Print

Yeast Infection (Vaginal) (မိန်းမကိုယ် မှိုရောဂါ)

  21-Nov-2016
Preview Image


မိန်းမကိုယ်မှိုရောဂါ ဆိုသည်မှာ မိန်းမကိုယ်သို့ မှိုရောဂါပိုး ဝင်ရောက်ခြင်းကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း၊ ပူခြင်း၊ ယားခြင်း၊ အဖြူဆင်းခြင်းတို့ကို ဖြစ်ပေါ်ခံစားရခြင်းဖြစ်သည်။ ၎င်းရောဂါသည် လိင်မှတဆင့် ကူးစက်တတ်ရုံသာမက လိင်ဆက်ဆံမှုမရှိသော သူများတွင်လည်း ဖြစ်နိုင်ပါသည်။


လက္ခဏာများ
- မိန်းမကိုယ်အဝနှင့် အတွင်းမှ နီရဲပူ၍ယားယံခြင်း
- နာကျင်ခြင်း (အထူးသဖြင့် လိင်ဆက်ဆံစဉ်နှင့် အပေါ့သွားစဉ်)
- မိန်းမကိုယ်တွင် အနီကွက်ထခြင်း
- အရည်ကျဲကျဲအဖြူဆင်းခြင်း
- တစ်ခါတစ်ရံတွင် ဖြူဖြူပျစ်ပျစ် ဒိန်ချဉ်ဖတ်ကဲ့သို့ အဖြူဆင်းခြင်းများလည်းဖြစ်ပေါ်ခံစားရနိုင်ပါသည်။



ဖြစ်ပွားရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် မိန်းမကိုယ်တွင် lactobacillus ဟုခေါ်သည့် ဘက်တီးရီးယားပိုးမွှားများမှ အက်စစ်ထုတ်ပေးပြီး အခြားရောဂါပိုးများမဝင်ရန် ကာကွယ်ပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် အထူးသဖြင့် ပိုးသတ်ဆေးများ အသောက်များသောအခါ ထိုဘက်တီးရီးယားများ သေဆုံးနိုင်ပြီး အခြားမကောင်းသည့် ဘက်တီးရီးယား၊ မှိုရောဂါပိုးများ အလွယ်တကူဝင်ရောက်ကာ ရောဂါဖြစ်ပွားနိုင်သည်။


့်ဖြစ်နိုင်ချေများသူများ
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ
- ဆီးချိုသွေးချိုရောဂါကောင်းကောင်းမထိန်းသူများ
- ခုခံအားဓာတ် အားနည်းသူများ
- တားဆေး (သို့) မိန်းမဟော်မုန်းအီစရိုဂျင် သုံးနေသူများ


စစ်ဆေးမှုများ
- ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း
- မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ခြင်း
- မိန်းမကိုယ်မှထွက်သော အရည်အားစစ်ဆေးခြင်း



ကုသခြင်း
Antifungal မှိုပိုးသတ်ဆေးသောက်ခြင်း၊ မိန်းမကိုယ်ထဲသို့ ဆေးတောင့်ထည့်ခြင်း၊ မှိုပိုးသတ်ဆေးလိမ်းခြင်းတို့ ပြုလုပ်ရမည်။ 
ထို့အပြင် Boric acid ဟုခေါ်သော မိန်းမကိုယ်ထဲထည့်ရသော ပိုးသတ်ဆေးကိုလည်း အသုံးပြုနိုင်သည်။ ဒိန်ချဉ်သောက်သုံးခြင်း (သို့) မိန်းမကိုယ်သို့ သုတ်လိမ်းပေးခြင်းသည်လည်း ရောဂါပျောက်ကင်းမှုကို အားပေးနိုင်သည်ဟု တွေ့ရှိထားကြသည်။


ကာကွယ်ခြင်း
- ချည်သားဘောင်းဘီ အတွင်းခံများ ဝတ်ရမည်။
- အလွန်ကျပ်သောဘောင်းဘီ၊ စကပ်ဝတ်ခြင်းမှ ရှောင်ရှားရမည်။
- အဝတ်များစိုထားပါက ချက်ချင်းလဲလှယ်ရမည်။ ဥပမာ- မိုးရေစိုခြင်း၊ အားကစားပြုလုပ်ပြီး ချွေးစိုဝတ်များ။
- ရေအပူထဲတွင် ကြာရှည်စွာစိမ်ခြင်း မပြုလုပ်ရန်။
- မလိုအပ်ဘဲ ပိုးသတ်ဆေးများ သောက်ခြင်းမှ ရှောင်ရှားရန်။ ဥပမာ- နှာစေး၊ ဖျားနာရုံဖြင့် ပိုးသတ်ဆေးသောက်ခြင်း။



Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18