Print

သားဆက်ခြားခြင်းဆိုင်ရာ အယူအဆအမှားများ

  29-Oct-2016
Preview Image

လက်မောင်းထဲ ပိုက်ထည့်တယ်ဆိုတာ ခွဲစိတ်ရတာလား -----------------------------------------------------------

အခုနောက်ပိုင်း အမျိုးသမီးတွေ တော်တော်စိတ်ဝင်စားလာကြတဲ့ ကိုယ်ဝန်တားနည်းတစ်ခုကတော့ လက်မောင်းထဲမှာ ထည့်တဲ့ ပစ္စည်းလေးပေါ့။ ဒီပစ္စည်းလေးက တစ်ခါထည့်ထားပြီးရင် ၅နှစ်အထိ ကိုယ်ဝန်တားပေးနိုင်တယ်။ ကလေးလိုချင်ပြီဆိုလည်း ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ချက်ချင်းပြန်ရနိုင်တယ်။ အခုမှ အိမ်ထောင်ကျတယ်၊ အသက်ကလည်း ငယ်သေးတော့ ၄/ ၅နှစ် ကိုယ်ဝန်တားထားဦးမယ်၊ ထိုးဆေးတွေ သောက်ဆေးတွေလည်း မသုံးချင်ဘူးဆိုတဲ့ အမျိုးသမီးတွေအတွက် အရမ်းအဆင်ပြေတဲ့ နည်းတစ်ခုပေါ့။

ခွဲစိတ်ရတာလား ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ကတော့ ဒီပစ္စည်းထည့်ပုံထည့် နည်းလေးကို ပြောပြလိုက်ရင် ရှင်းသွားမယ်ထင်ပါတယ်။ အရင်ဆုံးပြောချင်တာက ဒီပစ္စည်းဟာ ပိုက်မဟုတ်ဘူးဆိုတာပါပဲ။ မီးခြစ်ဆံအရွယ်လောက်ရှိတဲ့ အဖြူရောင်ပလပ်စတစ်အချောင်း(၂)ချောင်းကို အင်္ဂလိပ်အက္ခရာ V ပုံစံ ထည့်ပေးတာ ဖြစ်ပါတယ်။ ပြောနေကြသလို အပ်တို့ ပိုက်တို့ မဟုတ်တဲ့အတွက် ထည့်ပြီးသွားတဲ့အခါ လက်မောင်းမှာ နာမှာကျင်မှာ စိတ်ပူစရာမလိုသလို၊ နေရာရွေ့သွားတာ၊ ရှာမတွေ့တော့တာ၊ ပျောက်သွားတာမျိုးတွေလည်း မဖြစ်တတ်ပါဘူး။ ဘယ်နေရာမှာ ထည့်တာလဲဆိုရင် သိပ်အသုံးမပြုတဲ့ဘက်၊ မသန်တဲ့ဘက်၊ ပြောရရင် ညာသန်ဆိုရင် ဘယ်ဘက်လက်မောင်း၊ ဘယ်သန်ဆိုရင် ညာဘက်လက်မောင်းရဲ့ အတွင်းဘက်၊ အရေပြားအောက်မှာ ထည့်တာပါ။ အရင်ဆုံး ဒီပစ္စည်းလေးထည့်တော့မယ်ဆိုရင် လက်မောင်းကို ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးကြောသန့်စင်ဖို့ လိုပါတယ်။ ပြီးရင် ထုံဆေး စပေးပါတယ်၊ ထုံဆေးပေးတဲ့ခဏတော့ ဆေးထိုးသလောက် နာပါလိမ့်မယ်၊ အဲ့ဒီနေရာမှာ ထုံသွားပြီ၊ ဘာမှမခံစားရတော့ဘူး၊ မသိတော့ဘူးဆိုတဲ့အခါကျမှ လက်သည်းခွံရဲ့ တစ်ဝက်သာသာလောက်ပဲရှိတဲ့ ဓါးလေးကိုအသုံးပြုပြီး ဒီပစ္စည်းလေးကို ထည့်လိုက်တာ ဖြစ်ပါတယ်။ မီးဖိုချောင်ဝင်ရင်း လက်မှာဓါးရှှတာကမှ ဒီအနာနဲ့စာရင် ကြီးနေပါဦးမယ်။ ပြီးသွားတဲ့အခါမှာလည်း အဲ့ဒီအနာလေးကို အနာကပ်ခွါ (Hansaplast) လေးနဲ့ပဲ ကပ်ပေးလိုက်တာပါ၊ ချုပ်ရိုးတွေဘာတွေနဲ့ ပြန်ချုပ်ပေးရလောက်တဲ့အထိ မဟုတ်ပါဘူး။ ပစ္စည်းထည့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီအမျိုးသမီးအနေနဲ့ လုပ်ရမှာတစ်ခုက အဲဒီအနာ ကို (၅)ရက် ရေမစိုစေဘဲ ခြောက်ခြောက်သွေ့သွေ့ ထားပေးရပါမယ်၊ အနာကိုလည်း နေ့စဉ်သန့်ရှင်းရေး လုပ်နေစရာမလိုပါဘူး၊ ဒီအတိုင်း ထားထားပြီးတော့ (၅)ရက်ပြည့်မှ အနာကပ်ခွါလေးကို ခွါလိုက်ရင် ရပါပြီ။ ပစ္စည်းထည့်ပြီးစ အဲ့ဒီနေရာမှာ အညိုကွက်တွေ ပေါ်လာတာ၊ ယားယံတာမျိုးတွေ ဖြစ်လာခဲ့ရင်လည်း စိတ်ပူစရာ မလိုပါဘူး၊ သူ့ဟာသူ ၂ရက်လောက်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒီပစ္စည်းထည့်ြ့ပီးရင် အညှော်ရှောင်ရမယ်၊ မလှုပ်မရှားဘဲ အနားပေးထားရမယ်ဆိုတာမျိုးတွေလည်း လုပ်စရာ မလိုပါဘူး၊ ထည့်လိုက်တဲ့တစ်ရက်လောက်ပဲ နည်းနည်းလေး အနားပေးထားမယ်ဆို လုံလောက်ပါတယ်။

သွေးတိုးရှိရင် ဒီပစ္စည်း ထည့်လို့ မသင့်တော်ဘူး ---------------------------------------------------

ဒီပစ္စည်းလေးထည့်ဖို့အတွက် မသင့်တော်ဘူး ဆိုတဲ့ အခြေအနေတွေတော့ ရှိပါတယ်၊ ဘာတွေလဲဆိုတော့ ရင်သားကင်ဆာ၊ ခြေထောက်မှာ သွေးခဲပိတ်တာ၊ အသည်းရောဂါ ဒါတွေဖြစ်ဖူးတယ်၊ ဖြစ်နေတယ်ဆိုရင်တော့ ဒီပစ္စည်းထည့်ဖို့ မသင့်တော်ပါဘူး။ နောက်ပြီး တီဘီဆေးတွေ၊ အတက်ကျဆေးတွေ၊ ART ဆေးတွေ သောက်နေရတယ်ဆိုရင်လည်း သူ့ရဲ့ အာနိသင်က ကျသွားတတ်တဲ့အတွက် မထည့်သင့်ပါဘူး။ ဒီလိုအခြေအနေတွေက လွဲရင်တော့ ဒီပစ္စည်းလေးကိ ုဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။ ဒီပစ္စည်းဟာ ၃လခံထိုးဆေးနဲ့ ဆင်တူတယ်ဆိုပေမဲ့ ၃လခံဆေးက သွေးပေါင်ချိန် ၁၆ဝနဲ ့အထက်ထိုးဖို့ မသင့်တော်ဘူးရယ်လို့ ရှိပါတယ်၊ ဒီပစ္စည်းကတော့ သွေးတိုးသမားတွေလည်း စိတ်ချလက်ချ အသုံးပြုလို့ ရပါတယ်။ 

ဒီပစ္စည်းထည့်ရင် ဘာမှတော့ မဖြစ်တတ်ပါဘူးနော် ------------------------------------------------------

ကိုယ်တိုင်ပစ္စည်းထည့်သွားြ့ပီး အရမ်းလည်း အဆင်ပြေတယ်၊ ကိုယ့်ဆွေမျိုးတွေ မိတ်ဆွေတွေကိုလည်း ဒါလေး သုံးစေချင်တယ်၊ ကိုယ့်လိုပဲ အဆင်ပြေစေချင်တယ် ဆိုတဲ့ အမျိုးသမီးတွေ ညွှန်းလေ့ရှိတဲ့ စကားပါ။ အဲ့ဒီလောက်ထိလည်းအစွန်းမရောက်စေချင်ပါဘူး။  အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် သိထားခြင်းကသာ အကောင်းဆုံးပါ။ တကယ်တော့ ကိုယ်ဝန်တားပေးတဲ့ ဆေးတွေမှ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာရှိသမျှဆေးအားလုံးမှာ ဘေးထွက်ဆိုးကျိုးတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ ရှိတတ်ပါတယ်။ ဒီမှာလည်း ဒီအတိုင်းပါပဲ။ လက်မောင်းထဲကို ထည့်ရတဲ့ ပစ္စည်းဟာ (၃)လခံထိုးဆေးနဲ့ ဆင်တူပါတယ်၊ ဒါကြောင့် ၃လခံထိုးဆေးထိုးရင် ဖြစ်တတ်တဲ့ ရာသီသွေးမပေါ်တော့တာ၊ ခေါင်းမူးတာ၊ ဇက်ကြောတတ်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲ၊ အသားအရည် အပြောင်းအလဲတွေ ရှိလာတတ်ပါတယ်။ ဖြစ်တတ်တယ် ဆိုတဲ့စကားကိုပဲ သုံးပါတယ်၊ ဖြစ်မယ် လို့ မပြောထားပါဘူး၊ တချို့ဖြစ်တယ်၊ တချို့မဖြစ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် မတူနို်င်ပါဘူး၊ ပြောနိုင်တာတစ်ခုကတော့ လူကို ထိခို်က်လောက်အောင် ဆိုးဆိုးရွားရွားတော့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ နောက်ပြီး သားကြောဖြတ်တာလို ပြန်ပြင်လို့ မရတော့တဲ့နည်းလမ်း မဟုတ်တဲ့အတွက်လည်း ပစ္စည်းထည့်ြ့ပီးတဲ့နောက် အဆင်မပြေဘူးဆိုရင် အချိန်မရွေး ပြန်ထုတ်လို့ရပါတယ်။

၅နှစ်ခံဆိုတော့ ၅နှစ်ပြည့်မှ ပြန်ထုတ်လို့ ရမှာပေါ့ -----------------------------------------------------

ဒါကို မရှင်းပြခင်မှာ အရင်ဆုံးသိထားသင့်တာ တစ်ခုရှိပါတယ်။ အမျိုးသမီးတွေ အတွက် ကိုယ်ဝန်တားနည်းတွေ အများကြီးပဲ ရှိပါတယ်။ အဲ့ဒီထဲကမှ တော်တော်လေး အသုံးများကြတာ ၄နည်း ရှိပါတယ်။ ဆေးကဒ်စားတာ၊ ဆေးထိုးတာ၊ လက်မောင်းထဲပစ္စည်းထည့်တာ၊ သားအိမ်ထဲ ပစ္စည်းထည့်တာ၊ ၄နည်းပေါ့။ အဲ့ဒီနည်းတွေကိုမှ နောက်တစ်ခါ ထပ်ခွဲကြည့်ရင် ဆေးကဒ်စားတာနဲ့ ဆေးထိုးတာ၂ခုကို ကာလတိုနည်းလမ်းတွေလို့ သတ်မှတ်ပြီးတော့ လက်မောင်းထဲနဲ့ သားအိမ်ထဲမှာ ပစ္စည်းထည့်တာတွေကိုတော့ ကာလရှည်နည်းလမ်းလို့ ဆိုပါတယ်။ ဆိုပါစို့၊ အသက်၂ဝအရွယ် ကောင်မလေးတစ်ယောက် အိမ်ထောင်ကျသွားတယ်၊ သူ့ရဲ့ မိသားစုစီမံကိန်းအရ နောက်တစ်နှစ်နေရင် ကလေးယူမယ်၊ အဲ့ဒီကောင်မလေးက ကျွန်တော်တို့ဆီကို လာပြီး သားအိမ်ထဲကို ပစ္စည်းထည့်ချင်လို့ပါ ဆိုပြီး လာပြောရင်တောင် မသင့်တော်ဘူးဆိုပြီး ကျွန်တော်တို့က မထည့်ပေးပါဘူး။ ဆေးကဒ်စားရုံ၊ ဆေးထိုးရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ သူ့နေရာမှာ အသက်က ၃ဝကျော်၊ ကလေးက ၅ယောက်၊ ထပ်ယူဖို့လည်း အစီအစဉ် မရှိတော့ဘူး၊ ကြုံတုန်းတစ်ခု ပြောရရင် အမျိုးသမီးတစ်ယောက် သွေးဆုံးတဲ့အသက်ကို ပျမ်းမျှ(၄၉)နှစ်လို့ သတ်မှတ်ပါတယ်၊ တချို့ ၄၉ထက်စောပြီး သွေးဆုံးတယ်၊ တချို့ အသက်၅ဝကျော်တာတောင် သွေးမဆုံးသေးဘူး၊ ဒါပေမဲ့ ပျမ်းမျှအနေနဲ့တော့ ၄၉နှစ် လို့ သတ်မှတ်ထားပါတယ်။ ဒါကို မသိထားတဲ့အခါကျတော့ အသက်၄ဝကျော်လာပြီဆို ငါတော့ ကိုယ်ဝန်မရလောက်တော့ပါဘူး၊ အမေ့တုန်းကလည်း ၄၂နှစ်မှာ သွေးဆုံးတာ၊ ငါလည်း ဒီအရွယ်ဆို သွေးဆုံးပါပြီ ဆိုတဲံအထင်နဲ့ ကိုယ်ဝန်မတားတော့ဘဲ နေတတ်ကြတယ်၊ အဲ့ဒီအခါ အသက်၄ဝကျော်မှ ကိုယ်ဝန်ရကုန်တာတွေလည်း အများကြီးပါပဲ။ နောက်ပြီး ငါက သွေးတော့ မဆုံးသေးဘူး၊ သားတော့ဆုံးသွားပြီ၊ ကလေးထပ်မရတော့ဘူးလို့လည်း ပြောတတ်ကြပါသေးတယ်၊ ဒါလည်း မဟုတ်ပါဘူး။ တကယ်တော့ အမျိုးသမီးတစ်ယောက် ဟာ သွေးမဆုံးမချင်း ကိုယ်ဝန်တားနေဖို့ လိုအပ်ပါတယ်။ အဲ့တော့ ခုနက စကားကို ပြန်ဆက်ရရင် အသက်က အခုမှ ၃ဝကျော်၊ သွေးဆုံးဖို့ဆို နောက်ထပ် ၁၅နှစ် နှစ်၂၀ လောက် ကိုယ်ဝန်တားထားရဦးမယ်။ အဲ့ဒီလိုအမျိုးသမီးက ဆေးကဒ်စားနေမယ်၊ ဆေးထိုးနေမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ပြောပြဖို့တာဝန်ရှိလာပါပြီ၊ ဒီနည်းလမ်းတွေက ကာလတိုနည်းတွေ ဖြစ်တဲ့အတွက် ရေရှည်စွဲသုံးရင် ကိုယ်ဝန်အတွက် စိတ်မချရသလို၊ ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးဆိုရင်တော့ ကာလရှည်နည်းလမ်းတွေဖြစ်တဲ့ ပစ္စည်းထည့်တာမျိုးတွေကို လုပ်ဖို့လိုအပ်လာပါပြီ။ ပြောချင်တာက သူက ဒီနည်းသုံးနေလို့ ကိုယ်လည်း လိုက်သုံးမယ် လုပ်စရာ မလိုပါဘူး။ သူနဲ့အဆင်ပြေတဲ့နည်းလမ်းက ကိုယ်နဲ့ ပြေချင်မှပြေမယ်၊ သူနဲ့ အဆင်မပြေတဲ့နည်းလမ်းကလည်း ကိုယ်နဲ့ ပြေချင်ပြေနေမယ်၊ အဓိကကတော့ ကိုယ်နဲ့သင့်တော်မဲ့နည်းလမ်းကို တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီး ရွေးချယ်တတ်ဖို့ပါပဲ။

ဒီပစ္စည်းက ၅နှစ်ခံမို့လို့ ၁ဝနှစ်ခံမို့လို့ နှစ်ပြည့်တဲ့အထိ ထားရမယ်လို့ ဘယ်သူကမှ မသတ်မှတ်ထားပါဘူး၊ ကိုယ် ကလေးလိုချင်လာပြီဆိုတဲ့အခါ၊ အဆင်မပြေဘူးဆိုတဲ့အခါ၊ ဒီထက် ပိုကောင်းတဲ့နည်းလမ်းတွေ ပေါ်လာလို့များ ပြောင်းလဲသုံးကြည့်ချင်တဲ့အခါမျိုးတွေ မှာ ပြန်ုထုတ်လို့ ရပါတယ်။ တစ်ခုပါပဲ၊ ဘာမဟုတ်တဲ့အကြောင်းပြချက်လေးနဲ့ ပြန်မထုတ်စေချင်တာပါ။ ဥပမာ လက်မောင်းထဲ ပစ္စည်းထည့်ထားတယ်၊ ဇက်ကြောတွေတက်တယ်၊ အဲ့ဒါနဲ့ ပြန်ထုတ်ချင်တယ်၊ ဟုတ်ပြီ၊ ထုတ်ပြီးရင် ဘာပြန်သုံးမှာလဲမေးတော့ ထုတ်ပြီးရင် ၃လခံဆေး ပြန်ထိုးမယ်တဲ့၊ ၃လခံဆေး ထိုးလည်း ဇက်ကြောက တက်တတ်တာပဲလေ၊ နောက်ပြီး ခုနက ပြောခဲ့သလို ကလေးထပ် မယူတော့ပါဘူးဆိုတဲ့ သူအတွက် ကာလတိုနည်းလမ်းတွေက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ပြန်ထုတ်တာက လွယ်ပါတယ်၊ ထုတ်ပြီးရင် ဘာပြန်သုံးမှာလဲ ဆိုတာကိုပါ တစ်ခါတည်း စဉ်းစားစေချင်တာပါ၊ ဇက်ကြောမတက်တတ်တဲ့ သားအိမ်ထဲပစ္စည်းထည့်တဲ့နည်းကို ပြောင်းသုံးမယ်ဆို ကိစ္စမရှိပေမဲ့ ရေရှည်စွဲသုံးသွားလို့ မရတဲ့ ကာလတိုနည်းလမ်းတွေကိုတော့ ပြန်အသုံးပြုမယ်ဆိုရင်တော့ ဒီအမျိုးသမီးအတွက် ဒီပစ္စည်းလေးကို ဆက်ထားလိုက်တာကမှ ပိုကောင်းနေပါဦးမယ်။ 

ကျန်းမာရေးဝန်ထမ်းတွေဘက်တော့ အကောင်းဆုံးဖြစ်နို်င်တာကိုသာ ဆွေးနွေးပေးရုံပါ၊ အဲ့ဒီအမျိုးသမီးကိုယ်တိုင်ပဲ အဓိက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းနဲ့ပတ်သက်လို့ ဖြေရရင်တော့ ဘယ်အကြောင်းပြချက်နဲ့မဆို ဒီပစ္စည်းကို အချိန်မရွေး ပြန်ထုတ်လို့ ရတယ်ဆိုတာပါပဲ။

Ref:  Dr.ဖြိ ုးသီဟ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18