Print

သင့်ကလေး ဉာဏ်ရည်ထက်မြက်စေဖို့ အစားအစာများ

  27-Sep-2018
Preview Image

သင့်ကလေး ကျောင်းတက်နေပြီလား။ ကျောင်းမှာ စာတွေလိုက်နိုင်ဖို့၊ စာတွေတော်နိုင်ဖို့ဆို စာကျက်နေရုံနဲ့မပြီးဘူးနော်။ ကိုယ့်ရဲ့ ပြုစုပျိုးထောင်မှုအပြင် သူစားတဲ့အစားအစာတွေကပါ သူ့ ဦးနှောက်လေးဖွံ့ဖြိုးပြီး မှတ်ဉာဏ်တွေကောင်းစေမယ်ဆို ပိုပြီး အထောက်အကူပြုနိုင်တာပေါ့။ ကျက်တဲ့စာတွေ ပိုမှတ်မိနိုင်တာပေါ့။ ကလေးငယ်ငယ်တည်းက အောက်ပါအစားအစာတွေ ကျွေးပေးမယ်ဆို သင့်ကလေးဟာ ဉာဏ်ရည်ထက်မြက်သွက်လက်ပြီး အတန်းထဲမှာ စာအရမ်းတော်တဲ့ကလေးဖြစ်နေမှာ အသေအချာပါပဲ။


(၁) ဆော်လ်မွန်ငါး

ဆော်လ်မွန်ငါးဟာ Omega 3 fatty acids အဆီဓါတ်တွေကြွယ်ဝပါတယ်။ Omega 3 fatty acids ဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုတွေ၊ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်အောင် အထောက်အကူပြုတဲ့အတွက် ပုံမှန်စားသုုံးမယ်ဆို ဉာဏ်ရည်ထက်မြက်တဲ့ကလေးဖြစ်လာမှာပါ။ ဒါပေမယ့် ဒီနိုင်ငံမှာ ဆော်လ်မွန်ငါးကို ပုံမှန်စားသုံးဖို့ အဆင်မပြေရင် ငါးကြီးဆီဆိုတဲ့ ဆေးဝါးကို တစ်နေ့တစ်လုံးပုံမှန်တိုက်ပေးခြင်းဖြင့်လည်း လိုအပ်သော Omega 3 fatty acids ကိုရရှိစေနိုင်ပါတယ်။ ငါးတော်တော်များများမှာလည်း Omega 3 ဓါတ်ပါဝင်တဲ့အတွက် ကလေးပုံမှန်အစားအစာမှာ ငါးကို ထည့်သွင်းပေးပါ။


(၂) ဥ အမျိုးမျိုး

ဥ အမျိုးမျိုးဟာ ပရိုတင်းဓါတ်ကြွယ်ဝပါတယ်။ ဥရဲ့ အနှစ်မှာဆို Choline (ကိုလင်း) လို့ခေါ်တဲ့ ဓါတ်ပါဝင်ပြီး မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို အကူအညီပေးပါတယ်။ အဲဒါကြောင့် ကျောင်းမသွားခင် ကလေးရဲ့ မနက်စာမှာ ကြက်ဥဖြစ်ဖြစ် ပါဝင်စေပြီး တစ်ပတ်တစ်ခါလောက် ညစာမှာ ဥအမျိုးမျိုး(ကြက်ဥကြော်၊ ငုံးဥပြုတ်) ပြင်ဆင်ကျွေးမွေးပေးပါ။


(၃) မြေပဲနဲ့ မြေပဲယို

မြေပဲနဲ့ မြေပဲယို (Peanut Butter) မှာ ဗီတာမင် အီး ပါဝင်ပါတယ်။ ဗီတာမင် အီး ဟာ ဦးနှောက်နဲ့ အာရုံကြောတွေမှာ ဓါတ်တိုးပြီးပျက်စီးစေမှုအန္တရာယ်ကို ကာကွယ်ပေးတဲ့အတွက် ဦးနှောက်လေးဖွံ့ဖြိုးဖို့အတွက် အလွန်အထောက်အကူပေးမှာဖြစ်ပါတယ်။


(၄) အစေ့အစံစားပါ

ဒီမှာဆိုရင် အစေ့အစံအနေနဲ့ ဆန်နဲ့ ပြောင်းကို အဓိက စားသုံးပေးရမှာပါ။ ဆန်ဆိုလည်း ဆန်အညို (brown rice) ကိုစားသုံးပေးပြီး ပြောင်းဆို ပြောင်းဖူးပြုတ်ကို စားသုံးပေးရင် ရပါတယ်။ ဒီ့အပြင် ပေါင်မုန့်အညို၊ ဂျုံနဲ့ပြုလုပ်ထားတဲ့ အစားအစာ အစရှိသဖြင့် စားသုံးပေးရပါမယ်။


(၅) ကွေကာအုပ်

အားလုံး သိကြတဲ့အတိုင်းပါပဲ။ ကွေကာအုပ်ဟာဆိုရင် အာဟာရပြည့်ဝပြီး အားရှိစေတဲ့ဓါတ်တွေအပြင် ဦးနှောက်ကိုပါ ကျန်းမာစေပါတယ်။ ကွေကာအုပ်မှာပါဝင်တဲ့ ဗီတာမင် အီး၊ ဗီတာမင် ဘီ၊ ပိုတက်စီယမ်နဲ့ ဇင့် ဓါတ်တွေဟာ ဦးနှောက်အတွက်သာမက ခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေအတွက်ပါ အထောက်အကူပြုတဲ့တွက် မနက်တိုင်း မနက်တိုင်းမှာ ကလေးကို ကွေကာအုပ်ပူပူလေး တစ်ခွက်လောက် တိုက်ပေးသင့်ပါတယ်။


(၆) ဘယ်ရီသီးများ

ဒီအရသာရှိတဲ့ ဘယ်ရီသီးတွေဟာလည်း ကလေးရဲ့ ဉာဏ်ရည်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် စတော်ဘယ်ရီသီး၊ စပျစ်သီးနဲ့ ဘယ်ရီသီးအနွယ်ဝင်အသီးများကို ပုံမှန်စားသုံးပေးပါ။

(၇) ဟင်းသီးဟင်းရွက်ရောင်စုံ

ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ အာလူး၊ ဖရုုံသီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် အစရှိတဲ့ အရောင်စုံလင်တဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေတဲ့ ဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ အစားအစာတွေမှာ ဟင်းသီးဟင်းရွက်တစ်ခုခုကို အမြဲထည့်သွင်းပြီး ကျွေးမွေးပေးပါ။ သွားရည်စာမှာဆိုလည်း ကန်စွန်းဥပြုတ်ပေးတာ၊ အာလူးပြုတ်ပေးတာကလည်း ပိုပြီးအဆင်ပြေမှာပါ။


(၈) ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ ဗီတာမင်ဓါတ်တွေ၊ သတ္တုဓါတ်တွေ များစွာပါဝင်တဲ့အပြင် ပဲကြီးလှော်၊ ပဲလိပ်ပြာ အစရှိတဲ့ပဲတွေမှာ Omega 3 fatty acids တွေပါ ပါဝင်ပါတယ်။ ဒါကြောင့် အာဟာရဓါတ်တွေအပြည့်ရှိတဲ့အတွက် ပဲအမျိုးမျိုးကို ကျွေးမွေးပေးမယ်ဆို ကလေးဟာ ဉာဏ်ရည်ထက်မြက်တဲ့ကလေး ဖြစ်လာမှာပါ။


(၉) နို့နဲ့ ဒိန်ချဉ်

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိိုတင်းဓါတ်နဲ့ ဗီတာမင် ဘီဓါတ်တွေများစွာပါဝင်ပါတယ်။ အဲဒီအပြင် ဗီတာမင် ဒီ ဓါတ်လည်းပါဝင်တဲ့အတွက် ကလေးရဲ့ မနက်စာမှာ အဆီနည်းသော နို့ကို ထည့်သွင်းပေးရပါမယ်။ သွားရည်စာအနေနဲ့ အဆီပါဝင်မှုနည်းသော ဒိန်ချဉ်ကို ဘယ်ရီသီးလေး ထည့်ပေးပြီးစားသုံးပေးမယ်ဆို ကလေးလည်းကြိုက်နှစ်သက်ပြီး ဦးနှောက်အတွက်လည်း အထောက်အကူပေးပါတယ်။


(၁၀) အဆီထုတ်ထားသော အမဲသား(သို့မဟုတ် တစ်ခြားအသား)

သံဓါတ်ဟာ ကလေးကို စွမ်းရည်ပြည့်ဝစေပြီး အာရုံစူးစိုက်မှုကိုကောင်းမွန်စေတဲ့ သတ္တုဓါတ်ဖြစ်ပါတယ်။ အနီရောင်အသားဖြစ်သော အမဲသားမှာဆို သံဓါတ်ကြွယ်ဝပြီး ဇင့်ဓါတ်လည်းပါဝင်တဲ့အတွက် မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။ အမဲသားရှောင်သူနဲ့ သတ်သတ်လွတ်စားတဲ့သူတွေမှာဆိုရင်တော့ ပဲအနက်ရောင်(ပဲပုပ်)နဲ့ ပဲပုပ်ဆော့ (Soy sauce)နဲ့ ပဲအမျိုးမျိုးကို ဗီတာမင်စီပါဝင်သော ခရမ်းချဉ်သီး၊ လိမ္မော်သီးဖျော်ရည်၊ စတော်ဘယ်ရီ သို့မဟုတ် သံပုရာဖျော်ရည်နဲ့တွဲဖက်စားသုံးပေးရပါမယ်။ အစိမ်းရင့်ရောင်အရွက်ဖြစ်သော ဟင်းနုနွယ်ရွက်ဟာလည်း သံဓါတ်ကြွယ်ဝသော ဟင်းရွက်ဖြစ်ပါတယ်။ သံဓါတ်ကို ခန္ဓာကိုယ်မှာ စုပ်ယူနိုင်ရန် ဗီတာမင်စီပါဝင်သော ဟင်းသီးဟင်းရွက်နဲ့တွဲဖက်စားသုံးရပါမယ်။


Credit: 
ဒေါက်တာကောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18