Print

Dry socket (alveolar osteitis)- (သွားအခေါင်းပေါက်ရောင်ရမ်းနာကျင်ခြင်:)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

     Dry socket (alveolar osteitis)သည် သွားနှုတ်ပြီးချိန်တွင်ဖြစ်သည့် သွားအခေါင်းပေါက်ရောင်ရမ်းနာကျင်ခြင်းဖြစ်သည်။ပုံမှန်ဖြစ်စဉ်တွင် သွားနှုတ်ပြီးသည့်သွားအခေါင်းပေါက်တွင် သွေးခဲဖြစ်ပေါ်လာသည်။ထိုသွေးခဲသည် သွားဖုံးနှင့် အာရုံကြောအလွှာကို ကာကွယ်ပေးထားခြင်း၊ အသစ်ဖြစ်လာမည့်သွားကို သွေးထောက်ပံ့ပေးခြင်းများကို ပြုလုပ်ပေးသည်။ Dry socket ဖြစ်လာသည့်အခါတွင် အဆိုပါသွေးခဲမဖြစ်လာသည့်အတွက် စားသောက်လိုက်သည့်အစာများ၊ စားကြွင်းစားကျန်များသည် သွားဖုံးနှင့် အာရုံကြောများကို ပွတ်တိုက်ခြင်းဖြစ်လာသည်။ထိုအခါ သွားနှုတ်ထားသည့်အခေါင်းပေါက်မှာ ရောင်ရမ်းနာကျင်ခြင်းဖြစ်ပေါ်လာသည်။ အံဆုံးနှုတ်ပြီးသည့်အချိန်တွင် အဖြစ်များသည်။


လက္ခဏာများ

-သွားနှုတ်ထားသည့်အခေါင်းပေါက်တွင်ပြင်းထန်စွာနာကျင်ခြင်း

-သွေးခဲဖြစ်ပေါ်လာခြင်းမရှိသည့်အတွက် ထိုနှုတ်ထားသည့်နေရာတွင် 

လွတ်နေသကဲ့သို့ခံစားရခြင်း

-ထိုအခေါင်းပေါက်တွင် အောက်ခံအရိုးကိုမြင်နေရခြင်း

-နှုတ်ထားသည့်ဘက်မှ နား၊မျက်စိ၊နားထင်ရိုးနှင့် မေးရိုးများပါနာကျင်ခြင်း

-ခံတွင်းနံ့နံခြင်း

-ခံတွင်းပျက်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

     သွားနှုတ်ထားသည့်နေရာတွင် သွေးခဲမဖြစ်လာရသည့် တိကျတဲ့အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်သည်။

-သွားနှုတ်ထားသည့်အခေါင်းပေါက်အတွင်းကို ဘက်တီးရီးယားပိုးဝင်ခြင်း

-အတွင်းစိုက်ဝင်နေသည့် အံဆုံးများကိုနှုတ်ရသည့်အခါမျိုးတွင် ခက်ခက်ခဲခဲနှုတ်ရသည့်အခါ ထိခိုက်ဒဏ်ရာရသွားနိုင်ခြင်း 

တို့ကြောင့်လည်းဖြစ်နိုင်သည်ဟု ပညာရှင်များကယူဆကြပါသည်။


ဖြစ်နိုင်ချေများသူများ

-ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲသူများ (၎င်းတို့တွင်ပါဝင်သောဓာတုပစ္စည်းများသည် အနာကျက်ခြင်းကို နှောင့်နှေးစေခြင်း၊ အနာအရွယ်အစားကို ပို၍ကြီးစေခြင်းများဖြစ်နိုင်ပါတယ်။ဆေးလိပ်ကိုစုပ်သောက်သည့်အတွက် သွေးခဲပြုတ်ထွက်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။)

-သန္ဓေတားဆေးသောက်နေရသူများ (ထိုဆေးများတွင်ပါဝင်သော အီစထရိုဂျင်သည် အနာကျက်ခြင်းကိုနှေးစေခြင်းနှင့် Dry socket ဖြစ်စေနိုင်ပါတယ်)

-သွားနှုတ်ပြီးသည့်နောက်အိမ်တွင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို သေချာစွာမလုပ်ခြင်း

-အရင်ကလည်း dry socket ဖြစ်ဖူးခြင်း

-သွားနှင့်သွားဖုံးရောဂါပိုးဝင်ခြင်း 


နောက်ဆက်တွဲ ပြဿနာများ

-အနာကျက်နှေးခြင်း

-အရိုးတွင်း ပိုးဝင်ခြင်းများ

-သွေးတွင်းပိုးဆိပ်ပျံ့နှံ့ခြင်းများဖြစ်နိုင်ပါတယ်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

-သွားနှုတ်ပြီးသည့်နောက်ပိုင်း သွားဆရာဝန်ပေးထားသည့်ဆေးများကို ပုံမှန်သောက်သော်လည်း ပို၍နာကျင်လာသည့်အခါတွင် ဆရာဝန်နှင့်သွားရောက်ပြသင့်ပါတယ်။


စစ်ဆေးမှုများ

-ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်းနှင့် သွားနှုတ်ထားသည့်နေရာကို ကြည့်ရှုစစ်ဆေးခြင်း

-အရိုးတွင်းပိုးဝင်ခြင်းရှိသည်ဟု ခန့်မှန်းမိလျှင် ဓာတ်မှန်ရိုက်ကြည့်ခြင်း


ကုသခြင်း

-သွားနှုတ်ထားသည့်အခေါင်းပေါက်အတွင်းရှိ အစာအကြွင်းအကျန်များကို ဆေးထုတ်ခြင်း

-အနာဆေးထည့်ခြင်း

-အကိုက်အခဲပျောက်ဆေးများ၊ပိုးသတ်ဆေးများပေး၍ ကုသခြင်း

-ခံတွင်းသန့်ရှင်းရေးကိုနည်းလမ်းမှန်စွာပြုလုပ်ခြင်း( အနာကိုကပ်ပေးထားသည့် အစကိုခွာပြီး ပုံမှန်လဲပေးရန်လိုအပ်ပါသည်။နောက်တစ်ခုမကပ်ခင် ရေသန့်၊

ခံတွင်းသန့်စင်ဆေးရည် သို့မဟုတ် ဆားကျက်ရည်ကို ဆေးထိုးပြွန်ဖြင့်စုပ်၍ အစာအကြွင်းအကျန်များကုန်အောင် ဆေးပေးပါ)


ကာကွယ်ခြင်း

သွားမနှုတ်ခင်တွင်-

-အတွေ့အကြုံရှိသည့်သွားဆရာဝန်နှင့်ပြသပါ။

-ဆေးလိပ်နှင့်ဆေးရွက်ကြီးများ ဖြတ်ဖို့ကြိုးစားပါ။

-သွားဆရာဝန်နှင့်ပြသည့်အခါ မိမိသောက်နေသည့်ဆေးများကို ဆရာဝန်အားပြောပြပါ။


သွားနှုတ်ပြီးသည့်အခါတွင်-

-နားနားနေနေနေပါ။ ပြင်းထန်သောလှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။

-ဆရာဝန်ပေးထားသည့်ဆေးများကို ညွှန်ကြားချက်များအတိုင်းသောက်ပါ။

-သွားနှုတ်ပြီးပြီးချင်းပထမနေ့တွင် ပါးကို ရေအေးဝတ်ကပ်ပါ။နောက်နေ့တွင်ရေနွေးဝတ်ကပ်ပါ။

-ရေများများသောက်ပါ။အရက်၊ကဖင်းဓာတ်ပါသောဖျော်ရည်များ၊ပူသောအဖျော်ရမကာများကို ရှောင်ကြဉ်ပါ။ပိုက်ဖြင့်စုပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။စုပ်သောက်ခြင်းသည် သွေးခဲကိုပြုတ်ထွက်စေပါတယ်။

-သွားနှုတ်ပြီးပြီးချင်းပထမနေ့တွင် အစာပျော့ပျော့စားပါ(ဆန်ပြုတ်၊ ဒိန်ချဉ်သောက်နိုင်ပါတယ်)။ပုံမှန်အစာများကို တဖြည်းဖြည်းစားပါ။သွားနှုတ်ထားသည့်ဘက်ဖြင့် မဝါးပါနှင့်။

-သွားတိုက်ခြင်း၊ပလုပ်ကျင်းခြင်းကို ညင်သာစွာပြုလုပ်ပါ။နှုတ်ထားသည့်နေရာကို ၂၄နာရီအတွင်း မတိုက်ပါနှင့်။နောက်တစ်နေ့ရောက်မှ ဆားကျက်ရည်ဖြင့် ညင်သာစွာပလုတ်ကျင်းပါ။

-ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းကို ၂ရက်အတွင်း လုံးဝမပြုလုပ်ပါနှင့်။(အနာကျက်နှေးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုုးများကို ပို၍ဖြစ်စေနိုင်ပါတယ်)


Translated by:Khin JyuJyu Ko

Ref: Mayoclinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18