Print

ဗိုက်ခွဲမွေးပြီး အချိန်ဘယ်လောက်အကြာမှ လေ့ကျင့်ခန်း စလုပ်လို့ရပြီလဲ

  26-Nov-2018
Preview Image


ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် မီးဖွားပြီးချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင်တော့ အခြေအနေတွေကို တွက်ဆရပါမယ်။ သာမန်အားဖြင့် မီးဖွားအပြီး ခြောက်ပတ်အကြာ ဆရာဝန်နဲ့ ပြန်ပြပြီးမှ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပြန်လုပ်သင့်မလုပ်သင့်ကို ဆရာဝန်က ဆုံးဖြတ်ပေးမှာပါ။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်း လေ့ကျင့်ခန်းတွေကို မပျက်ဘဲ တောက်လျှောက်လုပ်လာခဲ့တယ်။ ရိုးရိုးလည်း မွေးတယ်ဆိုရင် မီးဖွားပြီး ရက်ပိုင်းအတွင်းမှာ လေ့ကျင့်ခန်းပြန်လုပ်လို့ ရပေမယ့် ခွဲမွေးထားရင်တော့ ဒါဏ်ရာကျက်ဖို့ကို ဗိုက်ခွဲမွေးအပြီး ရက်သတ္တပတ် ခြောက်ပတ်ကနေ ရှစ်ပတ်လောက် အနဲဆုံးစောင့်သင့်ပါတယ်။ 


ဒါပေမယ် ဒီကြားထဲမှာတော့  ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်တာမျိုးကိုတော့ လုပ်ပေးသင့်ပါတယ်။ ဒီလို လျှောက်ပေးခြင်းအားဖြင့် အနာကျက်တာကို မြန်စေတဲ့အပြင် သွေးခဲခြင်းအပါအဝင် အခြားသော ဘေးထွက်ပြဿနာတွေကိုလည်း လျော့နည်းစေပါတယ်။ ကလေးမွေးပြီး လပိုင်းအတွင်းမှာတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်းတွေကို ဗိုက်ခွဲမွေးပြီး လအတော်ကြာတဲ့အထိ မလုပ်သင့်ပါဘူး။


လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကလေးနို့တိုက်တာကို အနှောင့်အယှက်ဖြစ်နိုင်သလား။

သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်နေသရွေ့ ဗိုက်ခွဲမွေးအပြီး လေ့ကျင့်ခန်းလုပ်ခြင်းဟာ နို့ရည်ပမာဏနဲ့ အရည်အသွေးကို အနှောင့်အယှက်ပြုခြင်း မရှိပါဘူး။ ဒါပေမယ့် ရင်သားတွေကို နာကျင်စေ၊ ထိခိုက်စေမယ့် လေ့ကျင့်ခန်းမျိုးကိုတော့ ရှောင်ပေါ့။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝတ်တဲ့အတွင်းခံ bra (sport bra) ကို ဝတ်ဆင်ရင် အကောင်းဆုံးဖြစ်သလို လေ့ကျင့်ခန်း မလုပ်ခင်မှာ ကလေးနို့တိုက်ထားခြင်းအားဖြင့် ရင်သားအတွင်း နို့တွေပြည့်လျှံနေမှာကို ကာကွယ်ထားနိုင်ပါတယ်။


ဖြစ်သင့်တာထက် အချိန်စောပြီး လေ့ကျင့်ခန်းစလုပ်မိကြောင်း ပြသနေတဲ့ လက္ခဏာတွေကဘာလဲ။

အောက်ပါအချက်တွေ ဖြစ်ပေါ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

- မိန်းမကိုယ်ကနေ သွေးပိုဆင်းလာတာ။

-သွေးဆင်းတာ ရပ်သွားပြီးမှ တခါပြန်ဆင်းလာတာ။

-လေ့ကျင့်ခန်းလုပ်ရင်းနဲ့ နာကျင်လာတာ (ခွဲထားတဲ့ နေရာကပဲဖြစ်ဖြစ်၊တခြား အရိုး၊အဆစ်၊ကြွက်သား ဘယ်နေရာကပဲဖြစ်ဖြစ်ပေါ့)။

-ခွဲထားတဲ့နေရာတဝိုက်မှာ ဆွဲဖြဲခံလိုက်ရသလို စူးခနဲ နာသွားတာ။

အောက်ပါအချက်တွေ ဖြစ်ပေါ်လာရင် လေ့ကျင့်ခန်းလုပ်တာကို ခေတ္တရပ်ထားသင့်ပါတယ်။

-လေ့ကျင့်ခန်းလုပ်လို့ ပိုပြီးတက်တက်ကြွကြွလန်းလန်းဆန်းဆန်း ဖြစ်လာရမယ့်အစား နုံးခွေအားလျော့သွားတာ။

-လေ့ကျင့်ခန်းလုပ်ပြီးလို့ အချိန်တော်တော်ကြာချိန်ထိ ကြွက်သားတွေ ထူးထူးခြားခြားကြီး နာနေတာ။ပုံမှန်လှုပ်ရှားသွားလာမှုတွေကိုတောင် လုပ်လို့ အဆင်မပြေတာ။

-မနက်အိပ်ယာထချိန်မှာ နှလုံးခုန်နှုန်း (ပုံမှန်ထက်) ပိုမြန်နေတာ။


အချုပ်ပြန်ပြောရမယ်ဆိုရင်တော့ ဗိုက်ခွဲမွေးအပြီး ရက်သတ္တပတ် ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို စလုပ်နိုင်မှာဖြစ်ပြီး ဆရာဝန်ရဲ့ အတည်ပြုချက်ကို ဦးဆုံးရယူရပါမယ်။

လေ့ကျင့်ခန်းစလုပ်တဲ့အခါ ဝမ်းဗိုက်ကြွက်သားတွေကို အဓိကသုံးရတဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ အိပ်ထမတင်လုပ်တာ၊တံတောင်ထောက်ပြီး ဒိုက်ထိုးတာ အစရှိသဖြင့်)ကို ရှောင်ကျဉ်ရမှာဖြစ်ပြီး အပျော့စားလေ့ကျင့်ခန်းတွေကို စ,လုပ်ရမှာ ဖြစ်ပါတယ်။ဒီလို လုပ်နေရင်းနဲ့ ခွဲထားတဲ့ ဒါဏ်ရာတဝိုက်က နာကျင်လာရင် ချက်ချင်းရပ်ပစ်ပါ။

ဗိုက်ခွဲမွေးအပြီး လေးလကနေ ခြောက်လလောက်ကြာချိန်မှာတော့ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ဆိုင်တဲ့လေ့ကျင့်ခန်းတွေကို စလုပ်နိုင်ပါပြီ။ အဓိက အရေးကြီးဆုံးအချက်ကတော့ ဗိုက်ပြန်ချပ်ချင်ဇောနဲ့ အလောတကြီး ခပ်စောစော မစမိဖို့နဲ့ လေ့ကျင့်ခန်း အပြင်းစားတွေကို မလုပ်မိဖို့ပဲ ဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။


Credit: Thi ha



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18