Print

အစာမကြေ နောက်ဆက်တွဲရောဂါ

  25-Feb-2017
Preview Image

 

အစားအစာကို ချင့်ချိန်၍ စားသူများ၊ အချိန်မှန်စား သူများမှာ အစာမကြေ ရောဂါ ဖြစ်ခဲသည်။ အစားအစာကို ကြိုက်လျှင် ကြိုက်သလို စားသူများ၊ အချိန်မှန် မစားသူများနှင့် အထူးသဖြင့် ညဉ့်အချိန် အပုပ်ချိန် စားသောက်သူ များမှာ အစာအိမ် အကျင့်ပျက်၊ ဝမ်းမီးပျက်ပြီး အစာမကြေရောဂါ ရလာတတ်သည်။အစာမကြေ ရောဂါကြောင့် ဖြစ်သော နောက်ဆက်တွဲ ရောဂါ များစွာရှိသည်။ ထိုရောဂါများ ထဲမှ ထင်ရှားသော ရောဂါများမှာ-


၁။ ခေါင်းကိုက်ရောဂါ
၂။ ဝမ်းချုပ်ရောဂါ
၃။ နောက်ကြောတက်ရောဂါ
၄။ လေပွ၊ လေအထက်ဆန်ရောဂါ
၅။ အိပ်မပျော်ရောဂါ

 

အစရှိသော နောက်ဆက်တွဲ ရောဂါများစွာ ဖြစ်လာနိုင်သည်။ခေါင်းကိုက်ရောဂါ ဝေဒနာသည် အလုပ်တစ်ခုကို အာရုံစိုက် မလုပ်နိုင်သော ရောဂါဖြစ်သဖြင့် အလွန်ဒုက္ခ ရောက်သည်။ နံနက် အိပ်ရာထ မျက်နှာသစ်ပြီး သည်နှင့် ခေါင်းကိုက် နေသူကို တွေ့ဖူးသည်။ ထိုသူသည် လွန်ခဲ့သော ညက ညစာစားပွဲ သွားပြီး ညဉ့်နက်သန်းခေါင် ထိအောင် စားခဲ့သောက်ခဲ့သူ ဖြစ်သည်ကို တွေ့ရှိရသည်။

 

ညဉ့်အချိန်သည် အစာအိမ် အနားယူရမည့် အချိန်ဖြစ်သည်။ အစာသစ်အိမ်မှ အစာများသည် အကြမ်းအားဖြင့် ကြေချက်ပြီး၍ အူသိမ်၊ အူသေး၊ အူမ တို့ရှိ အစာများမှ ရသာရည်ကို စုပ်ယူပြီး ခန္ဓာကိုယ် အတွက် အာဟာရကို စုဆောင်းချိန် ဖြစ်သည်။ ထိုအချိန်တွင် အစာအိမ်မှ အစာများကို ထပ်မံ လက်ခံယူပြီး အူသိမ်အူမသို့ ပို့လျှင် လက်မခံနိုင် တော့ဘဲ အစာမကြေ ဖြစ်ရသည်။

 

မကြေကျက်သော အစာများ၊ အစေးအချွဲဓာတ် နှင့် ရသာရည် မစုပ်ယူ ရသေးသော အစာများသည် ဝမ်းအဖြစ်ဖြင့် အူမကြီးအဆုံးရှိ အစာဟောင်း အိမ်သို့ ရောက်ရှိ လာသောအခါ ပိတ်ဆို့ပြီး စမြင်းခေါ် ဝမ်းအမာအခဲများ ဖြစ်လေသည်။ ထို ဝမ်းအမာ အစိုင်အခဲများ ရှေ့မှပိတ်ဆို့ ထားသဖြင့် နောက်မှ ရောက်ရှိလာသော ဝမ်းအရည်များ မှာလည်း အောက်သို့၊ ပြင်ပသို့ မသက်ဆင်း နိုင်သောအခါ ဝမ်းအချဉ် ပေါက်ခြင်း၊ အူမကြီးရောင်ခြင်း တို့ ဖြစ်စေနိုင်သည်။

 

အူမကြီးတွင် ဝမ်းပိတ်ဆို့မှု ဖြစ်ခြင်းကြောင့် အောက်သို့ စုန်သောလေသည် အထက်သို့ ပြန်လှန်ပြီး လေပွခြင်း၊ လေအောင့်ခြင်းများ ဖြစ်နိုင်သည်။ ဝမ်းချုပ်ပြီး လေများ အောင်းခိုခြင်း ကြောင့် အူမကြီး ကျယ်ပြီး ဝမ်းဗိုက်ဖောင်းကား လာရသည်။ အချို့သူ များတွင် လူဝသည်ထက် ဝမ်းဗိုက်ကပို၍ ဖောင်းကားပြီး ပုံပျက် နေသည်ကို တွေ့ရသည်။ ညစာစားခြင်း နှင့်အတူ အရက်နှင့်ဘီယာ သောက်သူများတွင် ဝမ်းဗိုက်သည် ပုံပျက်အောင် ဝလာသည်ကို တွေ့ရသည်။ အစာမကြေ ခြင်းနှင့် လေပွခြင်းကြောင့် အူမကြီး ဖောင်းကား လာခြင်းမှ အခြေခံသော ရောဂါဖြစ်သည်။

 

အစာမကြေ ခြင်းကြောင့် ဝမ်းဗိုက ်ဖောင်းပွခြင်းနှင့် အတူ အသည်း အဆီဖုံးခြင်းလည်း ဖြစ်နိုင်သည်။ အစားအစာကို အချင့်အချိန် မရှိစားသူ၊ အဆီနှင့် ကြေခဲသော အကြော်အလှော် စားသူများတွင် အသည်းအဆီဖုံး ရောဂါ ဖြစ်နိုင်သည်။ အနောက်တိုင်း ဆေးပညာ၌ အဝလွန်သူ များတွင် သွေးတိုး၊ နှလုံးရောဂါနှင့် အတူ အသည်းအဆီဖုုံး ရောဂါ အများဆုံး ဖြစ်နိုင်သည်ဟု သတိပေး ထားသည်ကို တွေ့ရသည်။

 

မြန်မာ့ရိုးရာ တိုင်းရင်းဆေး ပညာတွင် ''ရောဂါမူလံ၊ အဇိဏ္ဏကံ'' ဟုဆိုသည်။ ရောဂါ မှန်သမျှ၏ မူလ အရင်းအမြစ်သည် (အဇိဏ္ဏ) အစာမကြေခြင်း မှစသည်ဟု ဆိုခြင်း ဖြစ်သည်။ အစာကို ကောင်းစွာ ကြေကျက်အောင် ဝါးစားခြင်း၊ သင့်တင့်ရုံသာ စား၍ အလွန်အကျွံ မစားခြင်း၊ ညနေစာကို လျှော့စားခြင်း၊ ညစာနှင့် ညဉ့်နက်မှ စားသော အစာများကို ရှောင်ကြဉ်ခြင်းဖြင့် သက်ရှည် ကျန်းမာ ရောဂါကင်းဝေး နိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

 

Healthcare.com.mm
Ref:
ကြည်မြင့်လွင် (မုဒြာ)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18