Print

Rheumatoid arthritis ( အဆစ်အမြစ်ရောင် သွေးလေးဖက်နာ )

  06-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

သွေးလေးဖက်နာဆိုသည်မှာ သင့်အရိုးအဆစ်များအပြင် ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်သော ကြာရှည်ရောင်ရမ်းရောဂါတစ်ခုဖြစ်သည်။

လူတစ်ချို့တွင် အရေပြား၊ မျက်စိ၊ အဆုတ်၊နှလုံးနှင့် သွေးကြောများအစရှိသော ကိုယ်ခန္ဓာအနှံ့အပြားကို ထိခိုက်စေနိုင်သည်။

သွေးလေးဖက်နာသည် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ပုံမမှန်မှုကြောင့်ဖြစ်သောကြောင့် သင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို မှားယွင်းတိုက်ခိုက်တတ်သည်။

ပျက်စီးယိုယွင်းခြင်းကြောင့်ဖြစ်သော အရိုးကျီးပေါင်းရောဂါ ( Osteoarthritis ) နှင့်မတူညီသည်မှာ သွေးလေးဖက်နာရောဂါသည် အရိုးအဆစ်များ၏ နံရံကိုထိခိုက်စေသောကြောင့် နာကျင်စေသော အရိုးဖုရောင်ရမ်းခြင်းဖြစ်ပြီး အရိုးတိုက်စားခြင်းနှင့် အဆစ်ပုံပျက်ခြင်းတို့ဖြစ်စေသည်။

သွေးလေးဖက်နာရောဂါသည် ရောင်ရမ်းခြင်းကြောင့်ဖြစ်သောကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းမြောက်မြားစွာကို ထိခိုက်နိုင်သည်။သို့သော် ကုသနည်းအသစ်များထွက်ပေါ်လာပြီး ရောဂါများကို သက်သာစေကာ အရမ်းဆိုးဝါးသည့်အခြေအနေတွင်သာ နောက်ဆက်တွဲမသန်မစွမ်းခြင်းသာ ကျန်ခဲ့နိုင်သည်။


လက္ခဏာများ

- အဆစ်များတွင် ပူ၍ နာကျင်သော ရောင်ရမ်းခြင်း

- အရိုးတောင့်တင်းခြင်း ( အထူးသဖြင့် မနက်စောစောပိုင်းနှင့် မလှုပ်ဘဲငြိမ်နေပါက ပိုဆိုးတတ်သည် ) 

- ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း


အစဦးပိုင်းဖြစ်သော သွေးလေးဖက်နာသည် သေးငယ်သော အရိုးအဆစ်များကို ပိုမိုထိခိုက်စေတတ်သည်။အထူးသဖြင့် လက်ချောင်းများမှ လက်သို့သာဖြစ်တတ်သလို ခြေချောင်းများမှ ခြေထောက်သို့ဖြစ်တတ်သည်။


ရောဂါဆိုးလာပါက လက်ချောင်းခြေချောင်းမှသည် လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်၊ ဒူးခေါင်း၊ ပုခုံး၊ ပေါင်ရင်းများသို့အထိ နာကျင်နိုင်သည်။အခြေအနေအများစုမှာ ကိုယ်ခန္ဓာ၏ နှစ်ဖက်စလုံးရှိ တူညီသည့်အဆစ်များတွင်သာ ဖြစ်တတ်သည်။

သွေးလေးဖက်နာရောဂါရှိသော လူနာ လေးဆယ်ရာခိုင်နှုန်းတွင် အရိုးအဆစ်နာကျင်ခြင်းမရှိဘဲ အခြားအောက်ပါ အစိတ်အပိုင်းများရှိ လက္ခဏာများသာ ခံစားရနိုင်သည်။

- အရေပြား

- မျက်စိ

- အဆုတ်

- နှလုံး

- ကျောက်ကပ်

- တံတွေးဂလင်း

- အာရုံကြောတစ်ရှုးများ

- ရိုးတွင်းချဉ်ဆီ

- သွေးကြောများ

သွေးလေးဖက်နာ၏ လက္ခဏာများသည် ရောဂါအပြင်းအထန်ပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ရောဂါပြန်ဖြစ်လိုက် ပြန်ကောင်းလိုက်နှင့် ရှိနေတတ်ပြီး ပြန်ကောင်းချိန်တွင် အရိုးရောင်ခြင်းနှင့် နာကျင်ခြင်းမှာ ခဏသက်သာခြင်းဖြစ်စေ ခဏပျောက်သွားသည်ဖြစ်စေ ဖြစ်နိုင်သည်။အချိန်ကြာရှည်သော် သွေးလေးဖက်နာသည် အဆစ်အမြစ်များအား ပုံဏ္ဍာန်ယိုယွင်းပျက်စီးသွားစေတတ်သည်။


ဖြစ်ပွားရသော ကြောင်းရင်းများ

သွေးလေးဖက်နာရောဂါသည် ကိုယ်ခန္ဓာရှိ ခုခံအားစနစ်သည် အရိုးနှစ်ခုဆက်ကြားရှိ အလွှာပါးကို တိုက်ခိုက်သောအခါရောင်ရမ်းခြင်းဖြစ်သည်။

ရောင်ရမ်းခြင်းသည် အလွှာပါးကို ထူစေရုံသာမက အရိုးအဆစ်အတွင်းရှိ အရိုးနုကိုပါ ပျက်စီးစေနိုင်သည်။

အရိုးများကိုတွယ်ဆိုင်းထားသော အရွတ်များမှာ အားနည်းလာသည်။ထိုမှတစ်ဖန် အရိုးအဆစ်မှာ ပုံသဏ္ဍာန်ပျက်စီးသွားသည်။

မျိုးရိုးဗီဇနှင့် ပတ််သက်ဆက်နွယ်သည်ဟု ဆိုနိုင်သော်လည်း ဖြစ်ရခြင်းအစကို သေချာမသိကြသေးပေ။မျိုးရိုးဗီဇသည် အမှန်တစ်ကယ်အားဖြင့် သွေးလေးဖက်နာဖြစ်စေနိုင်သည်ဟုမဆိုနိုင်သော်လည်း  ပြင်ပအခြေအနေများသည် မျိုးရိုးဗီဇအား သွေးလေးဖက်နာဖြစ်စေရန် ပိုမိုအားပေးနိုင်သည်။ဥပမာ - ဘက်တီးရီးယားပိုးနှင့် ဗိုင်းရပ်စ်ပိုးများသည် ရောဂါကို ပိုမိုဖြစ်ပွားစေနိုင်သည်။ 


ဖြစ်နိုင်ချေများသူများ

(၁) အမျိုးသမီးများသည် အမျိုးသားများထက် ပိုဖြစ်ပွားနိုင်သည်။

(၂) အသက် - သွေးလေးဖက်နာသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက် ၄ဝနှင့် ၆ဝကြားတွင် ပိုမိုအဖြစ်များသည်။ 

(၃) မိသားစုတွင် သွေးလေးဖက်နာဖြစ်ပွားသူရှိပါက သင့်တွင်ဖြစ်နိုင်ခြေရှိသည်။

(၄) ဆေးလိပ်သောက်ခြင်း 

(၅) asbestos ကျောက်ဓာတ်နှင့် Silica ဓာတ်တို့နှင့်ထိတွေ့မှုများခြင်း

(၆) အဝလွန်ခြင်း


နောက်ဆက်တွဲ ပြဿနာများ

(၁) အရိုးပွခြင်း Osteoporosis - အရိုးပွကာ အရိုးကျိုးနိုင််သော ရောဂါတစ်မျိုး ( သွေးလေးဖက်နာကြောင့် သို့ သွေးလေးဖက်နာကို ကုသသောဆေးများမှ ဖြစ်ပွားစေနိုင်သည် )

(၂) သွေးလေးဖက်နာမှ အဖုထွက်ခြင်း - ကိုယ်ခန္ဓာရှိ ဖိအားများသောနေရာများတွင် ဖြစ်ပွားနိုင်သည်။(ဥပမာ တံတောင်)။ သို့သော် ကိုယ်ခန္ဓာရှိ နေရာအကုန်တွင်ဖြစ်ပွားနိုင်သည်။

(၃) မျက်စိခြောက်၊ အာခေါင်ခြောက်ခြင်း Sjogren\'s syndrome ရောဂါ 

(၄) သွေးလေးဖက်နာရောဂါနှင့် ၄င်းကို ကုသရာတွင်သုံးသောဆေးများသည် ခုခံအားစနစ်ကို ကျစေသောကြောင့် ပိုးများပိုဝင်စေနိုင်သည်။

(၅) ကိုယ်ခန္ဓာအဆီဓာတ် စုပုံခြင်း

(၆) လက်ကောက်ဝတ်နားတွင်ဖြစ်သော Carpal tunnel syndrome ရောဂါစု - လက်ကောက်ဝတ် ယောင်ယမ်းခြင်းမှသည် အာရုံကြောများကို ဖိမိခြင်း

(၇) နှလုံးရောဂါ - နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအပေါ်ယံအမြှေးရောင်ရမ်းခြင်း

(၈) အဆုတ်ရောဂါ

(၉) သွေးကင်ဆာတစ်မျိုး Lymphoma 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- အရိုးများ ကြာရှည်စွာ မအီမသာဖြစ်ခြင်းနှင့် ရောင်ရမ်းနာကျင်ခြင်းများဖြစ်လျှင် သက်ဆိုင်ရာဆရာဝန်များနှင့် ဆွေးနွေးတို်င်ပင်သင့်သည်။


စစ်ဆေးမှုများ

သွေးလေးဖက်နာရောဂါသည် အစဦးပိုင်းတွင် အခြားရောဂါများနှင့် ဆင်တူသောကြောင့် ရောဂါကို တိတိကျကျပြောနိုင်ရန် ခက်ခဲသည်။

ကိုယ်ခန္ဓာစမ်းသပ်မှုတွင် အဆစ်များ ရောင်ရမ်းခြင်း၊ နီခြင်း၊ နာခြင်း၊ ပူခြင်း၊ လှုပ်ရှားမှုနှင့် ကြွက်သားများအခြေအနေကို စမ်းသပ်လေ့ရှိသည်။


သွေးဖောက်စစ်ဆေးမှု

သွေးလေးဖက်နာသည် ရောင်ရမ်းခြင်းရောဂါတစ်မျိုးဖြစ်သောကြောင့် ရောင်ရမ်းခြင်းတွင် တက်လေ့ရှိသော ESR နှင့် CRP ဓာတ်တို့ကို သွေးထဲမှ စစ်ဆေးနိုင်သည်။သွေးလေးဖက်နာတွင် ကိုယ်ခန္ဓာမှ တုန့်ပြန်ထွက်လေ့ရှိသော ပဋိဇီဝပစ္စည်း anti-CCP antibodies ကိုလည်းစစ်ဆေးနိုင်သည်။


စက်ပစ္စည်းဖြင့် စစ်ဆေးခြင်း

ဓာတ်မှန်ရိုက်ခြင်းဖြင့် သွေးလေးဖက်နာ၏ အခြေအနေကိုခန့်မှန်းနိုင်သည်။သံလိုက်ဓာတ်မှန် MRI နှင့် တယ်လီဗွီးရှင်းဓာတ်မှန်  Ultrasound ဖြင့်လည်းစစ်ဆေးနိုင်သည်။


ကုသခြင်း

သွေးလေးဖက်နာအတွက် လုံးဝပျောက်ကင်းမည့်ဆေးမပေါ်သေးပေ။ သို့သော် နောက်ဆုံးလေ့လာတွေ့ရှိမှုများအရ ရောဂါကိုစောသိပြီး ဆေးအပြင်းများဖြင့် ကုသလျှင် ရောဂါပျောက်ကင်းနှုန်းများသည်ဟုဆိုသည်။


(၁) ဆေးဖြင့်ကုသခြင်း

- အကိုက်အခဲပျောက်ဆေးများ NSAIDs

- စတီးရွိုက်ဆေးများ Steroids

- လေးဖက်နာရောဂါများကို ကုသနိုင်သည့်ဆေးများ DMARDs

- ဇီဝနည်းဖြင့် ကုဆေးများ Biologic agents


(၂) လေ့ကျင့်ခန်းကုထုံးများ


(၃) ခွဲစိတ်ကုသခြင်း

- အကယ်၍ ဆေးဖြင့်ကုသခြင်းမအောင်မြင်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကာ ပျက်ဆီးသွားသော အရိုးအဆစ်များကို ပြန်လည်ပြုပြင်နိုင်သည်။ခွဲစိတ်ကုသခြင်းဖြင့် အရိုးအဆစ်ကိုပြန်လည်အသုံးပြုနိုင်စေသည်။ထို့ပြင် နာကျင်မှုနှင့် ကိုယ်လက်အဂါင်္ချို့ယွင်းခြင်းများကို သက်သာစေနိုင်သည်။နည်းလမ်းများမှာ - 

- Synovectomy အဆစ်ထဲရှိရောင်ရမ်းနေသော  အရိုးနှစ်ခုဆက်ကြားရှိ အလွှာပါးကို ခွဲထုတ်ခြင်း

- Tendon repair - သွေးလေးဖက်နာရောဂါတွင် အရိုးအဆစ်များရောင်ရမ်းခြင်းမှ ဘေးမှ အရွတ်များကို ပေါက်ပြဲစေနိုင်သည်။ပျောက်ပြဲသွားသော အရွတ်များကို ခွဲစိတ်ကုသနိုင်သည်။

- Joint fusion အရိုးအဆစ်များကို ပူးကပ်၍ ဆက်ခြင်းဖြင့် အရိုးမငြိမ်ခြင်းနှင့် နာကျင်မှုကို သက်သာစေနိုင်သည်။

- Total joint replacement အရိုးအဆစ်အစားထိုးခြင်း


(၄) အခြားနည်းလမ်းများဖြင့်ကုသခြင်း

- ငါးအဆီ - သွေးလေးဖက်နာတွင်ဖြစ်သော နာကျင်မှုနှင့် အရိုးများတောင့်တင်းမှုများကို သက်သာစေသည်။

- အပင်များမှ ထွက်သောအဆီ - သွေးလေးဖက်နာတွင်ဖြစ်သော နာကျင်မှုနှင့် အရိုးများတောင့်တင်းမှုများကို သက်သာစေသည်။

- ထိုက်ချိလေ့ကျင့်ခန်းပြုလုပ်ခြင်း


(၅) အိမ်တွင်းကုသနည်းလမ်းများ

- ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်း

- နာကျင်သည့်နေရာသို့ အပူ သို့မဟုတ် အအေးဖြင့် ကပ်ပေးခြင်း

- စိတ်ဖိစီးမှုလျှော့ချခြင်း


(၆) ကိုယ်လက်အဂါ်ချို့ယွင်းခြင်းကို ကုသခြင်း

- ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

- သင်လုပ်နိုင်သည့် ပမာဏကို သင်သိပါစေ။

- အခြားလူများ၏ အကြံညဏ်များကို နားထောင်ပါ။

- သင်ဝါသနာပါသောအရာများကို ပြုလုပ်ပါ။


ကာကွယ်ခြင်း

အခြားသိသင့်သော အချက်များ (ရှိလျှင်)


Ref: Mayo clinic

Dr.YadanarPhooWaiAung




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18