ အဲ့ဒီလိုပါဘဲ ဆယ်ကျော်သက်ဘဝကို ချဉ်းနင်းဝင်ရောက်လာတော့ စူးစမ်းလေ့လာချင်တဲ့ စိတ်က လိင်ပညာပေးစာအုပ်တွေကို လည်းရှာဖတ်ခဲ့တယ်။ အဲ့ဒီမှာသိလိုက်တာက မေမေတို့မာမီတို့ပြောသလို ကျွန်တော်ဟာ အဖေမရှိဘဲ ဘယ်လိုမှ လူဖြစ်မလာနိုင်ဘူးဆိုတာဘဲ။ “လူဆိုတာ sperm နဲ့ ovum ပေါင်းပြီး Xနဲ့ Y(သို့) X နဲ့X ခရိုမိုဆုမ်းတွေပေါင်းပြီး လူဖြစ်လာတာ။ လူတွေအားလုံးမှာ A,G,T,C bond တွေနဲ့ ဆက်ထားတဲ့ double heliex DNA structure ရှိတယ်။ ကျွန်တော့်မှာလည်း အဲ့ဒီလိုဘဲ။ ဒါမှမဟုတ်ကျွန်တော်က ထူးပြီး အဖေမရှိရအောင် triple heliex DNA နဲ့ဖွဲ့စည်းထားလို့လား။

 

ဒါမှမဟုတ် အဖေမလိုတော့လောက်အောင်ထိ ကျွန်တော့် gene တွေက mutation ဖြစ်ကုန်လို့လား။ ဝေဠုဝတီလို ၀ါးထဲက လူဖြစ်လာတာလို့ ပြောရအောင်လည်း အခုကျွန်တော်နေနေတာက ပုဂံခေတ်မဟုတ်ဘူး။ ၂၁ရာစု!!!!!!! မေမေနဲ့ မာမီတို့ကျွန်တော့်ကို ဘယ်အချိန်ထိဖုံးကွယ်ထား အုန်းမှာလဲ ”----အဲ့ဒီနေ့က ကျွန်တော့်ရဲ့ပေါက်ကွဲသံစဉ်တွေက မေမေတို့နှစ်ယောက်လုံးကို သွေးမရှိတော့သလိုဖြူဖျော့သွားစေတယ်။ တကယ်ဆို မေမေကော မာမီကောဟာ ပညာတတ်အထူးကုဆရာဝန်တွေပါ။ မျှော်လင့်မထားတဲ့ ဒီမေးခွန်းတွေအတွက် သူတို့မှာ အဖြေအဆင်သင့် မရှိလို့သာ ခုလို့အထိတ်တလန် ့ဖြစ်ကုန်ကြတာပါ။မေမေနဲ့မာမီမှာ အရာရာကို ပိုမိုချုပ်တီးနိုင်စွမ်းရှိတဲ့ မာမီကဘဲ ကျွန်တော်တို့၃ယောက်ကြားမှာ ရှိတဲ့ အေးစက်တင်းမှာ နေတဲ့လေထုကို သူ့ရဲ့ပြတ်သားလှတဲ့ အသံလှိုင်းတွေနဲ့ စတင်ဖြိုခွဲလိုက်တယ်။ “ကောင်းပြီသား။ မေမေတို့အနေနဲ့ သားဒီလိုမေးလာမယ်ဆိုတာ စဉ်းစားပြီးသား။

 

ပြောပြဖို့လည်းစီစဉ်ထားပြီးသား။ အကယ်၍ မပြောလိုက်ရဘဲ မေမေတို့ တစ်ခုခုဖြစ်သွားရင် သားသိအောင်အတွက်လည်း စီစဉ်ထားပြီးသား။ ဒါပေမဲ့ ခုလိုအရမ်းစောသေးတယ်အချိန်မှာတော့မဟုတ်ဘူး။ ရုတ်တရက်ဆိုတော့ မေမေတို့အရမ်းအံ့သြသွားတယ်။ ဒါပေမဲ့ စိတ်ချပါသား။ သားလိုချင်တဲ့ အဖြေကို သားမေမေနဲ့ မာမီတိုင်ပင်ပြီး အမြန်ဆုံးဖြေနိုင်အောင်ကြိုးစားမယ်လို့ ကတိပေးတယ်။” အဲ့လိုပြောပြီးတော့ မေမေနဲ့မာမီတို့ သူတို့အခန်းထဲဝင်သွားခဲ့ကြတယ်။ အဲ့ဒီနေ့ညနေက ညစာထမင်းဝိုင်းဟာ ခါတိုင်းနဲ့ မတူဘဲ တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမဲ့ မေမေရဲ့ မျက်ဝန်းတွေထဲမှာကော မာမီရဲ့မျက်ဝန်းတွေထဲမှာပါ ဖရိုဖရဲဖြစ်နေတာမျိုး မတွေ့ရတော့သလို တစ်ခုခုကို ကြောက်ရွံ့နေတာမျိုးလည်း မတွေ့ရဘူး။ အဲ့ဒီညနေက မေမေနဲ့ မာမီတို့ပြောပြတာတွေကတော့ အစုံပါဘဲ။ lesbian(အမျိုးသမီးချင်းနှစ်သက်စုံမက်သူ) လည်းပါတယ်။ sperm donorသုတ်ပိုးအလှူရှင်) ဆိုတာလည်း ပါတယ်။  သူတို့ပြောတာအားလုံးကို နားမလည်နိုင်ပေမဲ့ တချို့တဝက်ကိုတော့ နားလည်လိုက်ပါတယ်။ပြောသမျှထဲမှာ ခုထိမှတ်မိနေတာကတော့ မေမေပြောတဲ့“this is your destiny. You can’t change it. Just change the way you react to them (ဒါမင်းရဲ့ ကံကြမ္မာဘဲ။ မင်းပြောင်းလဲလို့မရနိုင်ဘူး။ အဲ့ဒီအတွက် မင်းရဲ့ကံကြမ္မာပေါ်တုံ့ပြန်မှုကိုသာ ပြောင်းလဲလိုက်ပါ)”ဆိုတဲ့ စကားလေးဘဲ။

 

သာမာန်ထက်ပိုမယ်လို့ပြောနိုင်တဲ့ အထူးကုဆရာဝန် မိခင်နှစ်ယောက်ရဲ့အိမ်မှာ မွေးဖွားကြီးပြင်းလာတဲ့အတွက် ရတဲ့အကျိုးကျေးဇူးကတော့ အတန်းဖော်တွေထက် အင်္ဂလိပ်စာပိုတော်တာရယ်၊ ၉တန်းကျောင်းသားအရွယ်နဲ့ အင်တာနက်သုံးနိုင်တာရယ်တို့ကတည်း တစ်ခုအပါအဝင်ဖြစ်မယ် ထင်တယ်။ နေ့စဉ်မြင်နေကျ သမရိုးကျ အရာတွေနဲ့မတူတဲ့ ကျွန်တော့်ရဲ့မိသားစုဘဝကြောင့် ကျွန်တော်စိတ်အားမငယ်ဖို့ ကြိုးစားခဲ့ရတယ်။ ပြီးတော့ အင်တာနက်မှာ LGBT parenting နဲ့ပတ်သက်တဲ့ သတင်းတွေရှာဖတ်တယ်။ အဲ့လိုနဲ့ websiteတစ်ခုမှာ သူ့ Gay မိဘတွေအကြောင်းblog ရေးထားတဲ့ Albert ဆိုတဲ့ အမေရိကန်လေးတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ နောက်ပိုင်းမှာ သူ့ရဲ့စကားလုံးတွေက ကျွန်တော့အတွက် ခွန်အားတွေဖြစ်စေခဲ့တယ်။

 

သူ့ကိုကျွန်တော်က ကျွန်တော်ခံစားနေရတဲ့ သူများတွေလိုဘဲ normal ဖြစ်ချင်တဲ့အကြောင်း၊ ကျွန်တော့်ကိုမှ ရွေးပြီးကံတရားက ရက်စက်တဲ့အကြောင်း၊ တစ်ခါတစ်ခါအရမ်းရှက်တဲ့အကြောင်း၊ ရုပ်ရှင်ဇာတ်ကားတွေထဲကလို ၀တ္ထုတွေထဲကလို chicken soup for the soul ထဲလို တိုင်ပင်ဖော်တိုင်ပင်ဖက်သူငယ်ချင်းလို အဖေတစ်ယောက်မျိုးအရမ်းတောင့်တတဲ့အကြောင်းတွေ ရင်ဖွင့်ခဲ့တယ်။ သူက “မင်းအနေနဲ့ lesbian မိဘကနေပေါက်ဖွားလဲတဲ့အတွက် ဆယ်ကျော်သက်ဘဝမှာရန်လိုတာမျိုးတွေလျော့နည်းပြီး စဉ်းစားတွေးခေါ်နိုင်စမ်းတွေ ပိုမိုနိုင်တဲ့အတွက် ဂုဏ်ယူလိုက်စမ်းပါ” တဲ့။ ကျွန်တော်တစ်ခါမှ မတွေးဖူးတဲ့ ရှုထောင့်ကနေ တွေးခေါ်တတ်ပြီးကျွန်တော့်ကို စိတ်ခွန်အားဖြစ်စေတဲ့ စကားလုံးတွေနဲ့ အားပေးတတ်တဲ့ Albert ဟာ ကျွန်တော့်အတွက် အွန်လိုင်းပေါ်က အခင်ဆုံးသူငယ်ချင်းဖြစ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို LGBT parents တွေကနေ ပေါက်ဖွားလာတဲ့လူငယ်တွေ စုဖွဲ့ထားတဲ့ online group တွေ discussion တွေဆီကိုသူက ကျွန်တော့်ကိုတွဲခေါ်သွားတယ်။

 

သူကပြောသေးတယ်-“Buddy! You are not alone!! ”တဲ့။ ဟုတ်တယ်။ “I’m not alone. I’m myself!!!!!!!! ”တစ်ခါကသူ့ကို “မင်းကော မင်းရဲ့ surrogate mother(အငှားကိုယ်ဝန်ဆောင်ပေးသူ) ကိုမတွေ့ချင်ဖူးလား”လို့မေးတော့ သူက“ ဘုရားသခင်က ငါ့အတွက် အဖေနှစ်ယောက်ကို ဖန်တီးပေးထားတယ်။ ဘုရားသခင်ရဲ့အလိုတော်ကို ဆန့်ကျင်ပြီး ငါ့ရဲ့ surrogate mother ကိုဘာလို့ရှာမှာလဲ။ ပြီးတော့ surrogate mother ကိုတွေ့တော့ရော သူကငါ့ကို မိခင်ဆန်တဲ့ မေတ္တာမျိုးတွေပေးနိုင်မှာမို့လို့လား။ ငါက ဒီလိုဘဲမွေးလာတာလေ။ ပြီးတော့ မင်းသိလား။ LGBT မိဘအများစုက သူတို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ပွင့်လင်းမှုမရှိကြဘူး။ ဘာလို့လဲဆိုတော့ ငါတို့က သူတို့အပေါ် မတရားဘူးလို့ထင်မှာ၊ ငါတို့ရဲ့မသိစိတ်ထဲမှာဘဲဖြစ်ဖြစ် သိလို့ဘဲဖြစ်ဖြစ် homophobia ရှိနေမှာ၊ အဖြစ်မှန်ကိုသိတဲ့အချိန်ကျရင် ငါတို့က သူတို့ကို စွန့်ခွာပြေးသွားမှာ ဒါတွေကို သူတို့အရမ်းကြောက်လို့ဘဲ။ သူတို့က သနားဖို့ကောင်းတယ်။ သူတို့ရဲ့ ကြောက်ရွံ့မှုအားငယ်မှုဒီဂရီတွေကို မြင့်တက်စေမယ့် surrogate mother အကြောင်းငါက ဘယ်တော့မှ မမေးဘူးလိုု့ဆုံးဖြတ်ထားတယ်”တဲ့။

 

ကံတရားဆိုတာ အရမ်းဘဲဆန်းကြယ်လှတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်မှာဘဲ မာမီတစ်ယောက် ဘန်ကောက်ကဆေးပညာ ကွန်ဖရင့်တစ်ခုကိုအသွားလမ်းမှာ လေယာဉ်ပျက်ကျခဲ့တယ်။ မာမီရဲ့စျာပနပြီးတော့ မေမေတစ်ယောက်ကျွန်တော့်ကို သူ့အခန်းထဲခေါ်ပြီးတော့ “ရော့သား။ ဒီစာအုပ်ကိုဖတ်ကြည့်။ အမှန်ကတော့ ဒီစာအုပ်ကို မာမီကော မေမေကာ လူ့လောကကြီးထဲက ထွက်သွားချိန်ကျမှ သားကို ပေးမလို့ဘဲ။ ဒါပေမဲ့ မင်းမာမီရဲ့ဖြစ်ရပ်ကို ကြည့်ပြီး မေမေအရမ်းတုန်လှုပ်သွားတယ်။ အဲ့ဒါကြောင့် ခုလိုစောစောစီးစီးဘဲ ဒီစာအုပ်ကို ပေးလိုက်တော့မယ်။ ” စာအုပ်ကိုဖတ်ရင်း မငိုဘူးလို့ အားတင်းထားတဲ့ ကြားက မျက်ရည်တွေ စီးကျနေခဲ့တယ်။ ကျွန်တော့်ကို ကိုယ်ဝန်ဆောင်တာက မာမီပါလား။ ဒါဆိုမေမေနဲ့ ကျွန်တော်က ဘာမှ သွေးမတော်သားမစပ်ဘူးပေါ့။ အတွေးတွေက ကျွန်တာ့်ကိုချာချာလည်စေတယ်။ ပြီးတော့ မစုံစမ်းဘူးလို့အားတင်းထားတဲ့ကြားက ဖေဖေ့အကြောင်း စုံစမ်းခဲ့တယ်။ နောက်ဆုံးတော့ ဖေဖေ့ရဲ့ဖုန်းနံပါတ်ကို စုံစမ်းလို့ရခဲ့တယ်။

 

ဖေဖေနဲ့တွေ့ဖို့ချိန်းထားတဲ့နေ့က ကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားနေခဲ့တယ်။ မကြာပါဘူး။ ဖေဖေရောက်လာခဲ့တယ်။ ဖေဖေဟာ ကျွန်တော်ထင်ထားတာထက်ကို အသက်အများကြီးငယ်နေတယ်။ ရုတ်တရက်တွေ့လိုက်တော့ ဖေဖေလို့ခေါ်ရမှာ ၀န်လေးနေခဲ့တယ်။ ရောက်လာပြီး အချိန်အတော်ကြာတဲ့ထိ နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောဖြစ်ဘဲ ကော်ဖီကိုသာ ငုံ့သောက်နေခဲ့ကြတယ်။ ခဏနေတော့ ဖေဖေ့ထံမှ စကားသံစတင်ထွက်ပေါ်လာခဲ့တယ်။ “မင်းအနေနဲ့ ငါ့ဆီက ဘာကိုမျှော်လင့်ထားတာလဲ”တဲ့။ ဘယ်လိုမှ ထင်မှတ်မထားတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတဲ့အတွက် ရုတ်တရက် အရမ်းတုန်လှုပ်သွားတယ်။ ကျွန်တော့်အဖေဘယ်မှာလဲလို့မေးတဲ့နေ့တုန်းက မေမေနဲ့ မာမီတို့တုန်လှုပ်သွားသလိုမျိုးပေါ့။ ဟေ့ကောင်လုံးဝ မျက်ရည်မကျနဲ့ ကိုယ့်ကိုယ်အားပေးရင်း “ဘာမှ မမျှော်လင့်ထားပါဘူး။ ကျွန်တော့်ဘဝမှာ အဖေရှိနေတယ်ဆိုတာ သိချင်ရုံမြင်ဖူးချင်ရုံသက်သက်ပါ။ ခုတော့ သိသွားပါပြီ။ ကျွန်တော့်အတွက် အဖေဆိုတာ အခကြေးငွေတစ်စုံတစ်ရာယူပြီး sperm ရောင်းစားခဲ့တဲ့ sperm donor ဆိုတဲ့ အဓိပ္ပာယ်ထက်မပိုဘူးဆိုတာဘဲ။ ကျွန်တော့်ကိုခွင့်ပြုပါအုန်း။”“နေအုန်း”ကျွန်တော် ထအထွက် ရုတ်တရက် အနောက်ကနေ ဖေဖေရဲ့ခေါ်သံကို ကြားခဲ့ရတယ်။

 

“ဒီမှာ ဒါဦးရဲ့လိပ်စာကဒ်။ အကူအညီလိုရင်အချိန်မရွေးဆက်သွယ်လိုက်ပါ။ ဦးကူညီနိုင်တဲ့ အခက်အခဲမျိုးဆိုရင်ပေါ့”စိတ်ထဲမှာ စဉ်းစားလိုက် တယ်။ ဦးတဲ့လား။ ကောင်းပြီလေ။ ခင်ဗျားက အဲ့လိုခေါ်စေချင်မှတော့လည်း “ကျေးဇူးပါဦး။” လမ်းပေါ်ရောက်တာနဲ့တပြိုင်တည်း အဲ့ဒီ လိပ်စာကဒ်ကို အစိတ်စိတ်မြွှာမြွာစုုတ်ဖြဲပစ်လိုက်တယ်။ ၁၈နှစ်လုံးလုံးမက်ခဲ့တဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ တောင့်တခဲ့တဲ့ မေတ္တာတွေ အဖေနဲ့ ပတ်သက်သမျှ အရာအားလုံးဟာ နာရီပိုင်းအတွင်းမှာဘဲ နိဂုံးချုပ်သွားခဲ့ပြီ။ ဟုတ်တယ်။ မေမေနဲ့ မာမီတို့ပြောသလိုဘဲ ငါ့ဘဝဟာ အဖေမရှိဘဲ ဖြစ်တည်လာတာ။ ငါလိုချင်တောင့်တခဲ့တဲ့ အဖေဆိုတာ။ ငါမျှော်လင့်ခဲ့တဲ အဖေဆိုတာ ဘယ်တုန်းကမှ။ ဘယ်သောခါမှ။ ယခုလည်း------------------။

 

Dr. Kyaw Zin (UM Magway)

June 18, 2011

— with Ying Kyal.








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar