Print

Liver Cancer (အသည်းကင်ဆာ)

  04-Nov-2018
Preview Image

ကျွနု်ပ်တို့ ခန္ဓာကိုယ်တွင်းရှိ အသည်း (Liver) သည် ဆေးဝါးများနှင့် ကိုယ်တွင်းမှ ထွက်လာသော အဆိပ်ဓာတ်များကို ချေဖျက်ပေးပြီး  အစာချေရည်ကိုလည်း ထုတ်လုပ်ပေးသည်။ ထို့ပြင် သွေးခဲခြင်းအတွက် အလွန်အရေးပါသော အသားဓာတ်များကိုလည်း ထုတ်ပေးသောကြောင့် အလွန်အရေးကြီးသောအင်္ဂါ ဖြစ်သည်။

အသည်းတွင်းရှိ ဆဲလ်များတွင် ကင်ဆာဖြစ်ပွားခြင်းကို အသည်းကင်ဆာ ဟုခေါ်ပြီး Hepatocyte များတွင်ဖြစ်သော Hepatocellular Cancer မှာ အတွေ့ရများဆုံး ဖြစ်သည်။အသည်းတွင်ဖြစ်သော ကင်ဆာမှန်သမျှကို အသည်းကင်ဆာဟု မသတ်မှတ်နိုင်ပါ။ အူမကြီး၊ အဆုတ်စသော အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများမှ ကင်ဆာပျံ့နှံ့၍ အသည်းသို့ရောက်ရှိခြင်းကို ပျံ့နှံ့ကင်ဆာ (metastatic cancer) ဟုခေါ်သည်။


လက္ခဏာများ

ကင်ဆာ၏ အစောပိုင်းကာလတွင် ရောဂါလက္ခဏာများကို ထင်ရှားစွာ မတွေ့ရတတ်ပေ။ 

ရောဂါလက္ခဏာများ အနေဖြင့်

- ဗိုက်အောင့်ခြင်း

- ပျို့ခြင်း၊ အန်ခြင်း

- ဗိုက်တွင် အလုံးပေါ်ခြင်း

- မျက်စိနှင့် အသားများ ဝါခြင်း

- ဝမ်းရောင် ဖြူဖျော့ဖျော့ ဖြစ်ခြင်း

- ကိုယ်အလေးချိန် သိသာစွာ လျော့ကျခြင်း

- အစားအသောက်ပျက်ခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းလွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။

အထက်ပါ လက္ခဏာများ ကြုံတွေ့လာရပါက ဆရာဝန်နှင့် ပြသ၍ လိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

အများအားဖြင့်

- အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတို့ကဲ့သို့သော အသည်းတွင်း နာတာရှည် ရောဂါပိုးဝင်ခြင်း

- မျိုးရိုးဗီဇကြောင့် အသည်းဆဲလ်များ ပုံမမှန်ခြင်း (gene mutation) တို့ကြောင့် အသည်းကင်ဆာ ဖြစ်ရသည်။


ဖြစ်နိုင်ချေများသူများ

- ဘီပိုး၊ စီပိုးသော နာတာရှည် အသည်းရောဂါပိုးရှိသူများ

- အသည်းခြောက်ရောဂါရှင်များ

- Hemochromatosis, Wilson’s disease တို့ကဲ့သို့သော မျိုးရိုးဗီဇဆိုင်ရာ အသည်းရောဂါရှိသူများ

- ဆီးချိုရောဂါနှင့် အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါရှိသူများ

- Aflatoxin (ပြောင်းဖူး၊ မြေပဲတို့မှတဆင့် ရရှိနိုင်သော) နှင့် ထိတွေ့ရသူများ

- အရက်အလွန်အကျွံသောက်သူများ

- အဝလွန်သူများတွင် အဖြစ်များသည်။


စစ်ဆေးမှုများ

အသည်းကင်ဆာရှိမရှိကို သိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ကာ ရောဂါလက္ခဏာများကို စမ်းသပ်ရန် လိုအပ်သည့်အပြင်

- အသည်း၏ လုပ်ငန်းဆောင်တာများ ကောင်းမကောင်း သိနိုင်ရန် သွေးစစ်ခြင်း

- တီဗွီဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်တို့ရိုက်ခြင်း

- အသည်းမှ အသားစယူ၍ စစ်ဆေးခြင်း (Liver Biopsy) တို့ကို ပြုလုပ်နိုင်ပါသည်။

- စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး အသည်းကင်ဆာဟု သိရှိရပါက ရောက်ရှိပျံ့နှံ့နေသော နေရာများကိုလိုက်၍ ရောဂါအခြေအနေကို အဆင့်လေးဆင့် ခွဲခြားသတ်မှတ်နိုင်ပြီး နောက်ဆုံးအဆင့်မှာ အဆိုးဆုံးဖြစ်သည်။


ကုသခြင်း

အသည်းကင်ဆာကို ကုသရာတွင် ရောဂါအဆင့်၊ လူနာ၏အသက်၊ ခံနိုင်ရည်နှင့် တခါတရံ လူနာ၏ ရွေးချယ်မှုအပေါ်မူတည်ကာ ကုသပုံများ ကွဲပြားခြားနားနိုင်သည်။

ကုသနည်းများအနေဖြင့်

- ကင်ဆာဖြစ်နေသော အသည်းအစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်း

- အသည်းအစားထိုးခြင်း

- တီဗွီဓာတ်မှန်အကူအညီဖြင့် ကင်ဆာဆဲလ်များကို အေးခဲပျက်စီးစေခြင်း (Cryoablation)

- တီဗွီဓာတ်မှန်အကူအညီဖြင့် ကင်ဆာဆဲလ်များကို လျှပ်စစ်သုံး ဖျက်ဆီးခြင်း

- အကျိတ်တွင်းသို့ အရက် (Pure alcohol) ထိုးသွင်း၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း

- အကျိတ်တွင်းသို့ ကင်ဆာဆေးများ ထိုးသွင်းကုသခြင်း (Chemoembolization)

- ဓာတ်ကင်ခြင်း

- ကင်ဆာအလွန်ဆိုးဝါးသောအဆင့်တွင် ဆေးများသုံး၍ ပြန့်ပွားမှုကို ထိန်းသိမ်းခြင်း တို့ကို အသုံးပြုနိုင်ပါသည်။

ကင်ဆာရောဂါသည်များတွင် ဆရာဝန်၏လမ်းညွှန်မှုဖြင့် နာကျင်မှုကို သက်သာစေသည့်ဆေးများကို အသုံးပြုနိုင်ပါသည်။

နာကျင်မှုကို သက်သာစေရန် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ပြုလုပ်ခြင်း၊ နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ကုသခြင်းနှင့် ဂီတသံများကို နားထောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


ကင်ဆာရောဂါရှင်များအနေဖြင့် 

- ကုသမှုနည်းလမ်းများကို မိမိကိုယ်တိုင်ပါဝင်၍ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန် ရောဂါနှင့်ပတ်သတ်သော အကြောင်းအရာများ၊ ရောဂါ၏အဆင့်နှင့် ကုသနိုင်သောနည်းလမ်းများ၊ ကုသနည်းများ၏ အားသာချက်၊ အားနည်းချက်များကို သေချာစွာ သိရှိထားသင့်သည်။

- လွန်စွာစိတ်ဓာတ်ကျဆင်းမသွားစေရန် မိသားစုများ၊ မိတ်ဆွေများ၏အကူအညီကို ယူသင့်သည်။

- ရောဂါသည်များအား စိတ်ဓာတ်ကျဆင်းချိန်တွင် အားပေးနှစ်သိမ့်ပေးရန်လည်း လိုအပ်သည်။

- ကြိုတင်တွက်ဆထား၍ မရနိုင်သော ရောဂါအခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခြင်းဖြင့် အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်မည် ဖြစ်ပါသည်။


ကာကွယ်ခြင်း

အသည်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ရန်

- အသည်းခြောက်စေသော အပြုအမူများဖြစ်သည့် အရက်အလွန်အကျွံသောက်ခြင်း၊ ဓာတုပစ္စည်းများ အသုံးပြုခြင်းတို့ကို ရှောင်ကျဉ်ရမည်။

- အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် လိုအပ်သည်။

- အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးထားရမည်။

- အသည်းရောင်အသားဝါ စီပိုးဖြစ်စေနိုင်သော အပြုအမူများဖြစ်သည့် လိင်ဆက်ဆံဖော်များခြင်း၊ ဆေးထိုးအပ် ဆေးထိုးပြွန်တစ်ခုတည်းကို မျှဝေသုံးစွဲခြင်းတို့ကို သိရှိရှောင်ကျဉ်ရန် လိုအပ်ပါသည်။


Ref: Mayo Clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18