Print

သားကြောဖြတ်ခြင်းနှင့် ရာသီပေါ်ခြင်း

  07-Sep-2017
Preview Image

ဘယ်လိုလူမျိုးတွေက သားကြော ဖြတ်သင့်ပါသလဲ ဆရာ။

သားကြောဖြတ်တဲ့သူဟာ ဒီတစ်သက်မှာ ဘယ်လို အကြောင်းကြောင်းကြောင့်မှ ကလေးထပ်မယူတော့ဘူးလို့ အခိုင်အမာ ဆုံးဖြတ်ချက် ချထားတဲ့သူတွေသာ ဖြတ်သင့်ပါတယ်။ အသက် ငယ်ရွယ်သေးတဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် ကိုယ်က ကလေး ပြန်လိုချင်တယ်ဆိုတဲ့ သူတွေကတော့ သားကြောမဖြတ်တာ ကောင်းပါတယ်။ 

ဥပမာ- အသက်ငယ်တဲ့သူဆိုရင် ကလေး ဘယ်လောက်ပဲရှိရှိ ဆရာဝန်တွေက သားကြောဖြတ်မပေးတတ်ကြဘူး။ ဘာလို့လဲဆိုတော့ အသက်က ငယ်သေးတာကြောင့် နောက်ထပ် အိမ်ထောင်ပြုတာမျိုးဆိုရင်၊ ပထမယောကျ်ားနဲ့က ကလေး ဘယ်နှယောက်ပဲရှိရှိ ကလေး ထပ်လိုချင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ မမျှော်လင့်ဘဲ ကိုယ်မွေးထားတဲ့ ကလေးက မတော်တဆ ထိခိုက်မှုတွေကြောင့် ဆုံးပါးသွားမယ်ဆိုရင် ကလေး ပြန်လို ချင်တာမျိုးတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကလေး မယူတော့ဘူးလို့ ဆုံးဖြတ်ထားသူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေနဲ့ တခြား ကလေးမွေးရ ခက်ခဲတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိတယ်ဆိုရင်တော့ သားကြောဖြတ်ဖို့ စဉ်းစားသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သားကြောဖြတ်တာကို အလွယ်တကူ မဆုံးဖြတ်သင့်ပါဘူး။ အခုခေတ်မှာဆိုရင် သားကြောဖြတ်တာထက်တောင် ပိုပြီး ကလေးမရအောင် တားဆီးနိုင်တဲ့၊ စိတ်ချရတဲ့ နည်းလမ်းတွေ ပေါ်နေပြီ ဖြစ်တာကြောင့် သားကြောဖြတ်ဖို့ကို အတော် စဉ်းစားသင့်ပါတယ်။


သားကြောဖြတ်ထားတဲ့သူက ရာသီီီသွေး ပေါ်တတ်ပါသလား ဆရာ။

သားကြောဖြတ်တယ် ဆိုတာက သားဥပြွန်လေးတွေကိုပဲ ဖြတ်လိုက်တာ ဖြစ်တယ်။ သားအိမ်က ခန္ဓာကိုယ်ထဲမှာ ကျန်နေတာ ဖြစ်တဲ့အတွက် ပုံမှန်ရာသီသွေးကတော့ပေါ်မှာပါပဲ။ ကလေးရနိုင်တဲ့ သားဥပြွန်လေးကို ဖြတ်ပြီး ထုံးထားလိုက်တာ ဖြစ်တဲ့အတွက်သားအိမ်ရဲ့ လုပ်ငန်းဆောင်တာက ထွေထွေထူးထူး ပြောင်းလဲသွားတာ မရှိပါဘူး။


သားကြောဖြတ်ထားတဲ့ သူတွေမှာ ရာသီသွေး မပေါ်တာတွေက ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်တတ်ပါသလဲဆရာ။

သားကြောဖြတ်ထားပေမယ့် အမျိုးသမီးတစ်ယောက်မှာ ပုံမှန် ရာသီသွေးကတော့ပေါ်တတ်ပါတယ်။ ရာသီသွေး မပေါ်ဘူးဆိုရင်တော့ သူက ဘယ်အချိန်မှာ သားကြောဖြတ်ခဲ့သလဲဆိုတာပေါ် မူတည်ပါတယ်။ ကလေးမွေးရင်းနဲ့ တစ်ခါတည်း သားကြောဖြတ်ခဲ့တဲ့ အမျိုးသမီးဆိုရင် နို့တိုက်တဲ့ မိခင်ဟာ လေးလနဲ့ ခြောက်လလောက်ထိ ရာသီသွေး မပေါ်ဘဲ ရှိနေတတ်တယ်။ ဒါက နို့တိုက်မိခင်တွေဆိုရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာမျိုးဖြစ်တယ်။ ဒါက သားကြောဖြတ်တာနဲ့တော့ မဆိုင်ဘူး။ ကလေးမွေးရင်းနဲ့ သားကြောဖြတ်တာ မဟုတ်ဘူးဆိုရင် အဲဒီအမျိုးသမီးဟာ အရင်ကသန္ဓေတားတဲ့ ဆေးကတ်လေးတွေ သောက်နေတာမျိုးကြောင့် ဖြစ်နိုင်တယ်။ သန္ဓေတား ဆေးကတ်လေးတွေကို ပုံမှန်သောက်နေတဲ့ အမျိုးသမီးက ဆေးကတ် သောက်တာကြောင့် ရာသီသွေးက ပုံမှန်ပေါ်နေတယ်။ အဲဒါကို ရုတ်တရက် ဆေးကတ်ကိုလည်း ဖြတ်လိုက်ရော ရာသီသွေးပေါ်တဲ့လမမှန်တာတွေ၊ နှစ်လလောက် ပျောက်သွားတာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒါကလည်း သားကြောဖြတ်တာနဲ့ မဆိုင်ဘူး။ ကိုယ်က အရင်ကတည်းက သန္ဓေတားဆေးတွေ သောက်ခဲ့တယ်ဆိုရင် ဆေးကတ်ကို ဖြတ်လိုက်ရင် ရာသီ မမှန်တာမျိုးတွေ ဖြစ်တတ်သလို၊ ရာသီ မပေါ်တာမျိုးတွေလည်း ဖြစ်တတ်တယ်။


သားကြောဖြတ်ထားသူတွေမှာ တခြား ဘယ်လို အကြောင်းတွေကြောင့် ရာသီသွေး မပေါ်တာမျိုးတွေ ဖြစ်တတ်ပါသေးသလဲ ဆရာ။

အမျိုးသမီးတစ်ယောက် ရာသီမလာနိုင်တဲ့ အကြောင်းတွေကတော့ အများကြီး ရှိတယ်။ အဲဒီ့အမျိုးသမီးရဲ့ အသက်အရွယ်နဲ့လည်း ဆိုင်တယ်။ သွေးဆုံးခါနီးမှ သားကြောဖြတ်လိုက်တယ် ဆိုရင်လည်း သွေးဆုံးသွားပြီးရာသီမပေါ်တာမျိုးလည်းဖြစ်နိုင်တာပဲ။ အသက်အရွယ် အပိုင်းအခြားနဲ့လည်း ဆိုင်ပါတယ်။


သားကြောဖြတ်ထားသူဟာ ကျန်းမာရေး ထိခိုက်တတ်ပါသလား ဆရာ။

သားကြောဖြတ်တယ်ဆိုတာက သားအိမ်ရဲ့ ဘေးမှာရှိတဲ့ သားဥပြွန်ကလေးရဲ့ ထိပ်လေးကို ဖြတ်ပြီး ကြိုးနဲ့ ချည်ထားလိုက်တာမျိုးပဲ။ အမျိုးသားဆီက သုက်ကောင်လေးနဲ့ သားဥပြွန်က သားဥလေး မတွေ့ရအောင် ဖြတ်လိုက်တဲ့ သဘောပဲ။ ဒီတော့ အဲဒီ သားဥပြွန်ဟာ ဘာအလုပ်မှ မလုပ်တော့တာပဲ ရှိတယ်။ ချို့ယွင်းသွားတာမျိုး၊ အရင်ကနဲ့ မတူတော့တာမျိုး ဘာတစ်ခုမှ မရှိပါဘူး။ လူတွေက သားကြောဖြတ်လိုက်ရင် ဇာတ်ကြောတက်မယ်၊ နေထိုင်မကောင်းဖြစ်မယ်ဆိုပြီး တွေးနေလို့ကတော့ ဒါဟာ စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေပဲ ဖြစ်တယ်။ ကိုယ်က ထင်နေတာကြောင့် ခန္ဓာကိုယ်မှာလည်း ဒီရောဂါတွေကို ခံစားနေရတယ်လို့ ထင်နေတတ်တယ်။ တကယ်တော့ သားကြောဖြတ်တာကြောင့် တခြား ထူးထူးခြားခြား ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်နိုင်ပါဘူး။ စိတ်ကြောင့် ဖြစ်နေတတ်တာတွေသာ ရှိပါတယ်။ သားကြောဖြတ်တာကြောင့်တော့ ထူးထူးခြားခြား ပိုပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေဖို့တော့ မလိုပါဘူး။ သူများတွေ စစ်သလို ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေသာ လုပ်ပေးလို့ ရပါတယ်။


ဆရာဝန်နဲ့ ဘယ်အချိန် ပြသင့်ပါသလဲ ဆရာ။

အမျိုးသမီး တစ်ယောက်အတွက်က ရာသီသွေးက ပုံမှန်ပေါ်နေဖို့ လိုပါတယ်။ သားကြောဖြတ်ထားသူ ဆိုရင်လည်း ရာသီသွေးကတော့ ပုံမှန်ပေါ်နေမှာပါပဲ။ အဲလိုမှ မဟုတ်ဘဲ ရာသီသွေး မပေါ်ဘူးဆိုရင်တော့ စောင့်ကြည့်ပေးဖို့ လိုပါတယ်။ တစ်လနှစ်လလောက်အထိ ပုံမှန်မလာဘဲ ဖြစ်နေတယ်ဆိုရင်၊ ဆရာအထက်က ပြောခဲ့သလို အခြေအနေတွေလည်း မရှိဘဲ ရာသီသွေး မပေါ်ဘူး ဆိုရင်တော့ နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူဖို့ လိုပါတယ်။ အသက်အရွယ်ပေါ်လည်း မူတည်ပါသေးတယ်။သွေးဆုံးကိုင်တဲ့ အရွယ်တွေဆိုရင်လည်း ရာသီသွေး မပေါ်တာမျိုးတွေ ဖြစ်တတ်တယ်။


သားကြောဖြတ်ထားပြီးတဲ့သူက ကိုယ်ဝန်ရတာ ဘာကြောင့်ပါလဲ ဆရာ။

ဒါက အတော်ကို ဖြစ်ခဲပါတယ်။ ဒါပေမဲ့ ဖြစ်တတ်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ တချို့က သားကြောမဖြတ်ခင် အချိန်လေးမှာကတည်းက ကိုယ်ဝန်ရှိနေတာမျိုးကြောင့်လည်း သားကြောဖြတ်ထားလျက်နဲ့ ကိုယ်ဝန်ရှိသွားတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ သားကြောအထဲမှဖြတ်ထားလျက်နဲ့ အထဲမှာ ပြေသွားပြီး ပြန်ဆက်သွားတာမျိုးလည်း ဖြစ်တတ်တယ်။ ဒါက စစ်တမ်းတွေအရ အယောက် ၂၀၀ မှာ တစ်ယောက်နှုန်းလောက်ပဲ ဖြစ်တတ်ပါတယ်။ တကယ်ကို ရှားရှားပါးပါးပါပဲ။


Ref:

တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင် သားဖွား၊ မီးယပ် အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18