Print

Ringworm Scalp ( ဦးရေပြား မှိုစွဲခြင်း (ပွေးပေါက်ခြင်း))

  12-May-2017
Preview Image

 ဦးရေပြား ပွေးရောဂါဖြစ်ပွားရခြင်းသည် ဦးရေပြားနှင့်ဆံပင်အရင်းပိုင်းတို့တွင် (Dermatophytes)ဟုခေါ်သော မှိုစွဲခြင်းကြောင့့့်ဖြစ်သည်။

ဦးရေပြားပေါ်တွင် လက်စွပ်ကွင်းပုံစံ၊အဝိုင်းပုံစံ အကွက်လိုက်ဖြစ်ခြင်းကြောင့် ပွေးဟုတင်စားခြင်းဖြစ်သည်။

ဦးရေပြားမှိုစွဲခြင်းသည် တဦးမှတဦးသို့ အလွယ်တကူ ကူးစက်တတ်သောရောဂါ ဖြစ်သည်။ကျောင်းနေကလေးအရွယ်နှင့်မူကြိုကလေးအရွယ် တို့တွင် ပို၍အဖြစ်များသည်။မှိုစွဲခြင်းဖြင့် ဦးရေပြားကို ယားယံရောင်ရမ်းစေနိုင်ပြီး ကြာလျှင် အမာရွတ်ဖြစ်ကာ ဆံပင်ပြန်မပေါက်နိုင်တော့သည်အထိ ဖြစ်နိုင်ပါသည်။


လက္ခဏာများ

- ဆံပင်ကျွတ်၍ဦးရေပြားပေါ်တွင် ပွေးကွက်တကွက်(သို့မဟုတ်)အကွက်များ ဖြစ်လာခြင်း။

- ဦးရေပြား ယားယံခြင်း။

- ပွေးကွက်များ ပို၍ကြီးလာခြင်း။

- ပွေးကွက်အတွင်းတွင် ဆံပင်၏အရင်း ပျက်စီးခြင်းမှ  အမဲစက်ကလေးများဖြစ်ပေါ်လာခြင်း။

- ဆံပင်သား ကျွတ်ဆတ်၍အလွယ်တကူပျက်စီးစေနိုင်ခြင်း။

- ဆံပင်ကျွတ်ခြင်း။

- ဦးရေပြားရောင်ရမ်း၍ နာနေခြင်းတို့ ဖြစ်နို်င်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ရောဂါမှာ Dermatophytes ဟုခေါ်သော မှိုရောဂါတမျိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။ထိုမှိုရောဂါသည် ဦးရေပြားအပေါ်ယံနှင့်ဆံပင်၏အရင်းကို ထိခိုက်ပျက်စီးစေသည်။


ဖြစ်နိုင်ချေများသူများ

- မူကြိုကလေး အရွယ်များ၊မူလတန်းကလေး အရွယ်များတွင် အဖြစ်များသည်။

- မူကြိုကျောင်းများတွင် အဖြစ်များပြီး အနေနီးသူများတွင် ကူးစက်နိုင်ပါသည်။

- ပွေးရောဂါရှိနေသော ခွေးများ၊ကြောင်များမှတဆင့်လည်း ကူးစက်တတ်ပါသည်။


နောက်ဆက်တွဲ ပြဿနာများ

- နောက်ဆက်တွဲဆိုးကျိုးအနေနှင့် မှိုစွဲသော ဦးရေပြား၏အနားသားတွင် နီရဲ၍မာဆတ်ဆတ်ရှိသော (kerion) ဟုခေါ်သည့်အဖုကလေးများ ဖြစ်ပေါ်လာတတ်ပါသည်။

- ထိုအဖုလေးသည် နာကျင်၍ ပြည်တည်သည်အထိ ဖြစ်ပွားနိုင်ပါသည်။

- ဆံပင်အလွယ်တကူ ကျွတ်လွယ်ခြင်း။

- မှိုစွဲမှု ပြင်းထန်ကြာမြင့်ပါက ဦးရေပြားတွင်အမာရွတ်များဖြစ်ပေါ်တတ်ပြီး ထိုနေရာတွင် ဆံပင်ပြန်မပေါက်နိုင်သည်အထိ ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ဦးရေပြားမှာ မခံနို်င်အောင် ယားယံ၍အဖတ်ဖတ်များဖြစ်နေခြင်း။

- ဆံပင်ကျွတ်၍ပြန်မပေါက်ခြင်း။

- အခြားပုံမှန်မဟုတ်သော လက္ခဏာများနှင့်အထက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့်တိုင်ပင် ပြသသင့်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးခြင်း။

- ဆံပင် (သို့မဟုတ်) ဦးရေပြားမှအသားစယူ၍ အဏုကြည့်မှန်ပြောင်းဖြင့်မှိုရောဂါဟုတ်မဟုတ် စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

- မှိုစွဲခြင်းအတွက် ဆေးသောက်ခြင်း။

- မှိုရောဂါသက်သာစေသော ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ခြင်း။


ကာကွယ်ခြင်း

- ဦးရေပြားပွေးရောဂါဖြစ်နေသူမှ သူတစ်ပါးအားမကူးစက်အောင် နေထိုင်ခြင်း။

- ခေါင်းမှန်မှန်လျှော်ခြင်း။

- လက်ဆေးခြင်း။

- မိမိကိုယ်ကိုနှင့်ပတ်ဝန်းကျင်သန့်ရှင်းအောင် ထိန်းသိမ်းခြင်း ။

- ရောဂါဖြစ်နေသော ခွေးများ၊ကြောင်များကို ရှောင်ကြဉ်ခြင်း။

- ဦးရေပြားမှိုစွဲနေသူ၏ အသုံးအဆောင်များ၊မျက်နှာသုတ်ပဝါ၊ဘီးနှင့် အဝတ်အစားများအား  အတူတူအသုံးပြုခြင်းများ မပြုလုပ်ရန် စသည်တို့ဖြင့် ကာကွယ်နိုင်ပါသည်။


Ref: Mayo Clinics 

Credit: Dr Toe



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18