Print

ဆံပင်နှင့်ဦးရေပြားဆိုင်ရာ ရောဂါများ (Hair disorder)

  16-Aug-2018
Preview Image

ဆံပင်ကျွတ်ခြင်း၊ ဆံပင်သန်ခြင်းတို့သည် လူတိုင်းတွင် ပုံမှန်ဖြစ်လေ့ရှိသည်။ သို့သော် ပုံမှန်ထက်ပို၍ ဆံပင်ကျွတ်လွန်းခြင်း၊ ဆံပင်သန်လွန်းခြင်း၊ ဆံပင်မွဲခြောက်ခြင်း၊ အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းတို့သည် ဆံပင်နှင့်ဦးရေပြားဆိုင်ရာ ပြဿနာများတွင် ပါဝင်ကြသည်။


ဖြစ်ပွားစေသော အကြောင်းရင်းများ

- ခန္ဓာကိုယ်၏ ခုခံအားစနစ် ပြောင်းလဲခြင်း

- အာဟာရ ချို့တဲ့ခြင်း

- ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

- ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ပြောင်းလဲခြင်း

- ဦးရေပြား မှိုစွဲခြင်း

- မျိုးရိုးလိုက်တတ်သော ရောဂါရှိသူများ

- အချို့သောဆေးများ မှီဝဲခြင်း

- ဓာတ်ရောင်ခြည်နှင့်ကုသနေရသော လူနာများ

- ကိုယ်ဝန်ဆောင်သည်များတွင်လည်း ဆံပင်ကျွတ်နိုင်သည့်အပြင် အသက်ကြီးသူများတွင်လည်း ဆံပင်ကျွတ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များတွင်လည်း အစောပိုင်းလများတွင် မွေးညင်းနုလေးများ

ယာယီကျွတ်တတ်ပါသည်။


Alopecia လို့အသိများတဲ့ ခေါင်းမှာကွက်ပြီး ပြောင်လာတဲ့ မွှေးကျွတ်နာဟာ အမျိုးသား၊ အမျိုးသမီးများမှာ သာမက ကလေးများတွင်လည်း ဖြစ်တတ်ပါတယ်။လူတစ်ဦးနှင့်တစ်ဦး လက္ခဏာပြပုံခြင်းမှာ မတူညီကြပေ။ ဆံပင်မှာ မွဲခြောက်လာ၍ ပါးလာခြင်း၊ ပုံမှန်ထက်ပို၍ ဆံပင်ကျွတ်လွန်းခြင်းနှင့် ထိပ်ပြောင်ခြင်းတို့ ဖြစ်တတ်ကြပါသည်။


 ဆံပင်အကွက်လိုက် ကျွတ်ခြင်း (Alopecia areata)

ဆံပင်တွေ ခေါင်းပေါ်မှာ အကွက်လိုက်ကျွတ်ပြီး ပြောင်လာစေတဲ့ အကြောင်းတရားကို ရေရာစွာ မထုတ်ဖော်နိုင်သေးပါဘူး။ ကိုယ်ခံအားစနစ် ဖောက်ပြန်ခြင်းတို့နဲ့ယှဉ်တွဲပြီး ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ် ဖောက်ပြန်သောကြောင့် ဆံပင်၏ အရင်းပိုင်း မွှေးညှင်းအိတ်လေးများကို ထိခိုက်ပျက်စီးစေပါသည်။

ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် ပုံမှန်အားဖြင့် ပြင်ပမှမိမိ၏ ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်လာသော ရောဂါများ၊ပိုးမွှားများကို ခုခံတိုက်ထုတ်လေ့ရှိကြသည်။


အဖိုဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း (Androgenetica alopecia)

အမျိုးသားတွေအဖြစ်များတဲ့ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို ယခုအခါအမျိုးသမီးတွေမှာပါ အဖြစ်များလာတာ တွေ့နေရပါတယ်။ စိတ်ဖိစီးစရာ သောကတွေက အဓိကတရားခံတွေလို့ သုံးသပ်ကြပါတယ်။ ၆၀ % ကအမျိုးသားတွေမှာ အဖြစ်များပြီး မျိုးရိုးလိုက်တတ်ပါသည်။ နားထင်နှင့်ငယ်ထိပ်မှစ၍ ဆံပင်ပြောင်တတ်ပါသည်။အမျိုးသမီးများကတော့ ဆံပင်ပါးတဲ့လက္ခဏာနဲ့အစပျိုးတတ်ကြပါတယ်။ ထိပ်ပြောင်ခြင်းသည် ကျန်းမာရေးပြဿနာကြီးကြီးမားမား မဟုတ်ပေမယ့် မိမိကိုယ်ကိုယုံကြည်မှု လျော့ကျစေနိုင်ပါသည်။ အထူးတလည် စစ်ဆေးမှုများပြုလုပ်ရန် မလိုအပ်ပါ။ မျိုးရိုးလိုက်ခြင်းအတွက် FANA test ဖြင့်စစ်ဆေးလို့ရပါသည်။ကုသပိုင်းအနေနဲ့ ဆေးဝါးများဖြင့်ကုသခြင်း၊ လိမ်းဆေးဖြင့်ကုသခြင်း၊ ဆံပင်စိုက်ခြင်း၊ ဆံပင်အစားထိုး ကုသခြင်းတို့ဖြင့် ကုသနိုင်ပါသည်။ ထိပ်ပြောင်သူများအနေနဲ့ နေပူထဲသွားလျှင် နေလောင်ခံ ကရင်မ်လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ ထီးဆောင်းခြင်းတို့ကို ပြုလုပ်ပေးပါ။ ထိပ်ပြောင်သူများသည် သာမန်လူများထက် ခရမ်းလွန်ရောင်ခြည်ဒဏ်သင့်နိုင်သည့် အလားအလာပိုများပါသည်။


ဦးရေပြားဗောက်ထခြင်း ( dandruff)

ဗောက်ထခြင်းသည် ဦးရေပြား မှိုစွဲခြင်းကြောင့် ဖြစ်ပြီး ဦးရေပြားပေါ်တွင်အဖြူဖတ် အလွှာများ ဖြစ်ပေါ်ခြင်း၊ ဦးရေပြားယားယံခြင်းတို့ ဖြစ်တတ်ပါသည်။ Zinc/selenium/ salicylic acid/ketoconazole ပါသော ဗောက်ပျောက်ခေါင်းလျှော်ရည်များသုံးခြင်းဖြင့် ကုသနိုင်ပါသည်။


အမွှေးအမျှင်ထူခြင်း (Hirsutism)

မျက်နှာ၊ကျောကုန်းနှင့်ရင်ဘတ်တို့တွင် ပုံမှန်ထက် အမွေးအမျှင်များ ထူထဲလာခြင်းကို ဆိုလိုသည်။ အမျိုးသမီးများတွင် Androgen အမျိုးသားဟော်မုန်း များပြားလာသောကြောင့် ဖြစ်သည်။ ဟော်မုန်းနှင့်ဆိုင်သောရောဂါများ၊ မမျိုးဥအိမ်ရောဂါများနှင့် ဟော်မုန်းပါသောဆေးများ သောက်သုံးနေလျှင် ဖြစ်ပေါ်လာတတ်သည်။ ပုံမှန်အမွေးရှင်းနည်းလမ်းများနှင့် မသက်သာပါက ဆရာဝန်နှင့် သွားရောက် ပြသသင့်ပါသည်။


အမွေးအကွက်လိုက်ဖြူခြင်း (Poliosis)

အလိုအလျောက်ခုခံမှု ပြန်တိုက်တတ်သည့်ရောဂါများ autoimmune diseases တို့နှင့်တွဲတတ်ပါသည်။ မျိုးရိုးဗီဇလိုက်တတ်ရောဂါ ဖြစ်သည့်အတွက် ဗီဇကို စစ်ဆေးကြည့်နိုင်ပါသည်။ ပျောက်ကင်းသော ကုသနည်းမှာမပေါ်ပေါက်သေးပေ။ ဆိုးဆေးများဖြင့်သာ ဖုံးကွယ်နိုင်ပါသေးသည်။


အရွယ်မတိုင်မီဆံပင်ဖြူခြင်း (Premature graying) 

အသက် ၄၀ အရွယ်မတိုင်မီ ဆံပင်တစ်ဝက်လောက်ဖြူသွားခြင်းကို ဆိုလိုပါသည်။ မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ပြီး ဆံပင်သာမက ခန္ဓာကိုယ်ရှိ အမွေးများပါ အရောင်ဖျော့လာပါသည်။ဆေးဆိုးခြင်းအပြင် အခြားသော ကုသနည်းများမပေါ်ပေါက်သေးပေ။ဆံပင်ဆိုင်ရာပြဿနာများကို သဘာဝနည်းလမ်းများ အသုံးပြု၍လည်း ကုသကြပါသည်။ သို့သော် သဘာဝနည်းလမ်းများဖြင့် ကုသခြင်းကို အနောက်တိုင်းဆေးပညာတွင် ပြဌာန်းထားခြင်း၊ ထောက်ခံထားခြင်း မရှိသေးပေ။


ကာကွယ်ခြင်း

ဆံပင်ဆိုင်ရာ ပြဿနာအများစုမှာ မျိုးရိုးလိုက်ခြင်း၊ အသက်ကြီးလာခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း စသည်တို့ကြောင့်ဖြစ်ရာ ကာကွယ်နိုင်သောနည်းလမ်းများ မတွေ့ရှိသေးပေ။ဆေးကြောင့်ဖြစ်ခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့်ဖြစ်လျှင် ပြန်လည်ကုသလို့ ရနိုင်ပါသည်။အမွေးထူခြင်း ပြဿနာတော်တော်များများသည် ကာကွယ်၍မရနိုင်ပါ။ သို့သော် မမျိုးဥအိမ်ရောဂါသည် အဝလွန်ခြင်းနှင့်တွဲတတ်ကာ အမွေးထူခြင်းလက္ခဏာနှင့် လာတတ်ပါသည်။ထို့ကြောင့် အဝလွန်ခြင်းမဖြစ်အောင်တော့ ထိန်းသိမ်းကာကွယ်ဖို့လိုအပ်ပါသည်။


Ref : health 24 

writer : Dr Toe Me Me Hnin 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18