Print

Ulcerative Colitis ( အူမကြီး အနာ )

  21-Nov-2016
Preview Image

အူမကြီး အတွင်းနံရံများ ရောင်ရမ်းမှု အချိန်ကြာမြင့်လာသောအခါ အနာဖြစ်ခြင်းကို အူမကြီးအနာဟု ခေါ်သည်။ 

လက္ခဏာများ
အူမကြီး အနာဖြစ်သူများတွင် ဖြစ်သောနေရာကို လိုက်၍ ရောဂါ လက္ခဏာများ ကွာခြားတတ်သည်။
လက္ခဏာများ အနေဖြင့်
• ဝမ်းသွားခြင်း
• ဝမ်းဗိုက် ထိုး၍ အောင့်ခြင်း
• ဝမ်းသွားရာတွင် သွေးပါခြင်း၊ အချွဲများ ပါတတ်ခြင်း
• မကြာခဏ ဝမ်းသွားလိုခြင်း
• ဝမ်းသွားချင်စိတ် ဖြစ်သော်လည်း ဝမ်းမသွားနိုင်ခြင်း၊ ဝမ်းကိုက်ခြင်း
• ကိုယ်အလေးချိန် လျော့သွားခြင်း
• မောပန်း နွမ်းနယ်ခြင်း
• ဖျားခြင်း
• ကလေးငယ်များတွင် ကိုယ်ခန္ဓာ ကြီးထွားမှု နောက်ကျခြင်းတို့ ဖြစ်ပွားနိုင်သည်။
ပြင်းထန်မှုမှာ ဖြစ်ပွားသောနေရာကို မူတည်ကာ ကွာခြားသည်။ အသက်ငယ်သူများတွင် ဖြစ်ပွားပါက ပို၍ ပြင်းထန်လေ့ရှိသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားစေသော အကြောင်းရင်းကို သေချာစွာ မသိရသေးပါ။ လေ့လာမှုများအရ ကိုယ်ခံအားစနစ် မကောင်းခြင်းကြောင့် ဝင်ရောက်လာသော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးများကို ပြန်လည် ခုခံနိုင်စွမ်းနည်းသောကြောင့် အူလမ်းကြောင်းအတွင်း ရောင်ရမ်းရခြင်း ဖြစ်သည်။


ဖြစ်နိုင်ချေများသူများ
• အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက် ၃ဝအောက် အရွယ်ရှိသူများ
• အသားဖြူသူများ
• မိသားစုတွင်း အူမကြီးနာ ဖြစ်ဖူးသူများ
• Isotretinoin ဆိုသော ဝက်ခြံပျောက်ဆေး သုံးသောသူများတွင် အဖြစ်များသည်။


နောက်ဆက်တွဲ ပြဿနာများ
နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် 
• အူမကြီးအနာမှ သွေးယိုခြင်း
• အူမကြီးပေါက်ခြင်း
• အူမကြီးမှ ရေကို ကောင်းစွာ မစုပ်ယူနိုင်သောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း
• အသည်းရောဂါဖြစ်ခြင်း
• အရိုးပွခြင်း
• အရေပြား၊ အရိုးအဆစ်များ၊ မျက်လုံးနှင့် ပါးစပ်အတွင်းသားများ ရောင်ရမ်းခြင်း
• အူမကြီးလျင်မြန်စွာ ရောင်ရမ်းလာကာ ပိုးဝင်ခြင်း ( Toxic megacolon)
• သွေးကြောများတွင်း သွေးခဲများ ဖြစ်လွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အူမကြီးနာကြောင့် အသက် မဆုံးရှုံးနိုင်သော်လည်း ၎င်း၏ နောက်ဆက်တွဲ ပြဿနာများမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောကြောင့်
• ဝမ်းသွားသည့် အလေ့အထ ပြောင်းသွားခြင်း
• ဗိုက်အောင့်ခြင်း
• ဝမ်းတွင်းသွေးပါခြင်း
• ဝမ်းလျှောခြင်း၊ ဝမ်းလျှောပါက ဆေးသောက်သော်လည်း မသက်သာတတ်ခြင်း
• အကြောင်းရင်းမရှိဘဲ ဖျားနာခြင်းတို့ ကြုံတွေရပါက နီးစပ်ရာဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူသင့်သည်။


စစ်ဆေးမှုများ
ဆရာဝန်နှင့် ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရမည်။ ထို့ပြင်
• သွေးအားနည်းခြင်း ရှိမရှိနှင့် ရောဂါပိုး ရှိမရှိကို သိရှိနိုင်ရန် သွေးစစ်ခြင်း
• ဝမ်းစစ်ခြင်း
• အူမကြီးအတွင်း မှန်ပြောင်းဖြင့် စစ်ဆေးခြင်း
• အူမကြီး လွန်စွာရောင်ရမ်းနေသော လက္ခဏာများရှိပါက Sigmoid colon အထိ မှန်ပြောင်းထည့်ကာ စစ်ဆေးခြင်း
• အူလမ်းကြောင်း ပေါက်ခြင်း ရှိမရှိကို ဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း
• နောက်ဆက်တွဲ ပြဿနာများကို သိနိုင်ရန် ကွန်ပျူတာဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။


ကုသခြင်း
အူမကြီးအနာကို ဆေးများဖြင့်သော်လည်းကောင်း၊ ခွဲစိတ်၍သော်လည်းကောင်း ကုသနိုင်သည်။


ဆေးများအနေဖြင့်
• ရောင်ရမ်းခြင်းကို သက်သာစေသည့် Aminosalicylate , Corticosteroid ကဲ့သို့သော ဆေးများ
• ခုခံအားစနစ်ကို လျော့ချပေးသော ဆေးများ
• ပိုးသတ်ဆေးများ
• ဝမ်းသွားခြင်းကို သက်သာစေသော ဆေးများ
• နာကျင်မှုကို သက်သာစေသော ဆေးများ
• သံဓာတ် အားဖြည့်ဆေးများကို အသုံးပြုနိုင်သည်။
ခွဲစိတ်မှုများအနေဖြင့် 
• အူမကြီးနာ ဖြစ်သည်အပိုင်းကို ဖြတ်ထုတ်ခြင်း
• အူမကြီး တစ်ခုလုံးကို ဖြတ်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

အူမကြီး အနာဖြစ်ပွားသူများတွင် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများသည်။ ထို့ကြောင့် 
• အူမကြီးဦးပိုင်း၏ ဘယ်ဘက်တွင် အနာဖြစ်ပွားပါက ၁ဝနှစ်လျှင်တစ်ကြိမ်
• အူမကြီးဦးပိုင်း အများစုတွင်ဖြစ်လျှင် ၈နှစ်လျှင်တစ်ကြိမ်
• အူမကြီး နှောင်းပိုင်းတွင် အနာဖြစ်လျှင် ၂နှစ်လျှင်တစ်ကြိမ် ကင်ဆာ ဖြစ်မဖြစ်ကို စစ်ဆေးသင့်သည်။


အိမ်တွင်းကုထုံးများ
အူမကြီးအနာ ဖြစ်ပွားသူများတွင် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် ပိုမို မဆိုးရွားလာစေရန် အစားအစာများနှင့် နေထိုင်မှုပုံစံကို ပြောင်းလဲရန် လိုအပ်သည်။
• နို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကျဉ်ပါ။
• အဆီများသော အစာများကို ရှောင်ကျဉ်ပါ။ 
• အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်များကို ရှောင်ကျဉ်ပါ။
• အစပ်၊ အရက်နှင့် ကဖင်း တို့ကို ရှောင်ကျဉ်ပါ။
• အစာကို နည်းနည်းနှင့် ခဏခဏစားပါ။
• ရေများများ သောက်ပါ။
• ဗီတာမင်နှင့် သတ္ထုဓာတ်များကို ဖြည့်စွက်စားသုံးပါ။
• အူမကြီးနာဖြစ်ပြီး ကိုယ်အလေးချိန် လျော့ကျလာပါက အာဟာရဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပါ။
• စိတ်ဖိစီးမှု များခြင်းသည် အူမကြီးနာ၏ လက္ခဏာများကို ပိုမို ဆိုးရွားစေသောကြောင့် စိတ်ဖိစီးမှုကို လျော့ချရန်
- လေ့ကျင့်ခန်းလုပ်ပါ။
- အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ပါ။


ဖြည့်စွက် ကုထုံးများအနေဖြင့်
o သစ်ဥသစ်ဖုနှင့် အာဟာရဆိုင်ရာ ဖြည့်စွက်အစာများကို စားသုံးခြင်း
o အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ပုံမှန်ရှိရမည့် ပိုးမွှားများကို အားပေးသော Probiotics များသောက်သုံးခြင်း
o ရောင်ရမ်းခြင်းကို သက်သာစေသော ငါးကြီးဆီနှင့် ရှားစောင်းလက်ပတ်တို့ကို စားခြင်း
o အပ်စိုက်ကုသခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။



Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18