Print

Gum Bleeding (သွားဖုံးသွေးယိုခြင်း)

  15-Aug-2018
Preview Image

သင့်သွားဖုံးဟာ အလိုလိုနေရင်း ဒါမှမဟုတ် သင်သွားတိုက်ရင်း သွေးထွက်လာခဲ့မယ်ဆိုရင် သွားဖုံး သွေးယိုစိမ့်တယ်လို့ ဆိုနိုင်ပါပြီ။ တကယ်လို့များ သင့်သွားဖုံးမှာသေးွယိုစိမ့်လာပြီဆိုရင် အောက်ပါမေးခွန်းများကို ဖြေကြားသင့်ပါတယ်။ 

၁။ သင့်သွားဖုံးမှ သွေးယိုစိမ့်နေတာ ဘယ်လောက်ကြာနေပြီ ဖြစ်ပါသလဲ။ သင့်အဖြေဟာသင့်ခံစားနေရတဲ့ ရောဂါဟာ နာတာရှည်လား၊ အခုမှ ဖြစ်ပေါ်တာလားဆိုတာသင်ခွဲခြားသိလာပါလိမ့်မယ်။ 

၂။ သင့်သွားဖုံးမှ သွေးယိုမှု ဖြစ်ပွားအောင် သင့်မှာ ထိခိုက်ဒါဏ်ရာရရှိဖူးပါသလား။ တကယ်လို့ သင့်မှာ အဲလို ထိခိုက်ဒါဏ်ရာ မရှိခဲ့ဖူးဆိုရင် အလိုအလျှောက်ဖြစ်တတ်တဲ့ အခြားသော အကြောင်း အရာများကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။

၃။ တခြားနေရာမှ အလိုအလျှောက် သွေးယိုစိမ့်သော လက္ခဏာများကို သင်ခံစားနေရပါသလား။ ဥပမာ၊ နှာခေါင်း သွေးလျှံခြင်း၊ အရေပြားတွင်သွေးချေဥလွယ်ခြင်း၊ သင့်ရဲ့ အဆစ်များ ယောင်ယမ်းနေခြင်း၊ စသည့်တို့ ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သွေးနှင့်ဆိုင်တဲ့ သွေးမတိတ်တဲ့ရောဂါရှိမရှိကို သေချာ စစ်ဆေးဖို့ လိုတယ်ဆိုတာ ပြတာပါပဲ။

၄။ အခုလို မဖြစ်ခင်မှာ သင့်မှာ လည်ချောင်းနာခဲ့ဖူးပါသလား။ လည်ချောင်းနာတာဒါမှမဟုတ် တခြား ဗိုင်းရပ်စ် ရောဂါပိုးတခုခု တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကတဆင့်ဖြစ်ပေါ်တတ်တဲ့ သွေးမတိတ်တဲ့ ရောဂါရှိမရှိကိုသေချာစစ်ဖို့လိုပါတယ်။ 

၅။ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သတ်ပြီး သင့်ရဲ့ သွားဆရာဝန်ကို နောက်ဆုံးဘယ် အချိန်က ပြခဲ့ ပါသလဲ။ မှန်မှန်ပြသခဲ့ပါသလား။ သွားပိုးစားနေတာရှိပါသလား ။ တကယ်လို့ အဲဒါတွေ ကို မှန်မှန်မလုပ်ခဲ့မိဘူး။ သွားပိုးစားတာလေးတွေ ရှိနေမယ်ဆိုရင်တော့သင့်မှာ သွားဖုံးယောင်တဲ့ရောဂါ ကို သေချာစစ်ဆေးဖို့ လိုပါတယ်။ တခါတလေမှာ တခြားသော ရောဂါလက္ခဏာများကလည်း သင့်ရောဂါ ကိုတွေ့ရှိဖို့ အကူအညီ ပေးတတ်တာကြောင့် ဒီရောဂါလက္ခဏာလေးတွေ ရှိမရှိကို သင်စစ်ဆေး ကြည့်စေချင်ပါတယ် ။ 

၁။ သွေးခြေဥလွယ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မိန်းကလေးများတွင် ရာသီလာသော ပမာဏများနေတတ်ခြင်း စတာတွေဟာ သွေးမတိတ်တဲ့ရောဂါဖြစ်ဖို့ များတဲ့ လက္ခဏာ တချို့ပါပဲ။

၂။ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ကျလာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ညဖက်ချွေးထွက်ခြင်း စတာတွေကတော့ Lymphoma နဲ့ သွေးကင်ဆာလို ရောဂါမျိုးမှာ ပိုမိုတွေ့ရတတ်ပါတယ်။ 

၃။ သွားဖုံးမှာ အနာရှိခြင်းကတော့ သွားဖုံးယောင်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါ လက္ခဏာ တစ်ခုပါပဲ။ 

၄။ အရေပြားမှာ အစက်အပျောက်တွေကို တွေ့လာရမယ်ဆိုရင်တော့ သွေးမတိတ်တဲ့ရောဂါတချိုကို စဉ်းစားရပါလိမ့်မယ်။ 

၅။ အာခေါင်ခြောက်ခြင်း ကတော့ ဆီးချိုရောဂါ၊ တချို့သောဆေးများ ၊ သွေးအားနည်းခြင်း၊ခုခံအားကျဆင်းမှုရောဂါ စသည်တို့တွင်တွေ့ရတတ်ပြီး ပါးစပ်ခြောက်ခြင်းကြောင့် သွားဖုံးယောင်ခြင်းကို အားပေးစေပါတယ။် 

ဘာကြောင့်လဲ

သွားဖုံးသွေးယိုစိမ့်ခြင်းဟာ သွားဖုံးကြောင့်ဖြစ်သောရောဂါ အပြင် အခြားသော အကြောင်း အရာများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြာအကြောင်းအရာ များကိုလည်း ရှာဖွေ ကုသသင့်ပါတယ်။ သွားဖုံးသွေးယိုစိမ့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကတော့ 

-သွားဖုံးယောင်ခြင်း

-သွားဖုံးတွင်ရောဂါတစ်ခုခုရှိခြင်း

-သွေးမတိတ်သော ရောဂါများကြောင့်ဖြစ်ခြင်း 

-သွေးကင်ဆာ 

-ကိုယ်ဝန်ရှိစဉ် သွားဖုံးသွေးယိုခြင်း 

-ဗိုက်တာမင် စီနှင့် အခြားဗိုက်တာမင်များ ချို့တဲ့ခြင်း 

-သွားပိုးစားခြင်းမှ တဆင့် သွားဖုံးသွေးယိုခြင်း 

-ပါးစပ်အတွင်း ပိုးဝင်ခြင်း

အရက်သေစာ သောက်စားသော လူများတွင် သွားဖုံးသွေးယိုခြင်း၊ သွားဖုံးသွေးယိုစိမ့်ခြင်းဟာ များသောအားဖြင့် သွားဖုံးယောင်ခြင်းကြောင့် ဖြစ်ပါတယ်။ အချို ဓါတ်များစွာပါဝင်သော အစာများကိုစားသောက်ခြင်း၊ သွားပုံမှန်မတိုက်ခြင်း သို့မဟုတ် ခံတွင်း သန့်ရှင်းရေးကို သေချာ မလုပ်ခြင်းများဟာ သွားများနဲ့ သွားဖုံးများ ပတ်ဝန်းကျင်မှာ စားကျွင်းစားကျန်စုမှုကို အားပေးပါတယ။် အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားများ ခိုအောင်ဖို့ နေရာ တခုအဖြစ် တည်ရှိကာ သွားဖုံးယောင်ခြင်းကို အားပေးပါတယ်။ 

ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် သွားဖုံးတွင်ရှိသော အသားစများ လျော့ရဲကာ ပျော့ပြောင်းလာခြင်း၊ သွေးလျှောက်များလာခြင်းတို့ကြောင့် သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း ၊ ဆေးလိပ်သောက်ခြင်း၊အစာအဟာရ မျှတစွာ စားသောက်မှု မရှိခြင်းတို့ကလည်း သွားဖုံးသွေးယိုခြင်းကို ပိုမိုဖြစ်စေပါတယ်။ ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါ ထိန်းသိမ်းမှုအား နည်းလျှင် သွားဖုံး သွေးယိုခြင်း ဖြစ်နိုင်သလို၊ တချို့သော ဆေးများကလည်း သွားဖုံးသွေးယိုစိမ့်ခြင်းဖြစ်နိုင်ပါတယ်။

သင်ဘယ်လိုခံစားလာရမလဲ 

ရောဂါတစ်ခုခုရှိပြီဆိုရင်တော့ သွားဖုံးတွေဟာ နီပြီးယောင်လာပါတယ်။ နောက် သွားတိုက်တဲ့ အခါ သွေးထွက်လာတတ်ပါတယ။် သွားဖုံးယောင်လာတာကို သေချာ မကုရင်တော့ အနီးအနားမှာရှိတဲ့ အသားမျှင်တွေနဲ့ အရွတ်တွေကိုပါ ထိခိုက်စေပြီး သွားယိုင်နဲ့တာတွေ၊ သွားနဲ့ သွားဖုံးကြားမှာ အခေါင်းပေါက်ဖြစ်လာတာတွေဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ သွားကျွတ်ထွက်တာ၊ သွားဖုံးမှာ အနာဖြစ်တာတွေ အထိဖြစ်တတ်ပါတယ်။ သွားဖုံးများ ယောင်နေခြင်း ဟာ သွေးကင်ဆာ၊ ကိုယ်ဝန်ဆောင်များ၊ ဗိုက်တာမင်စီ ချိုတဲ့သူများ ၊ သွားဖုံးနှင့် သွားခြေယောင်သော သူများတွင်လည်း ဖြစ်တတ်ပါတယ်။Hodgkin lymphoma ၊ သွေးကင်ဆာ ၊Lupus erythromatosus ၊ သွေးမတိတ်သော ရောဂါများ၊ ရိုးတွင်းချဉ်စီမှာသွေးနှင့်ဆိုင်သောပစ္စည်းများ မထုတ်လုပ်နိုင်သော သွေးအားနည်းရောဂါများတွင်ဗေလုံးကြီးနေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သွေးတိတ်စေသောအရာ ( platelets ) နည်းနေသော အခြေအနေများတွင် ခန္ဓာကိုယ်အနှံ့အပြား၌သွေးခြေဥကလေးများ (အနီရောင် အစက်အပျောက် ကလေးများ ) ထွက်တတ်ပါတယ်။

ဆောင်ရန် ရှောင်ရန်များ 

သွားဖုံးမှာသာမက တခြားနေရာများကပါ အလိုအလျှောက် သွေးထွက်နေပြီဆိုရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် သွားဖုံးတစ်ခုကတည်းက သွေးထွက်နေတယ်ဆိုရင်တော့ သွားနှင့်ခံတွင်းကို ကောင်းမွန်သန့်ရှင်းအောင်ထားတာဟာ သွားသွေးယိုစိမ့်တာကို ကာကွယ်ဖို့နဲ့ကုသဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ်ပါပဲ။ ဒါကြောင့် သင့်ရဲ့သွားတွေကို သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ၊ ညအိမ်ရာဝင်တစ်ကြိမ် အနည်းဆုံးတိုက်သင့်ပြီး တစ်ကြိမ်တိုက်လျှင်လည်း နှစ်မိနစ်ခန့်ကြာအောင် တိုက်ပေးရပါမယ်။ သွားတိုက်တဲ့အခါ သင့်သွားဖုံးတွေသွေးထွက်တာတတ်တယ်ဆိုရင်တော့ သင်သွားတိုက်တာ ကြမ်းမကြမ်း၊ သင့်ရဲ့ သွားဖုံးတွေကိုကြွတက်လာစေပြီး အောက်က သွားခြေတွေ ပေါ်လာအောင် သင်တိုက်မိသလား ဆိုတာကို အနည်းငယ် စမ်းစစ်ဖို့လိုပါလိမ့်မယ်။ တကယ်လို့ပြုမူမိခဲ့မယ် ဆိုရင်တော့ အဲဒီအကျင့်ကလေးကို ဖျောက်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းအတိုင်း တိုက်သင့်ပါတယ်။ 

သွားတိုက်ခြင်းက သွားများကို သန့်ရှင်းစေဖို့ တခုတည်းသော နည်းလမ်းဖြစ်သလို သွားများကြားကို သန့်ရှင်းဖို့လည်း အလွန် အရေးကြီးပါတယ်။ ဒါကြောင့် သွားများကြားကို သန့်ရှင်းစေဖို့ သွားကြားထိုးတဲ့ကြိုး ကလေးများကို အသုံးပြုပြိး သန့်ရှင်းနိုင်ပါတယ်။ သင့်မှာ အခြားသော ရောဂါများမရှိပဲ သွားနဲံ သွားဖုံးဆိုင်ရာရောဂါကြောင့် သွားသွေးထွက်ခဲ့ရင်တော့ သွားတိုက်ခြင်း သွားကြားထိုးတဲ့ကြိုးနဲ့ သွားကြားထိုးခြင်းတို့ဟာ သွေးဆက်ထွက်နိုင်ပေမယ့် နောင်ဖြစ်မဲ့ပြသာနာများကို ကျော်လွှားနိုင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆက်လုပ်သင့်ပါတယ်။ သွားတိုက်ပြီးသောအခါ ပလုတ်ကျင်းခြင်း၊ ခံတွင်းနံ့မွှေးစေသော ပစ္စည်းများကို သုံးခြင်းဟာလည်း သွားများကြားမှာ ကပ်တွယ်နေတဲ့ အစာများကို ဖယ်ရှားပေးတာကြောင့် အကျိုးရှိစေပါတယ်။ 

သွားဖုံးသွေးယိုစိမ့် မှု မဖြစ်အောင် ကာကွယ်မယ်ဆိုရင်ခံတွင်းသန့်ရှင်းမှုကို နေ့စဉ်မပြတ်ပြုလုပ်ပြီနောက် သကြားလုံး၊ ချောကလက်၊ အချိုရည် စသော အချိုများသည့် အစားအသောက်များကို လျှော့စားခြင်း၊ ၊ ကော်ဖီ လက်ဘက်ရည်ထဲသို့ သကြားများများ ထည့်သောက်ခြင်း များကို လျှောင်ကျဉ်သင့်ပါတယ်။ အစာတစ်ခုနှင့် တစ်ခုကြားတွင် အဆာပြေစားခြင်း များကလည်း သွားဖုံးယောင်ခြင်းကို တဖက်တလမ်းမှ အားပေးသောကြောင့် ထိုသို့စားသောက်ခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို နည်းပါးစေပြီး သွားဖုံးမျာကိုမာကျောစေကာ သွားဖုံးကျန်းမာမှုကို ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်သည့် ပမာဏကိုလျှော့ချခြင်း၊ ဖြစ်နိုင်လျှင်ဆေးလိပ် ဖြတ်ခြင်းက သွားဂျီးတက်ခြင်းကို ကာကွယ်ပေးသည့် အပြင် ဘက်တီးရီးယားများ ခိုအောင်းနိုင်သောအလွှာတခုဖြစ်ပေါ်မှုကိုလည်း နှောင့်နှေးစေပါတယ်။ အကယ်၍များသင်ဟာ အံကပ် တပ်ထားရတဲ့သူဖြစ်ပြီး သင့်ရဲ့ အံကပ်ဟာ သင်နဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် တကယ်လို အဲဒီ ပြသာနာကိုလစ်လျှူရှုခဲ့မယ်ဆိုရင် သင့်ရဲ့ အံကပ်ဟာ သွားဖုံးနဲ့ပွတ်တိုက်မိပြီး အနာဖြစ်ကာ ပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများလာပါလိမ့်မယ်။ သင်ဟာ သင့်ရဲ့ သွားဆရာဝန်နဲ့ အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ် ၊ တကယ်လို့များသင့်မှာသွားနဲ့ခံတွင်းဆိုင်ရာပြသနာတစ်ခုခုရှိခဲ့မယ်ဆိုရင်တော့ တစ်နှစ်ကို တစ်ကြိမ်ထက်ပိုပြီး သွားရောက်ကာ သင့် ကျန်းမာရေးအတွက် တိုင်ပင်သင့်ပါတယ။်

Ref:

မွန်းသက်ပန် (ဆေး-၁)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18