Print

Burning Mouth Syndrome ( ခံတွင်းပူခြင်း ရောဂါလက္ခဏာစု)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ခံတွင်းပူခြင်း ရောဂါလက္ခဏာစုဆိုသည်မှာ ရောဂါဖြစ်စေသော အကြောင်း အရင် တစ်စုံတစ်ရာမရှိဘဲ ပါးစပ်အတွင်း အပူလောင်သော ခံစားမှုမျိုး မကြာခဏရခြင်း သို့မဟုတ် အမြဲတမ်းရနေခြင်းမျိုးဖြစ်သည်။ ပူစပ်ပူလောင် ခံစားမှုမျိုးကို ပါးစပ်၊လျှာ၊သွားဖုံး၊နှုတ်ခမ်း၊ ပါးစောင် ၊အာခေါင်နှင့် ပါးစပ်ရှိနေရာအတော်များများတွင် ခံစားနေရာခြင်းမျိုးဖြစ်ပြီး ထိုသို့ခံစားရခြင်းသည် အချို့သူများတွင် ပါးစပ်တွင်း အရည်ကြည်ဖု ထခြင်းမျိုးအထိ ဖြစ်တတ်သည်။ ခံတွင်းပူခြင်း ရောဂါလက္ခဏာစုသည် ရုတ်တရက်ပေါ်လာတတ်ပြီး တဖြည်းဖြည်းပိုဆိုးလာတတ်သော ရောဂါမျိုးဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းကို ယခုထိတိုင် မသိသေးသော်လည်း သေချာစွာ ဂရုစိုက်ပါကလည်း သက်သာအောင် ထိန်းထားနိုင်သော ရောဂါမျိုးဖြစ်ပါသည်။

လက္ခဏာများ

ခံတွင်းပူခြင်း ရောဂါလက္ခဏာစု၏ လက္ခဏာများမှာ-

အပူလောင်သော ခံစားချက်မျိုး သို့မဟုတ် အရည်ကြည်ဖုထသော ခံစားမှုမျိုးခံစားရခြင်း အထူးသဖြင့် လျှာတွင် အဖြစ်များလေ့ရှိပြီး နှုတ်ခမ်း၊အာခေါင်၊လည်ချောင်း နှင့် သွားဖုံးများတွင်လည်း ဖြစ်လေ့ရှိသည်။

အာခြောက်လာပြီး မကြာခဏ ရေဆာတတ်သည်။

ခံတွင်းပျက်ခြင်း နှင့် ပါးစပ်ခါးခြင်းများ ဖြစ်တတ်သည်။


ခံတွင်းပူခြင်း ရောဂါလက္ခဏာစု၏ လက္ခဏာများမှာ

အချို့လူများတွင် မနက်မိုးလင်းချိန်တွင် စဖြစ်တတ်ပြီး တဖြည်းဖြည်း ပိုဆိုးလာခြင်း

မနက်မိုးလင်းချိန်မှစ၍ တစ်နေ့လုံးဖြစ်နေခြင်း

ဖြစ်ပြီးပျောက်သွားခြင်းတို့ဖြစ်ပါသည်။ 

အချို့သောသူများတွင် ခံတွင်းပူခြင်း ရောဂါလက္ခဏာစု သည် လမှ နှစ်ချီ၍ ကြာတတ်ပြီး အချို့သောသူများတွင်မူ ပြန်ကောင်းသွားလေ့ရှိပြီး အချို့တွင်မူ စားသောက်နေသော အချိန်တွင် ခေတ္တ သက်သာသွားလေ့ရှိသည်။ ခံတွင်းပူခြင်း ရောဂါလက္ခဏာစု ကြောင့် သင့်လျှာနှင့် ပါးစပ်တွင်မူ သိသိသာသာပြောင်းလဲမှုများ ရှိလိမ့်မည် မဟုတ်ပေ။


ဖြစ်ပွားရသော အကြောင်းရင်းများ

ခံတွင်းပူခြင်း ရောဂါလက္ခဏာစု ဖြစ်ပွားရသော အကြောင်း အရင်းအား အဓိကအားဖြင့် ၂မျိုး ခွဲခြားနိုင်ပါသည်။

ခံတွင်းပူခြင်း ရောဂါလက္ခဏာစုတစ်ခုတည်းသာဖြစ်ခြင်း

အခြားရောဂါ တစ်ခုခုကြောင့် ခံတွင်းပူခြင်း ရောဂါလက္ခဏာစုဖြစ်ခြင်း


ခံတွင်းပူခြင်း ရောဂါလက္ခဏာစုတစ်ခုတည်းသာဖြစ်ခြင်း

အခြားမည်သည့် ရောဂါ လက္ခဏာမှ မရှိဘဲ  ခံတွင်းပူခြင်း ရောဂါလက္ခဏာပြပြီး အရသာခံနိုင်သော အာရုံကြောများနှင့် ဦးနှောက် အာရုံကြောမကြီးတို့တွင် မူမမှန်ခြင်းကြောင့် ဖြစ်လေ့ရှိသည်။


အခြားရောဂါ တစ်ခုခုကြောင့် ခံတွင်းပူခြင်း ရောဂါလက္ခဏာစုဖြစ်ခြင်း

တစ်ချို့သောသူများတွင်မူ ခံတွင်းပူခြင်း ရောဂါလက္ခဏာစု သည် အခြားသော ရောဂါအခံတစ်ခုကြောင့် ဖြစ်လေ့ရှိသည်။ ဥပမာ-

ပါးစပ်ခြောက်ခြင်း(အထူးသဖြင့် လက်ရှိသုံးစွဲလျက်ရှိသော ဆေးတစ်မျိုးမျိုး၏ ဘေးထွက်ဆိုးကျိုးကြောင့်သော်လည်းကောင်း၊ တံတွေး ထုတ်ပေးသော ဂလင်းတွင် ပြဿနာရှိခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်သည်။

ပါးစပ်တွင်း မှက်ခရုပေါက်ခြင်းနှင့် အခြားသော ရောဂါအချို့ကြောင့် ဖြစ်ခြင်း

အာဟာရဓာတ်များ ချို့တဲ့ခြင်း ဥပမာ-ဗီတာမင် ဘီ ဝမ်း(B1)၊ ဘီ ဆစ်(B6)၊ ဘီ တွဲလ် (B 12) ၊သံဓာတ်၊ဇင့်ဓာတ်၊ဖောလစ်အက်စစ် များ ချို့တဲ့ခြင်း

အံကိုက်မဖြစ်သော သွားတုများ

အစားအသောက်ဓာတ်မတည့်ခြင်းများ( အထူးသဖြင့် ဆိုးဆေးနှင့် အနံ့ထည့်ထားသော အစားအသောက်များနှင့် ဓာတ်မတည့်ခြင်းများ)

စားချင့်ပြန်ခြင်းရောဂါရှိသူများ

ဆေးဝါးများ အထူးသဖြင့် သွေးတိုးကျဆေးများ

သွားကျိတ်တတ်သောသူများ

ဟော်မုန်းဆိုင်ရာ ရောဂါရှိသူများ (ဥပမာ-ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါ)

သွားတိုက်ဆေး အပြင်းစားသုံးခြင်းများ၊လျှာအား တရားလွန်ပွတ်တိုက်ခြင်းများ၊ ပါးစပ်သန့်စင်ဆေးရည်များ အလွန်အကျွံသုံးစွဲခြင်းများ

စိတ်ပူပန်မှုများခြင်း၊စိတ်ဓာတ်ကျခြင်း နှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့်လည်း ဖြစ်လေ့ရှိပါသည်။


ဖြစ်နိုင်ချေများသူများ

အခြားရောဂါ တစ်ခုခုကြောင့် ခံတွင်းပူခြင်း ရောဂါလက္ခဏာစုဖြစ်သောသူများတွင် အထက်ဖော်ပြပါ ရောဂါ လက္ခဏာများ ရှိပါက ဖြစ်နိုင်ချေ ပိုများပါသည်။


နောက်ဆက်တွဲ ပြဿနာများ

ခံတွင်းပူခြင်း ရောဂါလက္ခဏာစု၏ နောက်ဆက်တွဲ ပြဿနာများမှာ-

အစားစားရာတွင် ခက်ခဲခြင်း

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရန် ခက်ခဲခြင်း

စိတ်ဓာတ်ကျခြင်းနှင့်

စိတ်ပူပန်ရခြင်းတို့ဖြစ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင့်ပါးစပ်အတွင်း လျှာ၊ နှုတ်ခမ်း၊ အာခေါင်နှင့် သွားဖုံးများ ပူစပ်ပူလောင်ဖြစ်နေခြင်းရှိပါက ဆရာဝန်သို့မဟုတ် သွားဆရာဝန်နှင့် သွားရောက်ပြသရန် လိုအပ်ပါသည်။


စစ်ဆေးမှုများ

ခံတွင်းပူခြင်း ရောဂါလက္ခဏာစုအတွက် သီးသန့်စစ်ဆေးရန် သတ်မှတ်ထားသော ရောဂါစစ်ဆေးချက်မျိုး မရှိသေးပေ။ သင့် မိသားစုဆရာဝန် သို့မဟုတ် သွားဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်သော စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။ ဥပမာ-


သွေးစစ်ခြင်းများ( သွေးထဲရှိ သွေးဖြူဥ၊သွေးနီဥ ပမာဏများ စစ်ဆေးခြင်း၊ သွေးချိုဓာတ်တိုင်းခြင်း၊ လည်ပင်းကြီးရောဂါအတွက် သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း၊ အခြား အာဟာရဓာတ်ဆိုင်ရာ စစ်ဆေးမှုများနှင့် ခန္ဓာကိုယ် ခုခံစွမ်းအားဆိုင်ရာ စစ်ဆေးမှုများ)

ပါးစပ်တွင်း ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် အခြား မှိုရောဂါပိုးများ ရှိမရှိ သိစေရန် ပိုးမွေးခြင်း သို့မဟုတ် Biopsy( အသားစယူ၍စစ်ဆေးခြင်း) လုပ်ခြင်း

ဓာတ်မတည့်မှု ရှိမရှိ စစ်ဆေးခြင်း(အထူးသဖြင့် အစားအသောက်တစ်မျိုးမျိုး သို့မဟုတ် ဆိုးဆေးတစ်မျိုးမျိုး သို့မဟုတ် သွားတုနှင့် ဓာတ်မတည့်ခြင်းရှိမရှိစစ်ဆေးခြင်း။)

တံတွေးအား စစ်ဆေးခြင်း။(အချို့သောသူများတွင် ပါးစပ်ခြောက်တတ်သော ရောဂါရှိပါကလည်း ပါးစပ်အပူလောင်ခြင်း ရောဂါလက္ခဏာစု ဖြစ်နိုင်သောကြောင့်ဖြစ်သည်။)

အစာအိမ်မှ အက်စစ်ရည်ပြန်ထွက်မထွက် စစ်ဆေးခြင်း( အစာရေမျိုပြွန်၏ အဆုံးရှိ အဆို့ရှင် မလုံသော သူများတွင် ဖြစ်လေ့ရှိပြီး ပါးစပ်အပူလောင်ခြင်း ရောဂါလက္ခဏာစု ကို ဖြစ်စေတတ်သည်။)

ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းများလည်း လိုအပ်ပါက ပြုလုပ်ရန် လိုအပ်ပါသည်။

သောက်လက်စဆေးများအား ခေတ္တရပ်ထားခြင်း

စိတ်ဖိစီးမှု၊စိတ်ပင်ပန်းမှုများ ရှိပါက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

အခြားရောဂါ တစ်ခုခုကြောင့် ခံတွင်းပူခြင်း ရောဂါလက္ခဏာစုဖြစ်ခြင်းအတွက် ရောဂါဖြစ်စေသော အကြောင်းအရင်းခံအား ကုသလိုက်ပါက ပျောက်ကင်းနိုင်ပြီး ခံတွင်းပူခြင်း ရောဂါလက္ခဏာစုတစ်ခုတည်းသာဖြစ်ခြင်းကမူ တိတိကျကျပျောက်ကင်းနိုင်သော ကုသသည့်နည်းလမ်း မရှိသေးပေ။



ကုသနိုင်သော နည်းလမ်းများမှာ-

တံတွေးအစားထိုးပစ္စည်းဖြင့်ကုသခြင်း

သီးသန့်ပြုလုပ်ထားသော ခံတွင်းသန့်စင်ဆေးရည်များ အသုံးပြုခြင်း

စိတ်ဖိစီးမှုကြောင့်ဖြစ်နေသောသူများအတွက် စိတ်ငြိမ်ဆေးများ ပေးခြင်း

ခံတွင်းပူခြင်းကို သက်သာစေရန်အတွက် ဆေးများ ပေးခြင်း

အစားအသောက်ပုံစံပြောင်းခြင်း စသည်တို့ပြုလုပ်နိုင်ပါသည်။


ကာကွယ်ခြင်း

ခံတွင်းပူခြင်း ရောဂါလက္ခဏာစုကို ကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် သက်သာစေရန်မူ ဆေးလိပ်၊အစပ်များသော အစားအစာများ၊ အသင့်သောက် အချိုရည်များအား ရှောင်ကြဉ်ခြင်းနှင့် စိတ်ဖိစီးမှု နည်းအောင် နေခြင်း စသည်တို့ဖြင့် ပါးစပ်အပူလောင်ခြင်းကို သက်သာစေနိုင်ပါသည်။


အခြားသိသင့်သော အချက်များ (ရှိလျှင်)

ခံတွင်းပူခြင်း ရောဂါလက္ခဏာစု အတွက် ဆေးသောက်ခြင်းအပြင် ခံစားနေရသော ဝေဒနာများ သက်သာစေရန် အခြားကိုယ်တိုင်ပြုလုပ်နိုင်သော အချက်များမှာ-

ရေများများသောက်ခြင်း။ ရေခဲငုံခြင်း။

အက်စစ်ဒစ် အက်စစ်ဓာတ်များသော အစားအစာများအား ရှောင်ခြင်း(ဥပမာ- ခရမ်းချဉ်သီး၊လိမ္မော်သီး၊ကော်ဖီ နှင့် အခြားအသင့်သုံးအချိုရည်များ)။

အရက်၊ဘီယာ နှင့် ဆေးလိပ်များ ရှောင်ခြင်း။

အစပ်ရှောင်ခြင်း

ပူရှိန်းပါသော အစားအစာများ ရှောင်ခြင်း

သွားတိုက်ဆေး အမျိုးအစားပြောင်းခြင်း(အထူးသဖြင့် ပူရှိန်းမပါသော သွားတိုက်ဆေးပြောင်းသုံးခြင်း)

စိတ်ဖိစီးမှုများ လျှော့ချရန် ကြိုးစားခြင်း


ခံတွင်းပူခြင်း ရောဂါလက္ခဏာစုသည် သင့်အား စိတ်အနှောက်အယှက်ပေးနိုင်သော ရောဂါထဲတွင် တစ်ခုပါဝင်ပြီး စိတ်သက်သာစေရန် အောက်ပါတို့ိကို လုပ်နိုင်ပါသည်။ 

ယောဂ ကျင့်ခြင်း

စိတ်ပင်ပန်းမှု သက်သာစေရန် မိမိစိတ်ပါဝင်စားသော ဝါသနာပါရာ အလုပ်များလုပ်ခြင်း

မိသားစုများနှင့် နွေးနွေးထွေးထွေးနေခြင်း


Ref: Mayo Clinic

Credit : Dr.Genius ( 7887 Healthcare Call Center) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18