Print

Laryngitis (အသံအိုးရောင်ရမ်းခြင်း)

  21-Nov-2016
Preview Image

 

အသံအိုးကိုအလွန်အကျွံ အသုံးပြုခြင်း (ဥပမာ - အော်ဟစ်၍ စကားပြောရခြင်း)၊ လည်ချောင်းယားယံခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် အသံအိုးရောင်ရမ်းနိုင်သည်။ အသံအိုးရှိအသံကြိုးများရောင်ရမ်းခြင်းကြောင့် အသံဝင်ခြင်း၊ အသံသြခြင်းတို့ကို ဖြစ်စေသည်။အများစုမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့် အသံကြိုးတင်းခြင်းတို့ကြောင့် ဖြစ်ရသည်။

 

လက္ခဏာများ
    အသံအိုးရောင်ရမ်းပါကတစ်ပတ်အတွင်းတွင် ပြန်လည်သက်သာနိုင်သည်။ ရောဂါလက္ခဏာများအနေဖြင့်
•    အသံသြခြင်း
•    အသံဝင်ခြင်း
•    လည်ချောင်းယားခြင်း၊ နာခြင်း
•    လည်ချောင်းခြောက်ခြင်း
•    ချောင်းခြောက်ဆိုးခြင်း

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
•    လည်ချောင်းရောင်ရမ်းသည့် လက္ခဏာများ နှစ်ပတ်နှင့်အထက်ကြာသည်အထိရှိနေခြင်း
•    အသက်ရှူရခက်ခြင်း
•    ချောင်းဆိုးသွေးပါခြင်း
•    အဖျားမကျခြင်း
•    လည်ချောင်းပိုမိုနာကျင်လာခြင်း
•    အစာမျိုရခက်ခြင်းတို့ ဖြစ်ပေါ်ပါက နီးစပ်ရာဆရာဝန်ထံ သွားရောက်ကာ အမြန်ဆုံးဆေးကုသမှု ခံယူသင့်သည်။
ကလေးများတွင် 
•    အသက်ရှူသံ ပြင်းလာခြင်း
•    သွားရည်ကျခြင်း
•    အစာမျိုချရခက်ခြင်း
•    အသက်ရှူရခက်ခြင်း
•    အဖျား ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်ကျော်အောင် ဖျားခြင်းတို့ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ
ခေတ္တ အသံအိုးရောင်ရမ်းခြင်း( Acute Laryngitis ) သည်
•    အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
•    အသံအိုးကိုအလွန်အကျွံ အသုံးပြုရခြင်း၊ အော်ဟစ်ခြင်း
•    ဆုံံဆို့ရောဂါကဲ့သို့သော ဘက်တီးရီးယားပိုးများဝင်ခြင်းကြောင့် ဖြစ်ရသည်။

 

နာတာရှည် အသံအိုးရောင်ရမ်းခြင်း (Chronic Laryngitis)
သုံးပတ်ထက်ကျော်၍ အသံအိုးရောင်ရမ်းခြင်းကိုနာတာရှည် အသံအိုးရောင်ရမ်းခြင်းဟုခေါ်သည်။ 
•    ဓာတုဓာတ်ငွေ့များ၊ မတည့်သောအမှုန်များ၊ မီးခိုးများရှူမိခြင်း
•    အစာအိမ်အတွင်းမှ အက်ဆစ်များအထက်သို့ ပြန်တက်ခြင်း
•    ထိပ်ကပ်နာရှိခြင်း
•    အရက်အလွန်အကျွံသောက်ခြင်း
•    အသံကျယ်လောင်စွာပြောတတ်သောအလေ့ရှိခြင်း
•    ဆေးလိပ်သောက်ခြင်း
•    ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်တို့ကြောင့် ဖြစ်ရသည််။

-    လည်ပင်းပိုင်းတွင် ကင်ဆာဖြစ်နေသူများ
-    ထိခိုက်မိခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်အတွင်းအကျိတ်တည်ခြင်းတို့ကြောင့် အသံကြိုးမလှုပ်ရှားနိုင်ခြင်း
-    အသက်အရွယ်အိုမင်းခြင်းတို့ကြောင့်လဲအသံသြနိုင်ပြီးအသံအိုးရောင်ရမ်းခြင်းနှင့် မှားယွင်းနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ
•    အအေးမိခြင်း၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာစသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိသူများ
•    ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သုံးသူများ
•    ဓာတုဓာတ်ငွေ့များ ရှူမိသူများ
•    အသံကျယ်လောင်စွာ အသုံးပြုရသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ
    အသံအိုးပိုးဝင်ရောင်ရမ်းခြင်းကိုအချိန်မီမကုသပါကပိုးများအသက်ရှူလမ်းကြောင်းသို့ ပျံ့နှံ့သွားနိုင်ပါသည်။

 

စစ်ဆေးမှုများ
•    အသံအိုးရောင်ရမ်းခြင်း၏ အဓိကလက္ခဏာဖြစ်သောအသံသြခြင်း၊ အသံဝင်ခြင်းတို့ကိုစစ်ဆေးခြင်း
•    အသံအိုးကို ပြွန်ထည့်၍ စစ်ဆေးခြင်း
•    အသားစယူစစ်ဆေးခြင်းတို့်ကို ပြုလုပ်နိုင်ပါသည်။


ကုသခြင်း
ရေတိုအသံအိုးရောင်ရမ်းခြင်းမှာတစ်ပတ်အတွင်းတွင် သက်သာသွားတတ်သည်။ 
နာတာရှည် အသံအိုးရောင်ရမ်းနေပါက
•    အကြောင်းရင်းများဖြစ်သည့် ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်းကိုရပ်ခြင်း၊ အစာအိမ်တွင်း အက်ဆစ်များခြင်းကိုကုသခြင်း
•    ပိုးသတ်ဆေးများသောက်ခြင်း
•    စတီးရွိုက်များသောက်ခြင်းတို့ဖြင့် ကုသနိုင်ပါသည်။
အိမ်တွင်းကုထုံးများအဖြစ်
•    ရေနွေးငွေ့ရှူခြင်း
•    အသံအိုးကိုအသုံးပြုဘဲ အနားပေးခြင်း
•    ရေများများသောက်ခြင်း
•    ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း
•    တီးတိုးပြောခြင်းကို ရှောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ (လေသံဖြင့်သာ စကားပြောဆိုခြင်းက အသံကြိုးကို ပိုထိခိုက်စေနိုင်၍ဖြစ်သည်။)

 

ကာကွယ်ခြင်း

•    ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူခြင်းတို့ကိုရှောင်ခြင်း
•    အရက်၊ ကော်ဖီတို့ကိုအလွန်အကျွံ မသောက်ခြင်း
•    ရေများများသောက်ခြင်း
•    အစပ်များကိုရှောင်ခြင်း
•    အသီးအရွက်၊ အသီးအနှံများ၊ ဆန်၊ ဂျုံ၊ ပြောင်းတို့ကိုများများစားခြင်း
•    မကြာခဏ လည်ချောင်းရှင်းခြင်းကိုရှောင်ခြင်း
•    အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမဖြစ်အောင် ဂရုစိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။

 

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18