Print

Egg allergy (ကြက်ဥ နှင့် ဓါတ်မတည့်ကျသူများ)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ကြက်ဥနှင့် ဓါတ်မတည့်ခြင်းသည် ကလေးငယ်များတွင် အဖြစ်များဆုံး ဓါတ်မတည့်ခြင်း တစ်မျိုးဖြစ်သည်။ ကြက်ဥ သို့မဟုတ် ကြက်ဥပါသော အစားအစာများ စားမိလျှင် ဓါတ်မတည့်သော လက္ခဏာများ ပေါ်လာနိုင်သည်။ ရောဂါလက္ခဏာများသည် အနိမ့်ဆုံး အရေပြားယားယံခြင်း၊ အရေပြားအကွက်များထွက်ခြင်း၊ နှာပိတ်ခြင်း နှင့် အန်ခြင်းများ ဖြစ်နိုင်ပြီး အဆိုးဆုံး အသက်အန္တရာယ် ထိခိုက်သည် အထိဖြစ်နိုင်သည်။


လက္ခဏာများ

ကြက်ဥ ဓါတ်မတည့်ခြင်းသည် လူတစ်ဦးနှင့် တစ်ဦးမတူညီကြပေ။ အချို့သူများတွင် ကြက်ဥ ကို စားမိလျှင် ချက်ချင်း ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရနိုင်သည်။ကြက်ဥဓါတ်မတည့်သည့် လက္ခဏာများမှာ --

- အရေပြားရောင်ရမ်းခြင်း သို့မဟုတ် အရေပြားအကွက်များထွက်ခြင်း (အဖြစ်အများဆုံးလက္ခဏာ)

- နှာခေါင်းပိတ်ခြင်း၊ သို့မဟုတ် နှာစေခြင်း

- ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း

- ပန်းနာရင်ကြပ်လက္ခဏာများ - ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း သို့မဟုတ် အသက်ရှူမဝခြင်း

အရေးပေါ်အခြေအနေ ဓါတ်မတည့်ခြင်း ဖြစ်ပေါ်လာလျှင် အရေးပေါ်ဌာနသို့ အမြန်ပို့ပြီး ဆေးကုသမှုခံယူရမည်။ အရေးပေါ်လက္ခဏာများမှာ-

- လေပြွန်ကျဉ်းသွားခြင်း၊ လည်ချောင်းယောင်လာသောကြောင့် အသက်ရှူ၍မရခြင်း

- ဗိုက်အောင့်ခြင်း

- သွေးခုန်နှုန်းမြန်ခြင်း

- ရုတ်တရက် သွေးပေါင်ချိန်ကျခြင်း၊ ခေါင်းမူးခြင်း 

-သတိမေ့မျောသွားခြင်း

ကြက်ဥကြောင့်ဖြစ်သော ဓါတ်မတည့်ခြင်းသည် တစ်ခါနှင့် တစ်ခါ ကွဲပြားနိုင်သည်။ ပထမ အကြိမ်တွင် မပြင်းထန်သော်လည်း နောက်တစ်ကြိမ်တွင် အခြေအနေ ဆိုးရွားနိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ကိုယ်ခန္ဓာမှ တုန့်ပြန်စနစ် အလွန်အမင်းလွန်ကဲခြင်းသည် အစားအစာ ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည်။ ကြက်ဥထဲတွင် ပါဝင်သည့် အသားဓါတ်အချို့ကို ကိုယ်ခန္ဓာမှ အန္တရာယ်ရှိသည်ဟု မှားယွင်းစွာ ကောက်ချက်ချလိုက်မိသော ကြောင့် ကြက်ဥနှင့် ဓါတ်မတည့်ခြင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

ကြက်ဥနှင့် ဓါတ်မတည့်သူ တစ်ဦးတွင် ကြက်ဥစားမိသောအခါ ကိုယ်ခန္ဓာ၏တုံ့ပြန်စနစမှ histamine ဓါတ်ထွက်လာပြီး ကိုယ်ခန္ဓာတွင် ဓါတ်မတည့်သည့် လက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကြက်ဥ အကာ ရော အနှစ်မှာ တွင်ပါ ဓါတ်မတည့်ခြင်းကို ဖြစ်စေသည့် အသားဓါတ်များပါဝင်နေသည်။ အများအားဖြင့် ကြက်ဥအကာဖြင့် ဓါတ်မတည့်သည်က များသည်။ ကြက်ဥနှင့် ဓါတ်မတည့်သော နို့စို့ကလေးသူငယ်များတွင် မိခင်နို့မှ တစ်ဆင့်လည်း ဓါတ်မတည့်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ 


ဖြစ်နိုင်ချေများသူများ

(၁) အရေပြားယားနာရှိသူများ - အရေပြားယားနာ ဖြစ်တတ်သောကလေးများသည် မဖြစ်တတ်သောကလေးများထက် အစားအသောက် ဓါတ်မတည့်ခြင်း ပို၍ဖြစ်နိုင်သည်။

(၂) မိသားစုထဲတွင် ဓါတ်မတည့် ရောဂါရှိသူများ - သင်၏ မိဘ တစ်ဦးတွင်ဖြစ်စေ၊ ၂ ဦးလုံးတွင်ဖြစ်စေ ပန်းနာရင်ကြပ်၊ အစားအသောက် ဓါတ်မတည့်ခြင်း သို့မဟုတ် အခြား ဓါတ်မတည့်သည်များရှိလျှင် သင်ကိုယ်တိုင် တွင်လည်း ဓါတ်မတည့်ခြင်းဖြစ်လာနိုင်သည်။

(၃) အသက်အရွယ် - ကြက်ဥနှင့် ဓါတ်မတည့်ခြင်းသည် ကလေးငယ်များတွင် အဖြစ်များသည်။ အသက်အရွယ် ကြီးလာသောအခါ အစာခြေစနစ်များ ရင့်သန်လာသည့်အတွက် ဓါတ်မတည့်ခြင်း သိပ်မဖြစ်တော့ပေ။


နောက်ဆက်တွဲ ပြဿနာများ

ကြက်ဥဓါတ်မတည့်ခြင်းမှ အဆိုးဆုံးဖြစ်နိုင်သည်မှာ အရေးပေါ်ကုသမှု လိုအပ်သည့် အမျိုးအစားဖြစ်သည်။

ကလေးနှင့် အတူ ကလေး၏ မိဘတွင် ကြက်ဥနှင့် ဓါတ်မတည့်ခြင်းရှိလျှင်--

နွားနို့၊ ပဲနို့ သို့မဟုတ် မြေပဲ နှင့် ဓါတ်မတည့်ခြင်းများ

ဖုန် အမှုန်များ၊ တိရစ္ဆာန်များ၊ ပန်းဝတ်မှုန်များဖြင့် ဓါတ်မတည့်ခြင်းများ

အရေပြား ယားနာများ

ပန်းနာ ရင်ကြပ်ရောဂါများလည်း တွဲ၍ ရှိနေတတ်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင့်ကလေးတွင် ကြက်ဥ စားပြီးပြီးချင်း ဓါတ်မတည့်သည့် လက္ခဏာများပေါ်လျှင် ဆရာဝန်နှင့် သွားရောက်ဆွေးနွေးပါ။ ဖြစ်နိုင်လျှင် ဓါတ်မတည့်သည့် လက္ခဏာ ဖြစ်နေစဉ် သွားရောက်ပြသလျှင် ပို၍ကောင်းသည်။


စစ်ဆေးမှုများ

(၁) အပ်ဖြင့် ခြစ်၍စမ်းသပ်ခြင်း - အရေပြားကို အပ်ဖြင့် အနည်းငယ်ခြစ်၍ ကြက်ဥတွင် ပါရှိသော အသားဓါတ်ဖြင့် ထိတွေ့ပေးခြင်းဖြစ်သည်။ အကယ်၍ ဓါတ်မတည့်သူမှန်လျှင် စမ်းသပ်ထားသည့် အရေပြားပေါ်တွင် အဖုများ ပေါ်လာလိမ့်မည်။ 

(၂) သွေးစစ်ဆေးခြင်း - ခန္ဓာကိုယ်တုန့်ပြန်စနစ်မှ ကြက်ဥကိုပြန်တိုက်သည့် ခုခံနိုင်စွမ်းပမာဏ မည်မျှရှိသည်ကို တိုင်းတာခြင်းဖြစ်သည်။ 

(၃) အစားကျွေး၍စစ်ဆေးခြင်း - ကြက်ဥအနည်းငယ်ကို စတင်ကျွေး၍ ဓါတ်မတည့်ခြင်းရှိမရှိစမ်းသပ်ခြင်းဖြစ်သည်။ ကြက်ဥအနည်းငယ်ဖြင့် ဓါတ်မတည့်ခြင်း မရှိလျှင် ကြက်ဥကို ထပ်၍ကျွေးပြီး ဓါတ်မတည့်ခြင်းရှိမရှိကို ထပ်စောင့်ကြည့်သည်။ 

(၄) အစားအစာ မှတ်တမ်းတင်ခြင်း - မိမိစားသည့် အတိုင်းအသေးစိတ်ကို ဒိုင်ယာရီ စာအုပ် တစ်အုပ်ထား၍ မှတ်သားထားပါ။

   

ကုသခြင်း

ကြက်ဥနှင့် ဓါတ်မတည့်ခြင်းကို ကာကွယ်နိုင်ရန် ကြက်ဥနှင့် ဥထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ သို့သော် အချို့လူများတွင် ကျက်အောင်ချက်ထားသောကြက်ဥ၊ ဖုတ်ထားသော ကြက်ဥကိုစားလျှင် ခံနိုင်ရည်ရှိပြီး လက္ခဏာမပြသည်ကို တွေ့ရသည်။


Antihistamine ပေး၍ ရောဂါလက္ခဏာသက်သာအောင် ကုသခြင်း

Anihistamine ဆေးဝါးကို သောက်သုံးလျှင် မပြင်းထန်သော ဓါတ်မတည့်ခြင်းများတွင် လက္ခဏာ သက်သာအောင် ပေးလေံရှိသည်။ ကြက်ဥစားပြီးလျှင် ထိုဆေးကိုသောက်သုံးနိုင်သည်။ သို့သော် ထိုဆေးသည် ကြက်ဥဓါတ်မတည့်ခြင်းကို ကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ အလွန်ပြင်းထန်သော ဓါတ်မတည့်ခြင်းများတွင်လည်း ကုသရန် အသုံးမပြုနိုင်ပါ။


အရေးပေါ် epinephrine ဆေးထိုးခြင်း

အရေးပေါ် ဓါတ်မတည့်ခြင်းဖြစ်ပေါ်လာလျှင် အရေးပေါ်ဌာနသို့ အမြန်သွားပြီး epinephrine ချက်ခြင်းထိုးပါ။ ရောဂါလက္ခဏာများသက်သာသည်အထိ၊ သက်သာပြီးလျှင်လည်း ပြန်မပေါ်ရန် သေချာသည်အထိစောင့်ဆိုင်းရန် လိုအပ်ပါသည်။

ကလေးအများစုတွင် ကြက်ဥနှင့် ဓါတ်မတည့်ခြင်းသည် အသက်ကြီးလာသည်နှင့် အမျှ ပျောက်ကင်းသွားနိုင်သည်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကြက်ဥနှင့် ဓါတ်မတည့်ခြင်း ပျောက်ကင်းသွားခြင်း ရှိမရှိကို ပုံမှန်စစ်ဆေးလေ့လာပါ။ သို့သော် ယခင်က ကလေးတွင် အသက်အန္တရာယ်ရှိသည်အထိ ဓါတ်မတည့်ခြင်းများ ဖြစ်ဖူးလျှင် ထိုစမ်းသပ်မှုများကို အိမ်တွင်မလုပ်သင့်ပါ။


ကာကွယ်ခြင်း

- အစားမစားမီ အစာတွင်ပါဝင်သော ပါဝင်ပစ္စည်းများကို သေချာဖတ်ပါ။ အချို့တွင် ကြက်ဥပမာဏ အနည်းငယ်မျှပါရုံဖြင့် ဓါတ်မတည့်ခြင်းဖြစ်ပေါ်လာနိုင်သည်။

- အပြင်စာ ထွက်စားမည်ဆိုပါက သတိဖြင့်စားသောက်ပါ။ စားဖိုမှုးကိုယ်တိုင်ပင် မည်သည့်အစာတွင် ကြက်ဥနှင့်ဆိုင်သည့်ဓါတ်ပါလာမည်ကို မသိနိုင်သောကြောင့်ဖြစ်သည်။

- ကြက်ဥနှင့် ဓါတ်မတည့်ကြောင်းရည်ညွှန်းသည့် လက်ကောက်ဝတ်ဆင်ပါ။ အသက်အန္တရာယ် ထိခိုက်သည်အထိ ဓါတ်မတည့်ခြင်းဖြစ်ဖူးလျှင် ထိုသို့ဝတ်ဆင်ထားပါက မိမိတစ်ခုခု ဖြစ်၍ စကားမပြောနိုင်ချိန်တွင် အလွန်အသုံးဝင်သည်။

- ကလေးထိန်းဖြင့် ထားခဲ့ရလျှင် မိမိကလေးလျှင် ကြက်ဥဓါတ်မတည့်ခြင်းရှိကြောင်း ပြောပြထားရန်လိုအပ်ပါသည်။ ထို့အပြင် ကလေး၏ ဆရာမနှင့် ဆွေမျိုးများကိုလည်း ကြက်ဥနှင့် ကြက်ဥပါဝင်သည့် အစားအသောက်များ မကျွေးမိစေရန် ပြောပြထားရန်လိုအပ်ပါသည်။

- သင်သည် နို့တိုက်မိခင်ဖြစ်ပါက ကြက်ဥစားခြင်းကို ရှောင်ကြင်ပါ။ ကလေးတွင် ကြက်ဥဓါတ်မတည့်ခြင်းရှိပါက နို့ထဲတွင် ပါဝင်လာသော အသားဓါတ်များဖြင့် ဓါတ်ပြုသွားပြီး ဓါတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်သောကြောင့်ဖြစ်သည်။


သင်မသိနိုင်သော ဖုံးကွယ်ထားသည့် ကြက်ဥဓါတ်ပါဝင်သော အစားအသောက်များ

အစားအသောက်တွင် ကြက်ဥမပါဟု အညွန်းတပ်ထားသော်လည်း ကြက်ဥ အသားဓါတ်များ ပါဝင်နိုင်သေးသည်။ မသေချာပါက ထုတ်လုပ်သူ ကုမ္ပဏီကို ဖုန်းဆက်မေးပါ။


ကြက်ဥမှ အသားဓါတ်ပါသော အစားအစာအချို့မှာ

- ဖုတ်ထားသော အစားအစာများ

- ပေါင်မုန့်ဖြင့် လုပ်ထားသော အစားအစာများ

-  မယောနစ်

- အသင့်စားသုံးရန် စီမံထားသော အသားများ၊ အသားလုံးများ

- ပူတင်း

- ပါစတာ

- မုန့်ချို


ကာကွယ်ဆေးထိုးခြင်းနှင့် ကြက်ဥဓါတ်မတည့်ခြင်း

ပြုလုပ်ထားသော အချို့ကာကွယ်ဆေးများတွင် ကြက်ဥ၏ အသားဓါတ်အချို့လည်း ပါဝင်နိုင်သည်။ အချို့သူများတွင် ကာကွယ်ဆေးသည် ဓါတ်မတည့်ခြင်းကို ဖြစ်ပေါ်သွားစေနိုင်သည်။

သုံးမျိုးစပ်ကာကွယ်ဆေး သည် ကြက်ဥဖြင့် ပါဝင်ဖော်စပ်ထားသော်လည်း ကြက်ဥနှင့် ဓါတ်မတည့်သော ကလေးများတွင်သုံးစွဲနိုင်သည်။

တုပ်ကွေးကာကွယ်ဆေးများသည် တစ်ခါတစ်ရံတွင် ကြက်ဥအသားဓါတ် အနည်းငယ်ပါဝင်နေတတ်သည်။ အသက် ၁၈ နှစ်နှင့် အထက် တွင် ကြက်ဥအသားဓါတ်မပါသော ကာကွယ်ဆေးများ ကိုသုံးစွဲနိုင်သည်။ သင့်ကလေးတွင် ယခင်က ကြက်ဥနှင့် ဓါတ်မတည့်ခြင်း ဖြစ်ဖူးပါက ကာကွယ်ဆေးမထိုးခင်တွင် ဆရာဝန်နှင့် သေချာအောင်တိုင်ပင်ပါ။

အဝါရောင်အဖျားအတွက် ကာကွယ်ဆေးသည် ကြက်ဥနှင့် ဓါတ်မတည့်ခြင်းရှိသူများတွင် ဓါတ်မတည့်သည့် လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ ထိုကာကွယ်ဆေးသည် အဝါရောင်အဖျားရှိသည့် အရပ်ဒေသသို့သွားမည်ဆိုပါက ထိုးပေးလေ့ရှိကြသည်။ ကြက်ဥနှင့် ဓါတ်မတည့်သူများတွင် ထိုးရန်မသင့်တော်ပါ။ အခြားကာကွယ်ဆေးများကတော့ ဓါတ်မတည့်ခြင်းရှိသူများတွင် အန္တရာယ်မရှိပါ။ သို့သော် သေချာရန်ဆရာဝန်ကို မေးမြန်းပါ။ 


Ref: Mayo Clinic

Dr. Victoria



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18