Print

ခေါင်းမူးခြင်း

  16-Aug-2018
Preview Image

 ခေါင်းမူးခြင်းတွင် ခံစားရမှုအမျိုးမျိုးပါဝင်သည်။ ဥပမာ သတိလစ်ချင်သလိုဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ အားနည်း၍မူးခြင်း၊ ချာချာလည်အောင်မူးခြင်းတို့ပါဝင်သည်။ မကြာခဏခေါင်းမူးခြင်းကြောင့် ကျန်းမာရေးအပေါ် ထိခိုက်မှုများရရှိနိုင်ပါသည်။ သို့သော် ခေါင်းမူးခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်မှု နည်းသည်။ ခေါင်းမူးခြင်း၏ ကုသမှုသည် ဖြစ်စေသည့်အကြောင်းအရာနှင့် လက္ခဏာပေါ်မူတည်သည်။ ခေါင်းမူးခြင်းကို ကုသရာတွင် အလွန်ထိရောက်သော်လည်း ခဏခဏပြန်ဖြစ်နိုင်သည်။


လက္ခဏာများ 

 လူတစ်ယောက်ခေါင်းမူးပါက ခံစားရသောလက္ခဏာများမှာ

(၁) ချာချာလည်အောင် မူးခြင်း

(၂) သတိလစ်မလိုဖြစ်ခြင်း (သို့) ခေါင်းပေါ့ခြင်း

(၃) ရိပ်ခနဲမူးပြီး မိမိကိုယ်ကို မထိန်းနိုင်ခြင်း

(၄) ခေါင်းလေးခြင်း


ဖြစ်ပွားရသောအကြောင်းရင်းများ

 ခေါင်းမူးခြင်းဖြစ်စေသည့် အကြောင်းအရင်းများစွာရှိသည်။ နားအတွင်း ချို့ယွင်းချက်ရှိနေခြင်း၊ ကားမူးခြင်း၊ လှေမူးခြင်း၊ လေယာဉ်မူးခြင်း၊ ဆေးကြောင့်မူးခြင်း၊ တခါတရံ ကျန်းမာရေးမကောင်း၍လည်း မူးနိုင်သည်။ ခံစားရသော ခေါင်းမူးခြင်းကိုလိုက်၍ ဖြစ်နိုင်သည့်အကြောင်းအရင်းကို သဲလွန်စပေးသည်။ ခေါင်းမူးလျှင် ကြာသောအချိန်နှင့် အခြားလက္ခဏာများကလည်း အထောက်အကူပြုသည်။ 


နားအတွင်းပိုင်း ထိခိုက်မှုရှိ၍မူးခြင်း

• လူတစ်ယောက်မတ်မတ်ရပ်နိုင်အောင် ခန္ဓာကိုယ်တွင်းရှိ အာရုံခံစားမှုအဖွဲ့အစည်းများပေါင်း၍ ထိန်းထားပေးသည်။ ထိုသို့ ထိန်းပေးထားသော ကိုယ်အင်္ဂါအဖွဲ့အစည်းများမှာ  

• မျက်လုံး = သင့်ခန္ဓာကိုယ်ဘယ်လို ရှိနေလဲဆိုတာကို ထိန်းပေးထားသည်။ 

• အာရုံကြော = သင့်ခန္ဓာကိုယ်ရဲ့ ရွေ့လျားမှုနှင့် အနေအထားကို ဦးနှောက်သိအောင် ပြုလုပ်ပေးသည်။

• နားအတွင်းပိုင်း = ကမ္ဘာ့ဆွဲအားနှင့်ရှေ့နောက်ရွေ့လျားမှုကို ထိန်းညှိပေးသည်။


ချာချာလည်အောင် မူးခြင်းဆိုသည်မှာ ဘေးပတ်လည်ရှိ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေသည်ဟု

ထင်နေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ နားအတွင်း ချို့ယွင်းချက်ရှိပါက ဦးနှောက်က နားမှရရှိသော အချက်အလက်များသည် မျက်လုံးနှင့် အာရုံခံအာရုံကြောမှ ရရှိလာသော အချက်အလက်များနှင့် ကွာခြား၍ ဦးနှောက်မှ အဖြေမထုတ်နိုင်သောကြောင့် ချာချာလည်အောင် မူးခြင်းဖြစ်သည်။ 


အနေအထားပြောင်းလဲခြင်းကြောင့် ချာချာလည်အောင်ခေါင်းမူးခြင်း

 ဆိုသည်မှာ ရုတ်တရက် အချိန်ခဏအတွင်း ပြင်းထန်စွာ ချာချာလည်အောင် မူးခြင်းဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ရုတ်တရက် ဦးခေါင်းလှုပ်ရှားရမှ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဥပမာ ကုတင်ပေါ်တွင် လိမ့်ချိန်၊ ရုတ်တရက် ထိချိန်နှင့် ဦးခေါင်းပြင်းထန်စွာထိခိုက်မိချိန်များတွင် ဖြစ်တတ်စည်။ အနေအထားပြောင်းလဲ ခြင်းကြောင့် ချာချာလည်အောင် ခေါင်းမူးခြင်းများတွင် အဖြစ်များဆုံးသော ချာချာလည်ခေါင်းမူးခြင်း တစ်မျိုးဖြစ်သည်။ 


နားအာရုံကြောပိုးဝင်ခြင်း

 နားအာရုံကြောပိုးဝင်ခြင်းကြောင့် အာရုံကြောရောင်ရာမှလည်း ပြင်းထန်သည့် ချချာလည်ခေါင်းမူးခြင်း ဖြစ်နိုင်သည်။ ထို့အပြင် ထိုပိုးဝင်ခြင်းကြောင့် နားစည်ရောင်ရာမှ အကြားအာရုံချို့ယွင်းမှုလည်းဖြစ်နိုင်သည်။ 


Meniere’s ရောဂါဆိုသည်မှာ နားအတွင်းပိုင်းတွင် နားရည်စုရာမှ ဖြစ်ခြင်းဖြစ်သည်။ ထိုရောဂါတွင်ဖြစ်သော ချာချာလည်အောင် ခေါင်းမူးခြင်းသည် အပိုင်းလိုက်ဖြစ်တတ်ပြီး အပိုင်းတစ်ပိုင်းလျှင် နာရီအနည်းငယ် ကြာနိုင်သည်။ ထိုသို့ချာချာလည်ခေါင်းမူးခြင်းအပြင် နားအူခြင်း အကြားအာရုံပေါ်လိုက်ပျောက်လိုက် ဖြစ်ခြင်း၊ နားထဲတွင်းတစ်ခုခု တပ်ထားသည်ဟု ခံစားရခြင်းများလည်း ရှိနိုင်သည်။ 


Migraine ခေါင်းတစ်ခြမ်းကိုက်ခြင်း ရာတွင်လည်း ချာချာလည်အောင် မူးနိုင်သည်။ ချာချာလည်အောင် မူးရာတွင် မိနစ်မှနာရီအထီကြာနိုင်၍ ခေါင်းပေါ့ခြင်း၊ အသံကြားနေခြင်းတို့လည်း ခံစားရနေနိုင်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါတွင် ချာချာလည်အောင်မူးခြင်းအပြင် အခြားခေါင်းမူးခြင်း ပုံစံများဖြင့်လည်း ရှိနိုင်သည်။ 


သွေးလည်ပတ်မှုပေါ်မူတည်၍ ခေါင်းမူးခြင်း

• သွေးပေါင်ကျပါက ခေါင်းမူးနိုင်သည်။ အထူးသဖြင့် ရုတ်တရက်ထိုင်ခြင်း၊ ထခြင်းများတွင် ခေါင်းမူးခြင်းသည် သွေးပေါင်ကျခြင်းကြောင့် ခေါင်းမူးခြင်းဖြစ်သည်။ 


သွေးလည်ပတ်မှုမကောင်းခြင်းကြောင့် ခေါင်းမူးခြင်း

• သွေးလည်ပတ်မှုမကောင်းရာမှ ဦးနှောက်သို့လိုအပ်သည့် သွေးပမာဏမရောက်ရှိသဖြင့် ခေါင်းမူးခြင်းဖြစ်သည်။ 


အခြားကိစ္စများကြောင့်ခေါင်းမူးခြင်း

 • စိတ်ပူပန်ခြင်းရောဂါ၊ သွေးထဲသံဓာတ် လျော့နည်းခြင်း၊ Parkinson’s ရောဂါ ၊ Multiple sclerosis ဟုခေါ်သောအာရုံကြောရောဂါ၊ အတက်ရောဂါ သောက်ဆေး၊ စိတ်ကျရောဂါ သောက်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး စသည်တို့ကြောင့်လည်း ခေါင်းမူးနိုင်သည်။


ဖြစ်နိုင်ခြေများသူ

• အသက်ကြီးလျှင် ပိုမူးနိုင်သည်။

• ငယ်ငယ်ထဲက ခေါင်းမူးလေ့ရှိသူသည် ကြီးလာလျှင်ပိုမူးနိုင်သည်။ 


နောက်ဆက်တွဲပြဿနာများ

• ခေါင်းမူးခြင်းကြောင့် ချော်လဲခြင်း၊ ချော်ကျခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ပိုဖြစ်နိုင်သည်။

• စက်ယန္တရား၊ ကားများမောင်းနေချိန်တွင် ခေါင်းမူးပါက မတော်တဆဖြစ်ရပ်များ ပိုမိုဖြစ်ပွားနိုင်သည်။

• ခေါင်းမူးခြင်းကို သေချာမကုသပါက နောက်ပိုင်းတွင် ကျန်းမာရေး ပိုမိုထိခိုက်လာနိုင်သည်။


ဆရာဝန်နှင့်သွားပြသင့်သောအချက်များ

• ပြင်းထန်စွာခေါင်းကိုက်ခြင်း

• အန်ခြင်း

• အမြင်၊ အကြား၊ အပြောတစ်ခုခုကြောင့်လဲခြင်း၊ ချို့ယွင်းခြင်း

• လမ်းမလျှောက်နိုင်ခြင်း

• သတိလစ်ခြင်း

• ရင်ဘတ်အောင့်ခြင်း

• ခြေ၊ လက်တွန့်ခြင်း၊ ပျော့ခွေလာခြင်း

• အသက်ရှူမဝခြင်း

• အဖျားကြီးခြင်း

• ခေါင်းတွင်ထိခိုက်ဒဏ်ရာရခြင်း 

• တက်ခြင်း


စစ်ဆေးမှုများ

• ဆရာဝန်က လေဖြတ်သည်၊ ခေါင်းထိခိုက်မိသည်ဟု သံသယရှိလျှင် MRI (သို့) CT ဓာတ်မှန်ရိုက်လိမ့်မည်။

• ရောဂါကြောင့်သောက်နေသည့် ဆေးအကြောင်း အသေးစိတ်မေးလိမ့်မည်။ လမ်းလျှောက်ခိုင်းခြင်း၊ မိမိကိုယ်ကိုထိန်းနိုင်ခြင်း ရှိမရှိနှင့်သက်ဆိုင်သည့် စမ်းသပ်မှုများပြုလုပ်လိမ့်မည်။ 


အကြားအာရုံနှင့် မိမိကိုယ်ကို ထိန်းနိုင်ခြင်းရှိမရှိ စမ်းသပ်မှုများတွင် 

(၁) မျက်စိကို စမ်းသပ်ခြင်း

(၂) လက်၏လှုပ်ရှားမှုကို စမ်းသပ်ခြင်း

(၃) ခန္ဓာကိုယ်အနေအထား ထိန်းနိုင်မှုကိုစမ်းသပ်ခြင်း

(၄) ဘီးပါသည့်ထိုင်ခုံတွင်ထိုင်၍ စမ်းသပ်ခြင်း

(၅) သွေးစစ်ခြင်းစသည့် စမ်းသပ်မှုများပြုလုပ်သည်။


ကုသခြင်း

 ပုံမှန်အားဖြင့် ခေါင်းကိုက်ခြင်းသည် ဆေးမကုပဲပျောက်ကင်းလေ့ရှိသည်။ မပျောက်ကင်းသော ခေါင်းကိုက်ခြင်းများတွင်သာ ဆေးပေးခြင်းနှင့် အခြားကုသခြင်းများကို ပြုလုပ်ပေးခြင်းနှင့် အခြားကုသခြင်းများကို ပြုလုပ်ပေးသည်။

• ဦးခေါင်းလေ့ကျင့်ခန်း ----- Canalith repositioning (ကယ်နလစ်လေ့ကျင့်ခန်း) လို့လည်းခေါ်ပါတယ်။ လေ့ကျင့်ခန်းကို ဆရာဝန်ကိုယ်တိုင်ပြုလုပ်ပေးရပါသည်။ လေ့ကျင့်ခန်းမလုပ်သေးခင် လုပ်ပေးမည့် ဆရာဝန်အား ကျောရိုး၊ လည်ပင်းအခြေအနေ၊ သွေးကြောပြဿနာများရှိပါက ကြိုတင်ပြောပြထားရမည်။

• ဆေးထိုးကုသခြင်းလည်းရှိသည်။ ဆရာဝန်ကနားထဲသို့ ပိုးသတ်ဆေးထည့်၍ ကုသခြင်းဖြစ်သည်။

• ခွဲစိတ်ကုသခြင်းလည်းရှိသည်။ အခြားကုသခြင်းဖြင့် ပြုလုပ်မရသည့် အခြေအနေများ၊  အကြားအာရုံချို့ယွင်းလာခြင်းရှိလျှင် ပြုလုပ်သည်။ 


အိမ်တွင်းကုထုံး

• ပုံမှန်ခေါင်းမူးခြင်းများသည် ဆေးကုသရန်မလိုဘဲ ပျောက်သွားလေ့ရှိသည်။ မပျောက်ဘဲ ခဏခဏပြန်ဖြစ်ပါက အိမ်တွင်းကုထုံးများ ပြုလုပ်၍မရသည်။

• ခေါင်းမူး၊ ခေါင်းကိုက်ချိန်တွင် ချော်လဲနိုင်သည်။ အလုပ်၊ ဒဏ်ရာရနိုင်သည့် အလုပ်များမပြုလုပ်သင့်ပါ။

• ရုတ်တရက်လှုပ်ရှားမှုများကိုရှောင်ကြဉ်ပါ။

• အိမ်တွင်းချောလဲမှုကို ဖြစ်စေနိုင်သည့်အရာများကို ဖယ်ထားပါ။ ဥပမာ မီးကြိုး၊ အိမ်သာထဲတွင်လည်း ချော်လဲမှု လျော့ကျစေနိုင်သည့် အောက်ခံအခင်းခင်းထားပါက ပိုသင့်တော်ပါသည်။

• ခေါင်းမူးလာပါက ချက်ချင်းထိုင်သို့ လဲလျောင်းလိုက်ပါ။ အရမ်းအခြေအနေဆိုးအောင် ချာချာလည်အောင် မူးနေပါက မျက်လုံးမှိတ်ပြီး အမှောင်ထဲတွင်လှဲလျောင်းနေပါ။

• ခေါင်းမူးနေစဉ် ကား၊ စက်ယန္တရား မောင်းနှင်ခြင်းမှ ရှောင်ကြဉ်ပါ။

• ကဖင်း၊ အရက်၊ ဆားနှင့် ဆေးလိပ်သောက်ခြင်းများကြောင့် ရောဂါလက္ခဏာပိုဆိုဝါးနိုင်ပါသည်။

• ရေများများသောက်ပါ။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားပေးပါ။ အိပ်ရေးဝအောင်အိပ်ပါ။ စိတ်ဖိစီးမှုများစေသောအရာများကို တတ်နိုင်သမျှရှောင်ပါ။

• ဆေးကြောင့်ခေါင်းမူးခြင်းဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး လျော့သင့်လျော့ပါ။ (သို့) မသောက်သင့်ပါက မသောက်ပါနှင့်။

• ခေါင်းမူးခြင်းအပြင် ပျို့အန်ချင်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးသောက်၍ရသည်။

• အပူလွန်ကဲခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းကြောင့်ဖြစ်သည့် ခေါင်းမူးခြင်းဆိုပါက အေးသည့်နေရာတွင် အနားယူပြီး အားဖြည့်အချိုရည် (သို့) ရေများများသောက်ပေးပါ။


Dr. Pyae Phyo Aung 

Ref: 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18