Print

Lead Poisoning (ခဲဆိပ်သင့်ခြင်း)

  31-Oct-2018
Preview Image

ခန္ဓာကိုယ်အတွင်းသို့ ခဲဓာတ်များ အချိန်ကာလတစ်ခုတိုင် ဝင်ရောက်နေခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများထိခိုက်ပြီး ရောဂါများ ဆိုးဆိုးရွားရွားဖြစ်ပွားခြင်းကို ခဲဆိပ်သင့်ခြင်းဟုခေါ်သည်။ ခဲဆိပ်သင့်ခြင်းကြောင့် စိတ်ပိုင်းရော၊ ကိုယ်ပိုင်းဆိုင်ရာမှာပါ ရောဂါများရရှိနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။


လက္ခဏာများ

သွေးထဲတွင် ခဲဓာတ်များ များစွာဝင်ရောက်နေသော်လည်း အန္တရာယ်ပေးနိုင်သော ပမာဏထိ မရောက်ရှိသေးပါက ရောဂါလက္ခဏာများမပြဘဲ လူကောင်းတစ်ဦးကဲ့သို့ ရှိနေတတ်သည်၊၊ ထို့ကြောင့် ခဲဆိပ်သင့်ခြင်းကို ကြိုတင်သိရှိရန်ခက်ခဲသည်။

ကလေးများတွင် တွေ့ရသော ရောဂါလက္ခဏာများ

• ကိုယ်ခန္ဓာရော၊ ဉာဏ်ရည်ပါ ဖွံ့ဖြိုးမှုနောက်ကျခြင်း

• သင်ယူရာတွင် တတ်မြောက်မှုနှေးခြင်း

• ဂနာမငြိမ်ဖြစ်ခြင်း

• အစားအသောက်ပျက်ခြင်း

• ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားခြင်း

• မောပန်းနွမ်းနယ်လွယ်ခြင်း

• ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း

• အကြားအာရုံချို့ယွင်းခြင်း တို့ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်တွင် ခဲဆိပ်သင့်ပါက မွေးဖွားလာသော ကလေးငယ်များတွင်

• ဉာဏ်ထိုင်းခြင်း

• ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း တို့ဖြစ်နိုင်သည်။

ခဲဆိပ်သည် ကလေးများကို ပိုမိုထိခိုက်စေနိုင်သည်။


လူကြီးများတွင်မူ ခဲဆိပ်သင့်ခြင်း၏ ရောဂါလက္ခဏာများ အနေဖြင့်

- သွေးတိုးခြင်း

- ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း

- အဆစ်အမျက်များ နာကျင်ခြင်း

- ကြွက်သားများ နာကျင်ခြင်း

- စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်း

- ခြေ၊ လက်များ နာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း

- ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း

- စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း

- သုက်ကောင်အရေအတွက် လျော့ကျခြင်းနှင့် သုက်ကောင်များ ပုံမမှန်ခြင်း

- ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်း တို့ဖြစ်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ခဲပါသော ပစ္စည်းများနှင့် အထိတွေ့များသောကြောင့် ခဲဓာတ်များ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်ပြီး ခဲဆိပ်သင့်ရခြင်းဖြစ်သည်။ ခဲကို အခြေခံ၍ပြုလုပ်သော အိမ်သုတ်ဆေးများ၊ ဒီဇယ်ဆီများ၊ ဘတ်ထရီအိုးများ၊ သံပိုက်၊ ကြေးပိုက်များအတွက် ပိုက်ဆက်ပစ္စည်းများ၊ ကြွေအိုး၊ ကြွေခွက်များနှင့် အချို့သော ကလေးကစားစရာများတွင် ခဲဓာတ်များပါဝင်သည်။ အချို့သော ရိုးရာအိမ်သုံးဆေးဝါးများ၊ နှုတ်ခမ်းနီ၊ လက်သည်းနီ၊ eyeliner စသော အလှကုန်ပစ္စည်းအချို့တွင် ပုံမှန်ပါဝင်ရမည့် ပမာဏထက် ပိုမိုပါဝင်နေတတ်သည်။ အိမ်သုတ်ဆေးဆိုင်များ၊ ဒီဇယ် ကြာရှည်သိုလှောင်ရာ နေရာများနှင့် အိုဟောင်းနေသော အဆောက်အဦးများတွင် မြေကြီးများတွင်ပါ ခဲဓာတ်များနေတတ်သည်။ ခဲဖြင့်ဆက်ထားသော ကြေးနီပိုက်များမှတဆင့် သောက်ရေအတွင်းသို့ ခဲဓာတ်များ ရောက်ရှိသွားနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ

- လသား ကလေးများနှင့် ကလေးငယ်များသည် တွေ့ရာပစ္စည်းများနှင့် လက်များကို ပါးစပ်တွင်း ထည့်သွင်းတတ်ခြင်းကြောင့် ကလေးကြီးများထက် ခဲဆိပ်သင့်ခြင်း ပို၍အဖြစ်များသည်။

- အဆောက်အအုံဟောင်းများ၊ ဘက်ထရီအိုးလုပ်ငန်း၊ အိမ်သုတ်ဆေးလုပ်ငန်း တို့ရှိရာနေရာ အနီး နေထိုင်သူများတွင် အဖြစ်များသည်။

- ပစ္စည်းဟောင်းများကို ပြန်လည်သန့်စင်သောလုပ်ငန်း လုပ်သူများတွင်လည်း ခဲဆိပ်သင့်ခြင်းဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ခဲဓာတ်များနှင့် ထိတွေ့မိပါက ကိုယ်တွင်းရှိ သန္ဓေသားကိုပါ ထိခိုက်နိုင်သောကြောင့် အထူးဂရုပြုရန် လိုအပ်သည်။

 

နောက်ဆက်တွဲပြဿနာများ

- ကလေးများတွင် အလွန်နည်းပါးသော ခဲဓာတ်ကို နေ့တိုင်းထိတွေ့နေရပါက ပြန်လည်ကုသ၍ မရသော ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်နိုင်သည်။

- ထိတွေ့နေရသော ခဲဓာတ်ပမာဏများပါက ကျောက်ကပ်နှင့် အာရုံကြောဆိုင်ရာရောဂါများကို ကလေးများသာမက လူကြီးများတွင်ပါ ကြုံတွေ့ရနိုင်ပါသည်။

- အလွန်ဆိုးရွားပါက တက်ခြင်း၊ သတိလစ်ခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

 

ရောဂါရှာဖွေခြင်း

ခဲဓာတ်နှင့် ထိတွေ့မှုများသောဒေသများတွင် ကလေးငယ်များအား အသက် တစ်နှစ်အရွယ်နှင့် နှစ်နှစ်အရွယ်တို့တွင် သွေးတွင်းရှိ ခဲဓာတ်ပမာဏကို စစ်ဆေးရန် လိုအပ်သည်။  သွေးတွင်းခဲဓာတ်ပမာဏကို စစ်ဆေးရန် လက်ထိပ်မှဖြစ်စေ၊ သွေးပြန်ကြောမှဖြစ်စေ သွေးကို နမူနာယူရန် လိုအပ်သည်။ သွေးတွင်းခဲဓာတ် 5 mcg/dL ကျော်ပါက သတိပြုရမည်။ သွေးတွင်းခဲဓာတ် 45 mcg/dL နှင့်အထက် ဖြစ်ပါက ခဲဆိပ်သင့်လက္ခဏာများ ပေါ်ပေါက်လာနိုင်ပြီး ကုသမှုခံယူရန် အထူးလိုအပ်သည်။

ကုသခြင်း

ခဲဆိပ်သင့်ခြင်းကို ကုသရာတွင် ခန္ဓာကိုယ်တွင်းသို့ ခဲဆိပ်ဝင်စေသော အကြောင်းရင်းများကို ဦးစွာဖယ်ရှားရန်လိုအပ်သည်။  သွေးတွင်းခဲပမာဏ နည်းပါက ခန္ဓာကိုယ်တွင်းသို့ ခဲဓာတ်များ ထပ်မံမဝင်ရောက်စေရန် ကာကွယ်ခြင်းဖြင့် သွေးတွင်းခဲဓာတ်ပမာဏကို လျော့ချနိုင်ပါသည်။

သွေးတွင်းခဲပမာဏများပါက

- ခဲဓာတ်များကို စုစည်းပြီး ဆီးထဲတွင် ပြန်လည်စွန့်ထုတ်စေသောနည်း ( Chelation therapy)

- EDTA therapy ဖြင့် ကုသနည်း တို့ဖြင့် ကုသနိုင်ပါသည်။

ကလေးများတွင် လူကြီးများထက် သွေးတွင်းခဲဓာတ် ပိုမိုနည်းပါးသော်လည်း Chelation therapy ဖြင့် ကုသရန် လိုအပ်သည်။

 

ကာကွယ်ခြင်း

ခဲဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ရန်

- ကလေးငယ်များကို ပြင်ပတွင် ကစားပြီးချိန်၊ မြေကြီးနှင့် ထိတွေ့ပြီးချိန်များ၊ အစာမစားမီနှင့် အိပ်ရာမဝင်မီတို့တွင် ခြေ၊ လက်များကို သန့်စင်စွာ ဆေးကြောပေးရမည်။

- ကလေးများ ကစားသော အရုပ်များကိုလဲ သန့်ရှင်းစွာထားရန်၊ ပုံမှန် ဆေးကြောလျှော်ဖွတ်ပေးရန် လိုအပ်သည်။

- ကြမ်းခင်းများနှင့် အိမ်တွင်း ပရိဘောဂများကိုလည်း သန့်ရှင်းစွာထားရန်၊ ရေစိုဝတ်နှင့် ပုံမှန်တိုက်ပေးရန် လိုအပ်သည်။

- ခဲဖြင့်တွဲဆက်ထားသော ရေပိုက်များကို အသုံးပြုပါက ပိုက်ဖွင့်လျှင်ဖွင့်ချင်း ထွက်လာသောရေကို အသုံးမပြုရပါ။ ရေကို ၁မိနစ်ခန့် ဦးစွာ ဖွင့်ချထားပြီးမှ သုံးရမည်။

- ကလေးများကို ခဲဓာတ်များသော ပတ်ဝန်းကျင်ရှိ မြေကြီးများနှင့် ဆော့ကစားခြင်းကို တားဆီးရမည်။

- ခဲဓာတ်စုပ်ယူမှုကို လျှော့ချသော သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ် များများပါဝင်သော အစာများကို စားရမည်။

ခဲဓာတ်များပါဝင်သော ပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင်နေရသူများ အနေဖြင့်

- လုံခြုံသော အဝတ်အစားများကို ဝတ်ဆင်ခြင်း၊ အလုပ်မှ မပြန်မီ အဝတ်အစားလဲခြင်း၊ ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်း တို့ကို ပြုလုပ်ရန် လိုအပ်သည်။

- အလုပ်တွင်း အစာစားသောက်ပါက အစားအစာအတွင်း ခဲဓာတ်များ မဝင်ရောက်အောင် အထူးသတိပြုရန် လိုအပ်ပါသည်။


Ref: Mayo Clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18