Print

Gallstones (သည်းခြေအိတ်ကျောက်တည်ခြင်း)

  12-Sep-2018
Preview Image

သည်းခြေအိတ်အတွင်းတွင် သည်းခြေအရည်အတွင်းမှပါသော အဆီ ကိုလက်စရော (Cholesterol) သို့မဟုတ် ရောင်ခြယ်ပစ္စည်း (Bilirubin) သို့မဟုတ် နှစ်မျိုးစလုံး စုပုံသည့်အတွက်ကြောင့်ဖြစ်သည်။သည်းခြေအိတ်သည် အသည်း၏ အောက်ခြေအနားတွင်ရှိသော သေးငယ်သောအိတ်လေးမျှသာဖြစ်ပြီး အစာခြေအဖွဲ့အစည်းအတွက် Bile ဆိုသည့် သည်းခြေရည်ကို ထုတ်ပေးပြီး အစာခြေခြင်းတွင်ကူညီနေသော ကလီစာဖြစ်ပါသည်။သည်းခြေကျောက်တည်ခြင်းကို အဓိကဖြစ်စေသော အကြောင်းအရင်းမှာ သည်းခြေအိတ်အတွင်း ပုံမှန်အတိုင်းရှိရမည့် ကိုလက်စရော အဆီပမာဏသည် ပုံမှန်ထက်ပိုများနေသောကြောင့်ဖြစ်သည်။သည်းခြေကျောက်တည်ခြင်းသည် အဖြစ်များသော ရောဂါတစ်မျိုးလည်း ဖြစ်ပါသည်။ ၁၀ ယောက်တွင် ၁ယောက်ဖြစ်နိုင်ခြေရှိသည်။ သို့သော် သည်းခြေကျောက်ရှိသူတိုင်း ရောဂါလက္ခဏာမပေါ်ဘဲ အနည်းစုသာ လက္ခဏာများပေါ်ပေါက်ပြီး ဆေးသောက်ရ၊ခွဲစိတ်ရသည်အထိ ဖြစ်ပွားနိုင်ပါသည်။


အဖြစ်များသော အုပ်စုများ

- အမျိုးသမီးများ (အမျိုးသားများထက်ပို၍ အဖြစ်များတတ်ပြီး ထိုအထဲမှ ကလေးမွေးထားသော အသက် ၄၀ကျော် အမျိုးသမီးများသည် ပိုပြီးအဖြစ်များသည်)

- အဝလွန်သူများ


လက္ခဏာများ

- သည်းခြေကျောက်သည် သည်းခြေလမ်းကြောင်းကို ပိတ်သွားနိုင်သည့်အတွက် ရုတ်တရက် ဗိုက်ထိုး၍အောင့်ခြင်း 

(အထူးသဖြင့် ဗိုက်၏ညာဘက်နံရိုးအောက်နေရာတွင်နာနိုင်ပြီး ဗိုက်၏အခြားနေရာများသို့လည်း ပျံ့နှံ့ ပြီးနာနိုင်ပါသည်)

- ကျောနှင့်ရင် ညှပ်၍အောင့်ခြင်း

- ညာဘက်လက်ပြင်၊ လက်မောင်းများ နာခြင်း

- နာကျင်ခြင်းသည်အစားစားပြီးချိန် အထူးသဖြင့် အဆီပါသော အစာမျိုးစားပြီးလျှင်ပို၍ဆိုးခြင်း

ထိုနာကျင်ခြင်းသည် မည်သည့်အချိန်တွင်မဆိုဖြစ်ပွားနိုင်ပြီး တစ်ခါတစ်ရံ အိပ်နေရင်း နှင့်လည်းအောင့်နိုင်ပါသည်။ အချို့သူများတွင် အောင့်နေချိန်၌ ချွေးစေးများထွက်ခြင်း၊ ပျို့အန်ခြင်းတို့အထိ ဖြစ်ပွားနိုင်ပါသည်။ထို့ကဲ့သို့ ထိုး၍အောင့်ခြင်း biliary colic သည် အချိန်တိုင်းမဟုတ်ဘဲ လပေါင်းများစွာကြာပြီးမှ တစ်ခါတစ်ခါအောင့်လျှင် စိုးရိမ်ရန်မလိုပေ။


နောက်ဆက်တွဲ ပြဿနာများ

- ရုတ်တရက် သည်းခြေအိတ် ရောင်ရမ်းခြင်း (Acute cholecystitis)

- နာတာရှည် သည်းခြေအိတ် ရောင်ရမ်းခြင်း (Chronic cholecystitis)

- ကျောက်ရှိနေသော သည်းခြေအိတ်အတွင်း အချွဲများနှင့်ပြည်တည်ခြင်း (Mucocoele)

- သည်းခြေအိတ် ပြည်တည်ခြင်း (Empyema)

- သည်းခြေပြွန်တွင် ကျောက်ပိတ်၍ အသားဝါခြင်း (Obstructive jaundice)

- သည်းခြေပြွန် ပိုးဝင်ရောင်ရမ်းခြင်း (Cholangitis)

- သည်းခြေပြွန်နှင့် အသည်းရောင်ရမ်းခြင်း (Cholangiohepatitis)

- အသည်းပြည်တည်ခြင်း (Liver absecess)

- သည်းခြေအိတ် နံရံပေါက်ထွက်၍ အူလမ်းကြောင်းဖြင့် တိုက်ရိုက်ဆက်သွားခြင်း (Chlecystointestinal fistula)

- အူလမ်းကြောင်း ပိတ်ခြင်း (Intestinal obstruction)

- သရက်ရွက် ရောင်ခြင်း (Pancratitis)

- သည်းခြေအိတ်ကင်ဆာ ဖြစ်ခြင်း (Cancer of gall bladder)


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ဗိုက်အောင့်ခြင်းအပြင် 

* ချမ်းတုန်၍ အဖျားကြီးခြင်း

* သက်သာသွားခြင်းမရှိဘဲ တောက်လျှောက်အောင့်နေခြင်း

* နှလုံးခုန်မြန်လာခြင်း

* မျက်လုံးဝါ၊ အသားဝါခြင်း

* သည်းခြေအတွင်းတွင်ပါသော bile salt စုပုံသည့်အတွက်အသားယားခြင်း

* ဝမ်းလျှောခြင်း

* အစားအသောက်ပျက်ခြင်း

* သွေးဆိပ်တက်၍ ဂယောင်ချောက်ခြားဖြစ်ခြင်း

စသည့် အထက်ပါလက္ခဏာများ ပေါ်ပေါက်ပါက ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါသည်။


စစ်ဆေးမှုများ

Blood tests- (သွေးစစ်ခြင်း) သွေးစစ်ခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း။

Liver function test- အသည်းထိခိုက်မှုရှိမရှိ အသည်းအင်ဇိုင်းများ စစ်ဆေးခြင်း။

USG scan- တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း။

MRI scan- သံလိုက်ဓာတ်မှန် ရိုက်ခြင်း။

CT scan - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း။

Plain X-ray Gall bladder- သည်းခြေအိတ် ဓာတ်မှန်ရိုက်ခြင်း။

ERCP- သည်းခြေပြွန်တွင်း အစာရေမျိုပြွန်မှတဆင့် ပိုက်ထည့်ခါ မှန်ပြောင်းဖြင့်ကြည့်ခြင်း။ (ရောဂါရှာဖွေရန်သာမက ကုသရာတွင်ပါ အသုံးပြုနိုင်ပါသည်)


ကုသခြင်း

သည်းခြေကျောက်အတွက် အပြီးသတ်ပျောက်ကင်းနိုင်သော ဆေးဝါး ကုသမှုမရှိပါ။ ရောဂါလက္ခဏာသက်သာရန်နှင့် ကျောက်ပျော်စေရန် ဆေးသောက်နိုင်ပါသည်။ သို့သော်ပြန်ဖြစ်ရန် အလားအလာရှိပါသည်။

ထို့ကြောင့် ကျောက်ဖယ်ရှားရန် နှင့် အပြီးတိုင်သက်သာရန်မှာ ခွဲစိတ်ခြင်းနည်းလမ်းဖြစ်ပါသည်။ သည်းခြေအိတ်အတွင်းကျောက်ရှိနေသော်လည်း ရောဂါလက္ခဏာမပေါ်ပါက ကုသရန်မလိုပါ။

*Extracorporeal shockwave lithotripsy- ခွဲစိတ်စရာမလိုဘဲ ခန္ဓာကိုယ်ပြင်ပမှ ကျောက်ခြေခြင်း။

ERCP နှင့်တွဲ၍ကုသခြင်းဖြစ်ပါသည်။ ထိုကုသမှုအပြီးတွင် ညာဘက်နံရိုးအောက် ဗိုက်နေရာတွင် နာကျင်ခြင်းကို ခံစားရနိုင်ပါသည်။ သို့သော် ကျောက်ခြေစက်ဖြင့် သေးငယ်သောအပိုင်းအစများ ဖြစ်အောင်ချေဖျက်နိုင်သည့်အတွက် သည်းခြေပြွန်လမ်းကြောင်းတွင်ပိတ်ဆို့ခြင်းမဖြစ်နိုင်ပါ။


*Dissolving stones- ကျောက်ပျော်ဆေးသောက်ခြင်း

ထိုကုသမှုသည် လနှင့် နှစ်နှင့်ချီ၍ကြာမြင့်နိုင်ပါသည်။ ကုသပြီးလျှင်လည်း ပြန်ဖြစ်နိုင်သောအလားအလာရှိပါသည်။ သည်းခြေအိတ်တွင်းဖြစ်တတ်သော ကျောက်အမျိုးအစားများထဲတွင် အဆီကျောက်ဖြစ်မှသောက်၍ရပါမည်။

သည်းခြေကျောက်အရွယ်အစား ၂ ဒသမ ၅အရွယ်အောက်ဖြစ်ရပါမည်။ ရောဂါလက္ခဏာ မပြင်းထန်သူဖြစ်ရပါမည်။ ခွဲစိတ်မည့်ဒဏ်ကိုမခံနိုင်သူ (သို့) ခွဲစိတ်၍မသင့်တော်သောသူများသာ သောက်သုံးသင့်ပါသည်။

ဆေးသောက်သည့် လူအများစုတွင် ဝမ်းလျှောခြင်းကိုခံစားရနိုင်ပါသည်။


*ခွဲစိတ်ကုသခြင်း။

Open Cholecystectomy- ဗိုက်ခွဲ၍ သမာရိုးကျခွဲစိတ်ကုသခြင်းနှင့် Laproscopic cholecystectomy- ဗိုက်တွင်အပေါက်ငယ်လေးများဖောက်၍ ခွဲစိတ်ခြင်း။


ကာကွယ်ခြင်း

အဆီလျော့စားပါ။

အစားအစာကိုသင့်တင့်မျှတအောင်စားပါ။

ကိုယ်အလေးချိန်အလွန်အမင်းမလျော့ပါနှင့်။ အလွန်လျော့လိုက်ခြင်းအားဖြင့် သည်းခြေကျောက်ကြီးထွားခြင်းကိုပို၍ဆိုးနိုင်ပါသည်။

လေ့လာချက်များအရ ထို့သို့ ကာကွယ်ခြင်းဖြင့် ရောဂါလက္ခဏာများသက်သာနိုင်သော်လည်း ကျောက်ဖြစ်ပေါ်ခြင်းကို မကာကွယ်နိုင်ပါ။


Ref: NHS choices, UK

      emedicinehealth.com

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18