Print

လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း Jadelle အကြောင်း

  30-Nov-2017
Preview Image

Jadelle ဆိုတာ ဘာလဲ

Jadelle ဆိုတာ သန္ဓေတားနိုင်အောင် လက်မောင်းအရေပြားအောက်ကိုထည့်တဲ့ သန္ဓေတားပစ္စည်းလေးပဲဖြစ်တယ်။ Jadelle မှာ လက်မောင်းအောက်ကိုထည့်ရတဲ့ မီးခြစ်ဆံလောက်တုတ်ချောင်းလို ပစ္စည်းသေးသေးလေး ၂ ခုပါတယ်။ ထည့်ပြီးရင်လည်း ထည့်ထားမှန်းမသိသာဘူး။ ပြီးရင်လည်း အလုပ်မရှုပ်ပဲ မေ့ထားနိုင်တဲ့ “fit and forget’’ သားဆက်ခြားနည်းလမ်းလည်းဖြစ်တယ်။


ကိုယ်ဝန်တားနိုင်စွမ်းဘယ်လောက်ရှိလဲ၊ ဘယ်လောက်ထိတားနိုင်လဲ

Jadelle ဟာ ၉၉ ရာခိုင်နှုန်းကျော်လောက်ထိကို ကိုယ်ဝန်တားနိုင်စွမ်းရှိပါတယ်။ ထည့်ထားပြီးပြီဆို ၅ နှစ်အထိ ကိုယ်ဝန်တားနိုင်ပါတယ်။


Jadelle ကိုဘယ်လိုထည့်ရမလဲ

နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာထည့်လို့ရပါတယ်။ ကိုယ့်ရဲ့ မသန်တဲ့လက်၊ အသုံးပြုတာနည်းတဲ့လက်ရဲ့ လက်မောင်းအတွင်းဘက်ပိုင်းမှာ ထည့်တာဖြစ်တယ်။ လက်မောင်းကို ဆေးကြော၊ ထုံဆေးပေးပြီး လက်မောင်းအရေပြားနေရာသေးသေးလေးကို Jadelle ထည့်ရာမှာသုံးတဲ့ပစ္စည်းလေးနဲ့ ခွဲပြီး ထည့်ပေးတာဖြစ်တယ်။ ထည့်လိုက်တဲ့နေရာကသေးတာကြောင့် ပြန်ချုပ်စရာတောင်မလိုပါဘူး။ ပလာစတာလေးကပ်ပေးပြီး ရက်နည်းနည်းကြာရင် အနာကျက်သွားမှာဖြစ်တယ်။ အနာကိုတော့ သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါလိမ့်မယ်။


ဘယ်အချိန်ကစပြီး အာနိသင်ရမလဲ

ကိုယ့်ဓမ္မတာစလာတဲ့ရက်က စ ပြီး ၅ရက်အတွင်းထည့်တယ်ဆိုရင် အာနိသင် စ ရပြီဖြစ်တယ်။ ဓမ္မတာစ လာတာနဲ့ ပစ္စည်းထည့်တယ်ဆို အာနိသင်ချက်ချင်းရမယ်။ အမျိုးသားနဲ့ စိတ်ချလက်ချ အတူနေလို့ရမယ်။ အဲ့ ၅ ရက်ကျော်မှထည့်တယ်ဆိုရင်တော့ အမျိုးသားနဲ့တစ်ပတ်အတူနေလို့မရဘူး၊ နေမယ်ဆိုလည်း အကာအကွယ် (Condoms) သုံးမှရမယ်။ ၁ ပတ်ကျော်မှ ကိုယ်ဝန်တားအာနိသင်ရပြီး စိတ်ချရမှာဖြစ်တယ်။


ဘာကောင်းကျိုး၊ ဆိုးကျိုးတွေရှိမလဲ

ကောင်းကျိုးတွေကတော့

- ကိုယ်ဝန်တားနိုင်စွမ်းအမြင့်ဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်။

- ၅ နှစ်အထိ သားဆက်ခြားခြင်းနဲ့ပတ်သက်ပြီး ဘာမှစိတ်ပူစရာမရှိဘူး။ 

- နို့တိုက်မိခင်တွေအတွက်လည်း အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းလမ်းဖြစ်တယ်။ 

ဆိုးကျိုးတွေကော ဘာတွေရှိမလဲ။ 

- ဆေးရုံ၊ ဆေးခန်းတော့ သွားထည့်မှာဖြစ်တဲ့အတွက် ထည့်ဖို့ရော၊ ပစ္စည်းပြန်ထုတ်ဖို့ရောဆို အချိန်ပေးဖို့၊ဆေးရုံကိုသွားရဖို့တော့ လိုအပ်လိမ့်မယ်။

- ၃ လခံဆေးနဲ့အလားတူဖြစ်တဲ့အတွက် ရာသီမမှန်တာ၊ ထိန်တာ၊ ရာသီဆက်တိုက်ဆင်းတာ၊ ကြားရက်တွေ ရာသီသွေးပေါ်တာဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပထမ ၆ လအတွင်း ဒီလိုဖြစ်တာတွေ ပျောက်ကင်းသွားတတ်ပါတယ်။ 

- ခေါင်းမူးခေါင်းကိုက်၊ ပျို့တာ၊အန်တာ၊ ၀က်ခြံထွက်တာ၊ ရင်သားနာကျဉ်တာ၊ ၀လာတာမျိုးတွေလည်းရှိတတ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေက ဖြစ်နိုင်ချေအလွန်နည်းပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်လည်း မတူတဲ့ အပြင် အသက်အန္တရာယ်လည်းမရှိတဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။


ဘယ်သူတွေအတွက် မသင့်တော်တာလဲ

အမျိုးသမီးအများစု အသုံးပြုလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်။ မသုံးသင့်တဲ့လူတွေကတော့ -

- လက်ရှိ ကိုယ်ဝန်ရှိနိုင်ချေရှိတဲ့သူတွေ

- အသည်းရောဂါရှိသူတွေ

- လက်ရှိ သို့မဟုတ် လွန်ခဲ့တဲ့ငါးနှစ်အတွင်း ရင်သားကင်ဆာဖြစ်ဖူးသူတွေ

- သွေးပြန်ကြောသွေးခဲရောဂါ၊ ခြေထောက်တွင်း သွေးပြန်ကြောသွေးခဲရောဂါရှိသူတွေ

- လေဖြတ်ဖူးသူတွေ

- အကြောင်းမဲ့ မိန်းမကိုယ်မှ သွေးဆင်းနေတဲ့သူတွေ စသဖြင့် အဲလို အမျိုးသမီးတွေအတွက်တော့ မသင့်တော်ပါဘူး။


ကလေးပြန်ရချင်လျှင်

ကလေးပြန်ရချင်လို့ Jadelle ကိုထုတ်မယ်ဆိုရင်လည်း ထုတ်ပြီးတာနဲ့ ကလေးချက်ချင်း ပြန်ရနိုင်ပါတယ်။ ဓမ္မတာပြန်လာတဲ့အချိန်ပေါ်မူတည်ပြီး ၁လမှ ၃ လထိတော့ကြာတတ်ပါတယ်။ ၅ နှစ်အတွင်း ဘယ်အချိန်မဆို ကလေးလိုချင်တာနဲ့ Jadelle ကိုထုတ်လို့ရပါတယ်။


Jadelle က လက်မောင်းအပြင် တစ်ခြားနေရာတွေဆီ ရွှေ့သွား၊ ရောက်တယ်ဆိုတာ ဟုတ်ပါသလား

မဟုတ်ပါဘူး။ Jadelle က ဆရာဝန်ထည့်ပေးလိုက်တဲ့နေရာမှာပဲ ရှိနေတာပါ။ နေရာရွှေ့သွားခြင်း မရှိတတ်ပါဘူး။


သတိထားသင့်တာတွေက

အတက်ရောဂါရှိလို့ အတက်ကျဆေး၊စိတ်ငြိမ်ဆေး (phenytoin, carbamazepine) အစရှိတဲ့ဆေးတွေ သောက်နေတဲ့သူတွေ၊ တီဘီရောဂါနဲ့ ဦးနှောက်အမှေးပါးရောင်ယမ်းရောဂါ (Meningitis) မှာ သုံးတတ်တဲ့ Rifampicin ခေါ်ဆေးမျိုးသောက်နေတဲ့သူတွေဆိုရင်တော့ Jadelle ရဲ့ အာနိသင် ကျဆင်းနိုင် ပါတယ်။ ဆေးသောက်နေစဉ် Jadelle ထည့်တာမျိုးရှောင်ကြဉ်ပြီး Jadelle ထည့်ထားစဉ် ဆေးသောက်ရတာမျိုးနဲ့ ကြုံလာရင်လည်း အကာအကွယ်သုံးပြီး သားဆက်ခြားတာမျိုး၊ တစ်ခြား သားဆက်ခြားနည်း ပြောင်းတာမျိုးတွေ လုပ်သင့်ပါတယ်။


Jadelle လက်မောင်းတွင်းထည့်ပစ္စည်းဟာ သန္ဓေတားနိုင်စွမ်းအမြင့်ဆုံးနည်းလမ်းများထဲက တစ်ခုဖြစ်တဲ့အပြင် သောက်ဆေး၊ ထိုးဆေးများလို ရက်လွန်မှာ၊ မေ့လျော့စရာမလိုတဲ့ ထည့်ပြီးရင် ၅ နှစ်အထိ အသုံးပြုနိုင်တဲ့ အဆင်ပြေသောသားဆက်ခြားနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။


Credit : ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18