Print

ကျန်းမာရေးနှင့်အညီ ကိုယ်အလေးချိန် လျှော့ချပါ

  24-Feb-2017
Preview Image

 

ကိုယ်အလေးချိန် လျော့ကျဖို့ရာအတွက် အစာငတ်ခံရမယ်လို့ မဆိုလိုပါဘူး။ ဘယ်လို အစာတွေကို လျှော့စားသင့်တယ်၊ ဘယ်လိုအစာတွေကို ရှောင်သင့်တယ်၊ ဘယ်လို အစားအသောက်တွေကို စားသင့်တယ်၊ ဇီဝရုပ်ဖြစ်ပျက်မှုကို ဘယ်လို ထိန်းချုပ်သင့်တယ် စတဲ့ နည်းလမ်းတွေကို သိရှိလိုက်နာရုံနဲ့ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါလိမ့်မယ်။

 

(1) တစ်နေ့မှာ ထမင်းသုံးကြိမ် များများစားမယ့်အစား ထမင်းကို နည်းနည်းနဲ့ မကြာခဏ စားပေးပါ။ အိပ်ရာမဝင်ခင်အချိန် သုံးနာရီအလိုမှာ ဘာကိုမှ မစားတာ အကောင်းဆုံး ဖြစ်ပါတယ်။

 

(2) ညနေ လေးနာရီခွဲ နောက်ပိုင်းမှာ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ ညပိုင်းမှာ ကဖင်းဓာတ်ပါတဲ့အစားအသောက်တွေကို စားလိုက်ရင် အိပ်ရာဝင်တဲ့အခါမှာ အိပ်ပျော်ဖို့ ခက်ခဲသလို လုံလောက်တဲ့ အိပ်စက်မှု မရဘဲ ပင်ပန်းနေနိုင်ပါတယ်။ ဒီလိုအိပ်ရေးပျက်ရင် အစာကို များများစားဖြစ်စေနိုင်ပါတယ်။

 

(3) တစ်ညမှာ အနည်းဆုံး ၇-၈ နာရီ အိပ်စက်ပါ။ ဒီလိုအိပ်စက်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။

 

(4) ချောကလက်၊ ကိတ်မုန့်၊ အာလူးချောင်းကြော်၊ ရေခဲမုန့်၊ အမြှုပ်ထတဲ့ အချိုရည်နဲ့ အဆင်သင့်အစာ စတာတွေကို ရှောင်သင့်ပါတယ်။

 

(5) ဘယ်တော့မှ အစာငတ်မခံပါနဲ့။ အစာငတ်ခံတာက ဇီဝရုပ်ဖြစ်ပျက်မှုကို နှေးသွားစေနိုင်ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းမှသာ ကိုယ်အလေးချိန် လျော့ကျနိုင်မှာပါ။ အစာငတ်ခံတာကြောင့် သင့်ကို ပိုမိုပင်ပန်းစေပြီး ဗိုက်ပိုဆာစေကာ ကိုယ်အလေးချိန် လျော့ကျရေး အစီအစဉ်ကို ဆက်လက် လိုက်နာနိုင်မှု မရှိတတ်ပါဘူး။

 

(6) သကြားများများ ပါဝင်တဲ့ ဆော်ဒါအချိုရည်နဲ့ ဖျော်ရည်တွေကို ရှောင်ပါ။ ၁ဝဝ ရာခိုင်နှုန်း သစ်သီးဖျော်ရည်၊ ရေနွေးကြမ်းနဲ့ ရေကို သောက်ပါ။

 

(7) သင့်အနေနဲ့ သရေစာစားချင်နေရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။ ထောပတ်သီး၊ ပြောင်းဖူး၊ အုန်းသီး စတာတွေက တခြားအပင်ထွက် အစာတွေထက် ကယ်လိုရီ ပိုမိုပါဝင်တတ်ပါတယ်။ ကယ်လိုရီပါဝင်မှု မြင့်မားတာကြောင့် ဒီအစာတွေကို အသင့်အတင့်ပဲ စားသင့်ပါတယ်။

 

(8) ဆန်လုံးညို၊ ဂျုံမှုန့်အကြမ်း၊ အညိုရောင် ပေါင်မုန့်နဲ့ အညိုရောင် ခေါက်ဆွဲတွေလို ကောင်းတဲ့ ကာဗိုဟိုက်ဒရိတ်ကို စားပါ။ ညနေ ငါးနာရီနောက်ပိုင်းမှာ ကာဗိုဟိုက်ဒရိတ်ကို တတ်နိုင်သမျှ ရှောင်ပါ။ အသုံးမပြုဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အဆီအဖြစ် သိုလှောင်ထားတတ်လို့ပါ။

 

(9) လေ့ကျင့်ခန်းလုပ်ဖို့ကိုတော့ မမေ့ပါနဲ့။ ကိုယ်အလေးချိန်ကျအောင် ကြိုးစားနေချိန်မှာ တချို့လူတွေက အစားအသောက်ကိုပဲ အလွန်အမင်း လျှော့တတ်ကြပြီး လေ့ကျင့်ခန်းရဲ့ အရေးပါပုံကိုတော့ မေ့နေတတ်ကြပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းကို စလုပ်ဖို့ ခက်နေရင် တနင်္လာနေ့မှာ အားကစားခန်းမနဲ့ ဆက်သွယ်စာရင်းပေးလိုက်ပါ။

 

(10) ပြင်းအားမြင့် လေ့ကျင့်ခန်း လုပ်နိုင်အောင် ကြိုးစားပါ။ အလေးမတာ၊ ဒိုက်ထိုးတာလို လေ့ကျင့်ခန်းတွေက ကြွက်သား သန်စွမ်းစေတဲ့ နည်းတွေဖြစ်ပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

 

(11) လေ့ကျင့်ခန်း လုပ်နေချိန်မှာ ပရိုတင်းဓာတ်ကို တဖြည်းဖြည်း တိုးပြီး စားသွားပါ။ ပရိုတင်းဓာတ်ကို မှီဝဲရင် ကြွက်သားထုထည်ကို နှစ်ဆတိုးစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု အားကောင်းကာ ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းနိုင်စွမ်းကို မြင့်တက်စေပါတယ်။

 

(12) လေ့ကျင့်ခန်းကို တစ်ကြိမ်မှာ ၂ဝ-၃ဝ မိနစ် လေ့ကျင့်ပေးပါ။ ဒီလိုလေ့ကျင့်ပေးရင် ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်တွေကို ထုတ်သုံးနိုင်ပြီး အဆီလောင်ကျွမ်းမှုကို အားကောင်းစေပါတယ်။

 

(13) အိပ်ရာက နိုးနိုးချင်း လေ့ကျင့်ခန်းကို လုပ်တာ အကောင်းဆုံးပါ။ ခန္ဓာကိုယ်တွင်း စနစ်ထဲမှာ အစာမရှိသေးတာကြောင့် သိုလှောင်ထားတဲ့ အဆီမှ စွမ်းအင်တွေ ထွက်လာပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ နံနက်စာ ပြည့်ပြည့်ဝဝစားပါ။

 

(14) နံနက်တိုင်း နံနက်စာ စားပေးပါ။ နံနက်စာ စားပေးတာက ဇီဝရုပ်ဖြစ်ပျက်မှုကို မှန်မှန် လုပ်ဆောင်နိုင်စေပြီး ညနေပိုင်း အချိန်တွေမှာ အစာကို အလွန်အမင်း စားဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

(15) ရေများများသောက်ပြီး ကာဗွန်ပါတဲ့ အမြှုပ်ထအချိုရည်၊ အထူးသဖြင့် သကြားများများ ပါတာကို ရှောင်ပါ။ ဆော်ဒါ အချိုရည်ကို မသောက်ပါနဲ့။

 

Healthcare.com.mm

Ref:
ကြယ်စင်
Good Health
Posted by Ko Zar Sat Khin at 9:31 PM



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18