Print

ဦးနှောက်အကြောတက်ရောဂါ

  30-Apr-2017
Preview Image

အကြောတက်ရောဂါက ခန္ဓာကိုယ်ပေါ်မှာ နာတဲ့၊ ကိုက်တဲ့ နေရာတွေများပြီး တကယ်ရောင်တဲ့ အဆစ်တော့ မရှိပါဘူး။ အဓိကလက္ခဏာတွေက လည်ပင်း၊ ပခုံး၊ လက်ပြင်၊ ကျော၊ ပေါင်၊ ခြေသလုံး စတဲ့ နေရာတွေမှာ နာနေတာ၊ အနည်းဆုံး ၃ လကျော် ကြာရပါမယ်။ လက်မနဲ့နှိပ်ကြည့်ရင် နာတဲ့နေရာ (Tender Point) ၅ နေရာထက် ပိုရှိပါသည်။ ဓာတ်ခွဲခန်းမှာ သွေးစစ်ကြည့်ရင်လည်း ရောင်ရမ်းမှုကိုပြတဲ့ သွေးပျစ်နှုန်း (ESR, CRP) နဲ့ လေးဖက်နာဓာတ် (RF, ANA) စတာတွေ မရှိရပါဘူး။ တွဲဖက်လက္ခဏာတွေကတော့ အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ အစာစားရင် ရင်ဝမှာ တစ်ဆို့ဆို့ ခံနေသလိုမျိုးဖြစ်တာ၊ အစာဝင်ရင် ဝမ်းသွားချင်သလိုဖြစ်ပြီး အိမ်သာရှာရတာ၊ ခြေထောက်တွေ ရောင်တယ်၊ ထုံတယ်လို့ 

ထင်ရတာ၊ တင်းတဲ့နေရာကို လက်နဲ့ဖိလိုက်ရင် “ဂေ့” ဆိုပြီး လေချဉ်တက်တာတွေ ဖြစ်တတ်ပါတယ်။ အဓိကလက္ခဏာ ၃ ခုနဲ့ တွဲဖက်လက္ခဏာ ၃ ခုရှိရင် အကြောတက် ရောဂါလို့ သတ်မှတ်လို့ရပါတယ်။ 


   သူ့ရဲ့ အဓိကပြဿနာက အိပ်ရေးမဝတာက စပါတယ်။ အလုပ်များလွန်းလို့ တစ်နေ့ ၆ နာရီပြည့်အောင် မအိပ်ရသေးဘူးဆိုရင် ခန္ဓာကိုယ်က ကောင်းကောင်းအနားမရတော့ပါဘူး။ တချို့ကျတော့လည်း အိပ်တော့ပျော်သွားပါတယ်၊ မသိစိတ်က အိပ်မက်ထဲမှာ အလုပ်လုပ်နေတတ်ပါတယ်။ ဒီတော့ ကြွက်သားနဲ့ အရိုးဆက်တဲ့နေရာတွေက ညမှာ ပျော့ကျအနားရမသွားဘဲ တောက်လျှောက်အလုပ်လုပ်နေပြီး မနက်ကျတော့ တစ်ကိုယ်လုံး ကိုက်ခဲတောင့်တင်းနေပါတယ်။ ကားအကြာကြီးမောင်းပြီးရင် ခြေသလုံးတွေ၊ လက်မောင်းတွေ လက်အံသေပြီး ကိုက်သလိုပါပဲ။ ခန္ဓာကိုယ်ကြွက်သားတွေက တစ်ညလုံးတောင့်ထားတော့ မနက်ဆိုရင် အူတွေကပါ အစာမကြေသလို၊ အောင့်သလို၊ လေချဉ်တက်သလိုဖြစ်လာတာပါ။


  ဒါကြောင့် ကုသတဲ့အခါ အိပ်စက်မှုနာရီကို ညှိပေးတဲ့ဆေးတွေ ပေးရပါတယ်။ သူတို့ကို သွေးစစ်၊ ဓာတ်မှန်ရိုက်လို့ ဘာမှမတွေ့လို့ ဘာရောဂါမှ မရှိဘူးလို့ပြောရင် ကျေနပ်ကြမှာမဟုတ်ပါဘူး။ ရောဂါကရှိပါတယ်။ အိပ်စက်မှုနာရီမမှန်တဲ့ ရောဂါပါ။ သွေးထဲမှာ စစ်ကြည့်လို့ မပေါ်တာပါ။ ရောဂါမရှိဘူး ခံငြင်းရင်၊ ရောဂါရှိတယ်လို့ပြောပြီး ကုပေးမယ့် နောက်ဆရာဝန်တစ်ယောက်ဆီ ပြောင်းပြကြမှာပါပဲ။ တစ်ဖက်ကလည်း ကုသတဲ့အခါမှာ စိတ်ပူမှုကို လျော့ကျအောင် သတိမူမိအောင် ပြောပြရပါတယ်။ လက်သီးဆုပ်ကို အားနဲ့ဆုပ်ခိုင်းထားပြီး ၂ မိနစ်၊ ၃ မိနစ်မှာ ညောင်းကိုက်လာတဲ့အခါမှ တဖြည်းဖြည်း ပြန်ဖြည်လိုက်ရင်အကြောတွေပြေလျော့သွားပြီး အရမ်းနေလို့ ကောင်းသွားတာကို လက်တွေ့လုပ်ကြည့် နိုင်ပါတယ်။ 


  အဲဒီအခါမှာ စိတ်တင်းလို့ ကြွက်သားတင်း၊ ပြီးရင် နာလာ၊ သတိထားဖြေလျှော့လိုက်ရင် တင်းတာတွေ ပျောက်၊ ကိုက်တာတွေ ပျောက်တာတို့ လက်တွေ့သတိထားမိ၊ ဖြေလျှော့

တတ်လာပြီး ဇက်၊ ပခုံး၊ လက်ပြင်က ကြွက်သားတွေကိုလည်း တင်းကြည့်၊ လျှော့ကြည့် လုပ်တတ်လာရင် ဘာဆေးမှမလိုဘဲတောင် ရောဂါပျောက်သွားနိုင်ပါတယ်။ ညအိပ်ရာဝင်တဲ့

အခါမှာလည်း နောက်နေ့အတွက် ဘာမှမတွေးဘဲ အကြောတွေလျော့အောင် လုပ်မယ်ဆိုတဲ့၊ နောက်နေ့အတွက် အပြည့်အနားယူမယ်ဆိုတဲ့စိတ်နဲ့ အိပ်ဖို့ ကြိုးစားကြည့်ရပါမယ်။

 

 ခေါင်းအုံးပါးပါးတစ်လုံးနဲ့ ပက်လက်အိပ်၊ လက်နှစ်ဖက်ကိုပါ အိပ်ရာပေါ်မှာ ဖြန့်ချထားပြီး လည်ပင်းရိုးတစ်လျှောက်၊ ကျောရိုးတစ်လျှောက်က ကြွက်သားပါ လက်ဖျံကကြွက်သားတွေ၊ ပေါင်နှင့် ခြေသလုံးကြွက်သားတွေကို အာရုံပြုကြည့်လိုက်၊ လျှော့ချကြည့်လိုက်ရင် တော်တော်နေလို့ ကောင်းသွားပါလိမ့်မယ်။ ဒီအခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး မနက်လင်းရင် အားအင်အပြည့်နဲ့ လန်းဆန်းနေတာ ကြုံရပါလိမ့်မယ်။ ဒီနည်းကိုသာ ညစဉ် ထိထိရောက်ရောက် ကျင့်သုံးမယ်ဆိုရင် နေ့ခင်းမှာ နုံးချည့်နေတာ၊ ခေါင်းကိုက်တာ ၊ တစ်ကိုယ်လုံးကိုက်တာတွေ တဖြည်းဖြည်း လျော့သွားမှာပါပဲ။


Credit  :  ပါမောက္ခဦးချစ်စိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18