Print

Food allergy ( အစားအစာနှင့် ဓာတ်မတည့်ခြင်း )

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

မိမိနှင့်မတည့်သော အစားအစာစားပြီးလျှင် ကိုယ်ခန္ဓာခုခံအားစနစ်မှ အလိုအလျောက် တိုက်ထုတ်ခြင်းဖြစ်သည်။ အစားအစာနှင့် ဓာတ်မတည့်ခြင်းသည် အသက်၃နှစ်အောက် ကလေးများတွင် ၆-၈% ထိဖြစ်နိုင်ပြီး လူကြီးများတွင် ၃ % ထိဖြစ်နိုင်သည်။ ကလေးအများစုတွင်တော့ အသက်ကြီးလာသည်နှင့်အမျှ သက်သာသွားတတ်သည်။Food allergy သည် food intolerance ( အစားအစာကို ကိုယ်ခန္ဓာမှ လက်မခံနိုင်ခြင်း ) နှင့် ခွဲခြားရခက်လေ့ရှိသည်။သို့သော် food intolerance သည် ကိုယ်ခန္ဓာမှ အလိုအလျောက်တိုက်ထုတ်ခြင်းမဟုတ်ဘဲ အရမ်းဆိုးဝါးခြင်းလည်းမရှိပေ။

လက္ခဏာများ

မတည့်သောအစားအစာဖြစ်ပါက ပမာဏနည်းနည်းသာ စားသည့်တိုင်အောင် ဓာတ်မတည့်သော လက္ခဏာများဖြစ်လာနိုင်သည် ( အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာပြဿနာများ၊ ယားယံခြင်း၊ အင်ပြင်ထွက်ခြင်း၊ လေပြွန်ရောင်ရမ်းခြင်း )တစ်ချို့လူများတွင် အစားအစာနှင့် ဓာတ်မတည့်ခြင်းသည် ဆိုးဝါးသော လက္ခဏာများ ဖြစ်လာနိုင်သည်။အများအားဖြင့် Food allergy သည် စားပြီး မိနစ်အနည်းငယ်မှ ၂နာရီအတွင်း ဖြစ်ပေါ်တတ်သည်။

အများဆုံးဖြစ်ပေါ်တတ်သော လက္ခဏာများမှာ -

(၁) ပါးစပ်နားတစ်ဝိုက် ယားယံခြင်း၊ ထုံကျင်ခြင်း

(၂) ကိုယ်ခန္ဓာယားယံခြင်း၊ အင်ပြင်ထွက်ခြင်း၊ နှင်းခူအနာဖြစ်ခြင်း

(၃) နှုတ်ခမ်း၊မျက်နှာ၊လျှာ၊လည်ချောင်းနှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းခြင်း

(၄) အသက်ရှူရာတွင် တစ်ရွှီရွှီမြည်ခြင်း၊ နှာစေးနှာပိတ်ခြင်း၊ အသက်ရှူခက်ခဲခြင်း

(၅) ခေါင်းမူးခြင်း၊ မိုက်ကနဲဖြစ်ခြင်း၊ မူးမေ့လဲခြင်း

Anaphylaxis 

 အသက်အန္တရာယ်ကို ထိပါးလာနိုင်သည့် Anaphylaxis အထိ ဖြစ်သွားနိုင်သည်။

အောက်ပါလက္ခဏာများဖြစ်လာနိုင်သည်။

- လေပြွန်ကျဉ်းသွားခြင်း

- လည်ပင်းထဲတွင် တစ်စို့စို့ခံစားရပြီး အသက်ရှူရခက်ခြင်း

- သွေးပေါင်ချိန်ရုတ်တရက်ကျဆင်းပြီး Shock ဖြစ်ခြင်း

- နှလုံးခုန်နှုန်းမြန်လာခြင်း

- ခေါင်းမူးခြင်း၊  မိုက်ကနဲဖြစ်ခြင်း၊ သတိလစ်ခြင်း

Anaphylaxis ဖြစ်ပါက အရေးပေါ် ကုသမှု ခံယူသင့်သည်။ ကုသမှုမခံယူပါက ကိုမာ Coma ဖြစ်ခြင်း(ကြာရှည်မေ့မျောခြင်း) သို့မဟုတ် အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။

ကိုယ်လက်လှုပ်ရှားမှုကို ဓာတ်မတည့်ခြင်း 

တစ်ချို့လူများတွင် ကိုယ်လက်လှုပ်ရှားမှုသည် အစားအစာမှဓာတ်မတည့်ခြင်းကို ပိုမိုဖြစ်ပွားစေသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

သင်နှင့်မတည့်သော အစားအစာစားမိသောအခါ ကိုယ်ခန္ဓာမှ ပြန်လည်တိုက်ထုတ်သည့် ခုခံဓာတ် Antibody (IgE) ထွက်လာသည်။ နောက်တစ်ကြိမ် ထိုအစားအစာမျိုးကို ထပ်စားသောအခါ ထိုခုခံဓာတ်မှ တိုက်ထုတ်ရာမှ သွေးထဲတွင် Histamine ဆိုသည့် ဓာတုပစ္စည်းထွက်လာသည်။ ထိုမှ ကိုယ်ခန္ဓာအနှံ့ပြန့်ကာ ဓာတ်မတည့်မှုဖြစ်စေပြီး ဒုက္ခပေးသည်။ ဓာတ်မတည့်မှုကို အများဆုံးဖြစ်စေသော အစားအစာများမှာ - ပင်လယ်စာများ ( ပုစွန်၊ ပုစွန်လုံး၊ ကဏန်း )၊ ပဲ၊ သစ်ကြားသီးများ၊ ငါး၊ ဥအမျိုးမျိုး အစရှိသည်တို့ဖြစ်ကြသည်။ကလေးများတွင် ဥအမျိုးမျိုး၊ နို့၊ ပဲအမျိုးမျိုး၊ သစ်ကြားသီးနှင့် ဂျုံပြောင်းတို့တွင် ပါဝင်သည့် ပရိုတင်းဓာတ်နှင့် ဓာတ်မတည့်မှု အဖြစ်များသည်။

ဖြစ်နိုင်ချေများသူများ

- မိသားစုထဲတွင် အစားအစာဓာတ်မတည့်ခြင်းရှိသူ 

- အရင်က အစားအစာနှင့် ဓာတ်မတည့်မှုဖြစ်ပွားဖူးလျှင် 

- အခြားအရာများနှင့် ဓာတ်မတည့်သူ

- အသက်အရွယ်

- ပန်းနာရင်ကျပ် ရောဂါရှိသူ

အောက်ပါအချက်များသည် အသက်အန္တရာယ်ကို ထိပါးလာနိုင်သည့် Anaphylaxis အထိဖြစ်ပွားနိုင်ချေများသည်။

- သင့်တွင်  ပန်းနာရင်ကျပ် ရောဂါရှိလျှင်

- သင်သည် ဆယ်ကျော်သက် (သို့) အသက်အရွယ်ငယ်လျှင်

- သင့်အစားအစာဓာတ်မတည့်ခြင်းအတွက် epinephrine ဆေးကို ကြာရှည်စွာ သောက်သုံးနေရလျှင် 

- ဓာတ်မတည့်စဉ်အတွင်း အင်ပြင်(သို့) အရေပြားပြဿနာ လက္ခဏာများမပြလျှင် 

နောက်ဆက်တွဲ ပြဿနာများ

- အသက်အန္တရာယ်ကို ထိပါးလာနိုင်သည့် Anaphylaxis 

- နှင်းခူဖြစ်ခြင်း Atopic dermatitis (eczema)

- ခေါင်းတစ်ခြမ်းကိုက်ရောဂါ Migraine

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ဖြစ်နိုင်လျှင် ဓာတ်မတည့်မှုဖြစ်နေစဉ် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။အောက်ပါလက္ခဏာများ ဖြစ်ပါက အရေးပေါ်ကုသမှုခံယူသင့်သည်။

- လေပြွန်ကျဉ်းပြီး အသက်ရှူရခက်ခဲခြင်း

- သွေးပေါင်ချိန်ရုတ်တရက်ကျပြီး Shock ဖြစ်ခြင်း

- နှလုံးခုန်နှုန်း မြန်လာခြင်း

- ခေါင်းမူးခြင်း၊ မိုက်ကနဲဖြစ်ခြင်း၊ မူးမေ့လဲခြင်း

စစ်ဆေးမှုများ

- ရောဂါရာဇဝင်ကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်း

- ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း

- တစ်နေ့တာ အစားအစာနှင့်ပတ်သက်ပြီး ရေးမှတ်ထားခြင်း Food diary 

- အရေပြားစမ်းသပ်မှုများ skin prick test

- Elimination diet ( မိမိထင်သော မတည့်လောက်သည့် အစားအစာကို တစ်ပတ်နှစ်ပတ်လောက်ရှောင်ကြဉ်ကြည့်ပြီး ထိုအတွင် ဓာတ်မတည့်ခြင်းပြန်ဖြစ်မဖြစ် စောင့်ကြည့်ခြင်း ) 

- Blood test သွေးစစ်ဆေးခြင်း ( immunoglobulin E (IgE) antibodies ဓာတ်ကို စစ်ဆေးခြင်း )

- Oral food challenge မိမိနှင့်မတည့်လောက်သည့်အစားအစာကို စားကြည့်ခြင်း ( အန္တရာယ်များသော နည်းလမ်းဖြစ်သောကြောင့် ဆရာဝန်ရှေ့တွင်သာ စမ်းကြည့်သင့်သည် )

ကုသခြင်း

အကောင်းဆုံးကုသမှုမှာ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ မိမိနှင့်မတည့်သော အစားအစာများကို ရှောင်ကြဉ်သင့်သည်။


အသက်အန္တရာယ်မရှိသော ဓာတ်မတည့်ခြင်း 

- သွေးထဲတွင် ထွက်လာသော Histamine ဆိုသည့် ဓာတုပစ္စည်းကို ဆန့်ကျင်ပေးနိုင်သည့် ဆေးများ ( Antihistamines ) ကို သောက်သုံးနိုင်သည်။

အသက်အန္တရာယ်ရှိနိုင်သော ဆိုးရွားသည့်ဓာတ်မတည့်ခြင်း

- အရေးပေါ်ကုသရာတွင် သုံးသောဆေးများကို သုံးလေ့ရှိသည်။( ဥပမာ Epinephrine ဆေး ) ။ မကြာခဏ ဓာတ်မတည့်ခြင်းအဖြစ်များသူများတွင် ဆရာဝန်၏ညွှန်ကြားချက်အတိုင်း epinephrine autoinjector ကို ဆောင်ထား၍ ဓာတ်မတည့်ခြင်းဖြစ်လာသောအခါတွင် ဆောင်ထားလေ့ရှိကြသည်။

စမ်းသပ်လေ့လာချက်များတွင် အောက်ပါဆေးများလည်း အစားအစာဓာတ်မတည့်ခြင်း ဖြစ်ရာတွင် လေ့လာဆဲဖြစ်သည်။ 

ကိုယ်ခန္ဓာမှ ပြန်လည်တိုက်ထုတ်သည့် ခုခံဓာတ်( IgE ) ကိုဆန့်ကျင်ပေးသည့်ကုသမှု Anti-IgE therapy နှင့် အစာအိမ်အူလမ်းကြောင်းမှကုသသော ကိုယ်ခန္ဓာခုခံအားကုထုံး Oral immunotherapy တို့ဖြစ်ကြသည်။


ကာကွယ်ခြင်း

(၁) မစားခင် ပါဝင်ပစ္စည်းကို အမြဲဖတ်ပါ။ မိမိနှင့် ဓာတ်မတည့်သောပစ္စည်းပါမပါ အမြဲစစ်ဆေးပါ။ ပါဝင်ပစ္စည်းများသည် အမြဲပြောင်းလဲတတ်သည်။

(၂) စားသောက်ဆိုင်သွားလျှင် မိမိနှင့်ဓာတ်မတည့်သောအရာကို သေချာပြောပြီးမှ ချက်ခိုင်းပါ။

(၃) လက်ကောက် သို့မဟုတ် ဆွဲကြိုးအနေဖြင့် အစားအစာဓာတ်မတည့်ခြင်းကို သတိပေးရေးသားထားသင့်သည်။ထိုမှသာ ဓာတ်မတည့်မှုဖြစ်နေစဉ် သင့်အခြေအနေကို ပတ်ဝန်းကျင်မှကူညီနိုုင်မည်ဖြစ်သည်။

(၄)  မကြာခဏ ဓာတ်မတည့်ခြင်းအဖြစ်များသူများတွင် ဆရာဝန်၏ညွှန်ကြားချက်အတိုင်း epinephrine autoinjector ကို ဆောင်ထား၍ ဓာတ်မတည့်ခြင်းဖြစ်လာသောအခါတွင် ဆောင်ထားလေ့ရှိကြသည်။

(၅) ဓာတ်မတည့်သူသည် ကလေးဖြစ်ပါက ကလေးထိန်းသူသည် ဓာတ်မတည့်ခြင်းနှင့်ပတ်သက်၍ သေချာနားလည်ထားသင့်သည်။ မတော်တဆ ဓာတ်မတည့်ခြင်း ဖြစ်လာလျှင်လည်း ပြန်လည်သက်သာစေမည့်နည်းလမ်းများကို သုံးရန် သိထားသင့်သည်။

(၆) တစ်နေ့တာ အစားအစာနှင့်ပတ်သက်ပြီး ရေးမှတ်ထားခြင်း Food diary


အခြားသိသင့်သော အချက်များ (ရှိလျှင်)

Ref: Mayo clinic

Dr.YadanarPhooWaiAung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18