Print

Impetigo (အနာစက်)

  19-Nov-2016
Preview Image

 

Impetigo (အနာစက်)သည် ကလေးငယ်များတွင် အလွန်အဖြစ်များသောအရေပြားရောဂါတစ်မျိုး ဖြစ်သည်။ ကလေးငယ်များ၏ နှာခေါင်းနှင့် ပါးစပ်ပတ်ဝန်းကျင်တွင် အနီရောင်အဖုလေးများ ပြင်လိုက်ပေါက်ခြင်းဖြစ်သည်။ ထိုအဖုလေးများမှ ပေါက်ပြဲပြီးအနာများ ဖြစ်ပွားနိုင်သည်။

 

လက္ခဏာများ
လက္ခဏာများအနေဖြင့် အနီဖုများ ပြင်လိုက်ပေါ်ခြင်း၊ ပေါက်ထွက်သွားပြီးအရည်များစိမ့်ထွက်ခြင်း၊ အညိုရောင် အနာဖေးများအဖြစ် ကျန်ခြင်းတို့ဖြစ်ပွားနိုင်သည်။အများအားဖြင့် ပါးစပ်နှင့် နှာခေါင်းဝန်းကျင်တွင် ဖြစ်ပွားပြီးလက်၊ အဝတ်အစား၊ အသုံးအဆောင်တို့မှတဆင့် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပြန့်နှ့ံတတ်သည်။ကလေးငယ်များ၏ သေးခံ (diaper) ဝတ်ပေးသောနေရာနှင့် ကိုယ်လုံးများတွင် ပိုကြီးသောအဖုများကိုတွေ့ရတတ်သည်။ပို၍ဆိုးဝါးသောအမျိုးအစားဖြစ်သည့် Ecthymaတွင် အရေပြားတွင်းထိ နစ်ဝင်ကာ ပြည်ဖုသို့မဟုတ် အရည်ကြည်ဖုများပေါ်တတ်သည်။ ထို့နောက်ပေါက်ထွက်သွားကာအနာကြီးများ ဖြစ်တတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ
အနာစက် ဖြစ်ပွားနေသူနှင့် ထိမိခြင်း၊ အဝတ်အစား၊ အိပ်ရာ၊ မျက်နှာသုတ်၊ အသုံးအဆောင်များမှတဆင့် ကူးစက်နိုင်သည်။

 

ဖြစ်နိုင်ချေများသူများ

• အသက် ၂နှစ်နှင့် အသက် ၆နှစ်ကြားရှိသောကလေးငယ်များ
• အနာစက်ဖြစ်ပွားနေသောကလေးနှင့် ထိတွေ့မှုရှိသူများ
• ပူနွေးသောရာသီဥတုတွင် နေထိုင်ရသူများ
• ထိခိုက်ရှနာဖြစ်နေသူများ
• အင်းဆက်၊ ပိုးမွှားကိုက်ခံရသောအနာရှိသူများ
• ဆီးချိုရောဂါရှိသူများ၊ ကိုယ်ခံအားနည်းနေသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ
• ပျောက်ကင်းသွားပြီးနောက် အနာဖေးကျန်တတ်ခြင်း
• အနာစက်မှတဆင့် အရေပြားအတွင်းပိုင်းရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များရောင်ရမ်းခြင်းနှင့် သွေးကြောအတွင်းထိပိုးဝင်ရောက်ခြင်း
• တခါတရံ ကျောက်ကပ်ကိုထိခိုက်ခြင်းတို့ ကြုံတွေ့ရတတ်သည်။

 

စစ်ဆေးမှုများ
လက္ခဏာများကို ကြည့်ရုံဖြင့် သိနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန် မလိုအပ်ပေ။ အချို့ဘက်တီးရီးယားပိုးများမှာ ပိုးသတ်ဆေးကိုခံနိုင်ရည် ရှိနေတတ်သောကြောင့် တစ်ခါတစ်ရံမည်သည့် ပိုးသတ်ဆေးသုံးသင့်သည်ကို သိနိုင်ရန် ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုပြုလုပ်နိုင်သည်။

 

ကုသခြင်း
ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးများအသုံးပြု၍ ကုသနိုင်သည်။ ရှေးဦးစွာအနာကို ရေနွေးခပ်နွေးနွေးဖြင့် သန့်ရှင်းရေးလုပ်ပြီးအပေါ်ယံမှ အနာဖေးများကိုဖယ်ရှားပြီးမှ ပိုးသတ်ဆေးကိုလိမ်းပေးပါက ပိုမိုထိရောက်သည်။အပေါ်မှ ပတ်တီးပါးပါးဖုံးထားခြင်းဖြင့် အခြားနေရာများသို့ ပြန့်နှံ့ခြင်းကိုကာကွယ်နိုင်သည်။အနာစက်များများစွာ ပေါက်နေပါက ပိုးသတ်ဆေးသောက်နိုင်သည်။ ပိုးသတ်ဆေး ယဉ်ပါးခြင်းမရှိစေရန် ဆေးပတ်လည်အောင် သောက်သင့်သည်။ 

 

ကာကွယ်ခြင်း
အနာစက်ဖြစ်ပွားခြင်းကိုကာကွယ်ရန် 
• အရေပြားကို သန့်ရှင်းအောင်ထားခြင်း
• အရေပြားထိခိုက်ရှနာများ၊ အနာဖေးများ၊ အင်းဆက်ကိုက်နာများကို သန့်ရှင်းအောင်ထားခြင်း
• အနာစက်ဖြစ်ပေါ်နေပါက ဆပ်ပြာအပျော့ဖြင့် သန့်စင်စွာဆေးကြောပြီးဂွမ်းဖြင့် ဖုံးအုပ်ထားခြင်း
• အနာကိုဆေးလူးပြီးပါက လက်ကိုသန့်ရှင်းအောင် ဆေးကြောခြင်း
• ကလေးငယ်များ၏ လက်သည်းများကို တိုတိုညှပ်ထားပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18