Print

အယ်လ်ဇိုင်းမားရောဂါအဆင့်များ

  20-Sep-2018
Preview Image

အသက်ကြီးသူတွေ တွေ့ကြံရ၊ ခံစားရတတ်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါဟာ အာရုံကြောအဖွဲ့အစည်း ယိုယွင်းပျက်စီးလာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆေးပညာတွေဘယ်လောက်ပဲ တိုးတက်လာတယ်ပြောပြော အခုထိတော့ ဒီအယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင် ကုသတဲ့ နည်းလမ်းမပေါ်သေးပါဘူး။ ဝေဒနာခံစားနေရတဲ့ လူနာကို သက်သာအောင် အတိုင်းအတာတစ်ခုထိ လုပ်ပေးလို့သာရနိုင်ပါသေးတယ်။ အခုအောက်မှာ ဖော်ပြသွားမှာက အယ်လ်ဇိုင်းမားရောဂါ ဖြစ်လာပုံအဆင့်တွေနဲ့ အဆင့်တိုင်းမှာ ဝေဒနာခံစားရသူကို ဘယ်လိုပြုစုရမလဲဆိုတာတွေ ပဲဖြစ်ပါတယ်။ 


အဆင့် ၁ 

အယ်လ်ဇိုင်းမားရောဂါရဲ့ ဟိုးအစောပိုင်းအဆင့်က ဘာလက္ခဏာမှ သိသာစွာမပြသေးပါဘူး။ PET scan လို့ခေါ်တဲ့ ဦးနှောက်အလုပ်လုပ်ပုံကို စစ်ဆေးတဲ့ နည်းနဲ့ စစ်ဆေးမှသာ လူနာမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နေမနေမှန်းဆနိုင်မှာပဲ ဖြစ်တယ်။ ဒီအဆင့်မှာ လူနာက အပြင်ပန်းကြည့်လိုက်ရင် ပုံမှန်လူတစ်ယောက်လိုပါပဲ။


အဆင့် ၂ 

အဆင့် ၁ ထပ်နည်းနည်းလေးပိုဆိုးလာတဲ့ အဆင့်ဖြစ်ပါတယ်။ စကားပြောနေရင်း ပြောတဲ့စကားကို တစ်ချက်တစ်ချက် မေ့သွားတာမျိုး၊ ယူသုံးနေကျပစ္စည်းတွေကို အထားအသိုမှားတာမျိုးလေးတွေ စဖြစ်လာပါမယ်။ ဒါပေမဲ့ သူ့ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှုတွေ၊ အလုပ်လုပ်ကိုင်မှုတွေ ဘာမှအနှောင့်အယှက် ဖြစ်အုံးမှာမဟုတ်ပါဘူး။ တစ်ခုပြောချင်တာက ဒီလိုမေ့တတ်တာ၊ သတိလွတ်သွားတတ်တာမျိုးက အယ်လ်ဇိုင်းမားရောဂါတင်မက တခြားရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။


အဆင့် ၃ 

အဆင့် ၃ လောက်ရောက်တဲ့အခါဆိုရင် ဝေဒနာရှင်ရဲ့ စဉ်းစားတွေးခေါ်ပုံတွေအပေါ် အတော်လေးသက်ရောက်လာပါပြီ ဥပမာပြောရရင်

- အခုလေးတင်ဖတ်ခဲ့တဲ့ စာပိုဒ်ကို သတိမရတော့တာမျိုး

- ဒီမေးခွန်းတစ်ခုကိုပဲ ထပ်ခါထပ်ခါ မေးနေတတ်တာမျိုး

- ကိစ္စတစ်ခု၊ ပြဿနာတစ်ခုပေါ်လာရင် ဖြေရှင်းဖို့အရမ်းခက်ခဲနေတတ်တာမျိုး

- မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့ တွေ့တဲ့အခါ နာမည်ကိုထပ်မမှတ်နိုင်တာမျိုး စတာတွေဖြစ်နိုုင်ပါတယ်။

ဒီလိုတွေဖြစ်လာခဲ့ရင် လူနာကိုဖေးမကူညီပေးပါ။ သူတွက်ရချက်ရခက်နေတဲ့ကိစ္စတွေမှာ ကိုယ်ကလိုက်ပါကူညီပေးပါ။ ဥပမာ စားသောက်ဝယ်ခြမ်းပြီး ပိုက်ဆံရှင်းတဲ့အခါမျိုးမှာ သူ့ဖာသာတစ်ယောက်တည်းမလုပ်နိုင်ဖြစ်နေရင် ကိုယ်က ဝင်ကူညီပေးလိုက်တာမျိုးပါ။


အဆင့် ၄ 

သူ့မှာပြတဲ့လက္ခဏာတွေက အပေါ်က အဆင့်၃ တုန်းကလိုပါပဲ၊ ဒါပေမဲ့ ပိုဆိုးလာပါတယ်။ ဘာမှထွေထွေထူးထူး စဉ်းစားနေစရာမလိုတဲ့ ကိစ္စတွေကိုတောင် ခက်ခက်ခဲခဲ စဉ်းစားလာရပါတယ် ဥပမာ အခုလက်ရှိဘယ်လ ရောက်နေပြီလဲလို့ မေးလိုက်ရင် မဖြေနိုင်တာမျိုး၊ စားသောက်ဆိုင်မှာ စားစရာမှာဖို့ကို ခက်ခက်ခဲခဲ စဉ်းစားနေရတာမျိုး၊ ကိုယ့်မွေးနေ့၊ အလုပ်အကိုင်ကို မေ့နေတာမျိုးတွေ ဖြစ်လာပါမယ်။ ဒါ့ကြောင့် ဒီလိုအဆင့်ထိ ရောက်လာပြီဆို လူနာဖြစ်သူကို တစ်ယောက်တည်း အပြင်မလွှတ်ပါနဲ့တော့၊ ကားတွေဘာတွေ ပေးမမောင်းပါနဲ့တော့၊ ဘာ့ကြောင့် လဲဆိုတော့ ကလေးတစ်ယောက်လိုဖြစ်သွားတဲ့အတွက် မရိုးသားတဲ့ သူတစ်ယောက်ယောက်က အမြတ်ထုတ်သွားနိုင်လို့ပါ ဥပမာ ငွေလိမ်သွားတာမျိုးဖြစ်ပါတယ်။


အဆင့် ၅ 

လူနာအနေနဲ့ မနက်လားညလားမေးရင် မသိတော့ဘူး၊ ဘယ်ရောက်နေသလဲ သိလားလို့မေးရင်လည်း မသိတော့ဘူး၊ ဒီလိုတွေဖြစ်လာရင် အဆင့် ၅ လောက် ရောက်နေပါပြီ၊ တစ်ကိုယ်ရည်အချက်အလက်တွေဖြစ်တဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်ရှိသေးရင် ဘာလုပ်နေသလဲ၊ ဘာနဲ့ ဘွဲ့ရခဲ့သလဲ စတဲ့ဟာတွေကို ကောင်းကောင်းမဖြေနိုင်တော့ပါဘူး။ ဒါ့ကြောင့် ဒီအဆင့်မှာ လူနာကို အနီးကပ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ လူနာအရမ်းကြီး စဉ်းစားနေရတာမျိုးမဖြစ်ဖို့ လူနာဝတ်ဖို့ အဝတ်အစားကြိုထုတ်ပေးတာမျိုး၊ မေးခွန်းတစ်ခုကို ထပ်ခါထပ်ခါမေးမြန်းတဲ့အခါမျိုးမှာလည်း စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးပါ။ ဒီလိုတွေမေးတာက အဖြေရဖို့ထပ် သူတို့ဘေးနားမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ လုံခြုံစေတဲ့စိတ်လိုချင်လို့မေးတာပါ။


အဆင့် ၆ 

ဒီအဆင့်မှာဆို အယ်လ်ဇိုင်းမားရောဂါသည်အနေနဲ့ ကိုယ်နဲ့အနီးကပ်ဆုံးလူတွေကိုတောင် မှတ်မိဖို့အခက်အခဲဖြစ်လာပါပြီ၊ လူမှားတာမျိုးလည်း မကြာမကြာဖြစ်လာပါတယ်။ ဥပမာ မိန်းမဖြစ်သူကို အမေလို့ထင်တာမျိုးပါ။ အလုပ်မရှိတော့ပေမဲ့လည်း အလုပ်သွားဖို့ပြင်ဆင်နေတတ်တာမျိုးတွေလည်းတွေ့ရမှာပါ။ ဒီအဆင့်ရောက်တဲ့အခါ လူနာနဲ့ပြောဆိုဆက်ဆံရတာ အတော်လေးခက်ခဲသွားပါပြီ၊ ဒါပေမဲ့ သူ့ကို တခြားနည်းတွေနဲ့ စိတ်ချမ်းသာအောင် ထားလို့ရပါသေးတယ်၊ လေ့လာချက်တွေအရ အယ်လ်ဇိုင်းမားရောဂါသည်တွေက သီချင်းနားထောင်ရတာကြိုက်နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် လူနာအကြိုက်သီချင်းလေး ဖွင့်ပေးထားတာမျိုးလုပ်ပေးထားရင်ပိုကောင်းမှာပါ။


အဆင့် ၇ 

ဒါကတော့ နောက်ဆုံးအဆိုးဆုံးအဆင့်ပဲဖြစ်ပါတယ်၊ ဒီအဆင့်မှာဆို အယ်လ်ဇိုင်းမားရောဂါသည်တစ်ယောက်ဟာ ပုံမှန်နေ့စဉ်လုပ်ကိုင်နေရမဲ့ စားသောက်တာ၊ လမ်းလျှောက်တာ၊ ထိုင်ထတာ၊ အပေါ့အလေးသွားတာ စတဲ့ကိစ္စတွေကိုတောင် အကူအညီမယူပဲ မလုပ်ဆောင်နိုင်တော့ပါဘူး၊ ဒါ့ကြောင့် လူနာကို စောင့်ရှောက်တဲ့အခါ ဒီကိစ္စတွေအားလုံးကို လိုက်လံပြုစုပေးရပါမယ်၊ ဥပမာ အစာမျိုချရလွယ်အောင် အစာပျော့ပျော့လေးတွေကျွေးတာ၊ အသားကိုဝါးရလွယ်အောင် ဖဲ့ပေးတာ၊ နောက်ပြီး လူနာအနေနဲ့ သူ့ဖာသာသူ ရေဆာလားမဆာလားလည်း မသိ၊မပြောနိုင်တော့တာကြောင့် ကိုယ်က ဂရုတစိုက်နဲ့ ရေတိုက်ပေးဖို့လိုအပ်ပါတယ်။


Dr. Oliver

Ref: www.webmd.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18