Print

Lipoma (အဆီကျိတ်)

  03-Nov-2018
Preview Image

အရေပြားနှင့် ကြွက်သားအလွှာကြားမှာရှိတဲ့ အဆီဆဲလ်များပေါင်းပြီး အလုံးအကျိတ်ဖြစ်လာခြင်းဖြစ်သည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သည်။ လည်ပင်း၊ ကျောကုန်း၊ ပခုံး၊ ဂျိုင်း စသည့်နေရာများတွင် ပိုအဖြစ်များသည်။ အဆီကျိတ်သည် မနာကျင်ပါ၊ ကိုင်ကြည့်လျှင် ပျော့ပျော့ကလေးဖြစ်ပြီး နေရာအနည်းငယ် ရွေ့သွားတတ်သည်။ တစ်လုံးတည်းလည်းဖြစ်နိုင်သည်။ တစ်ပြိုင်နက်တည်း အကျိတ်များစွာလည်းဖြစ်နိုင်သည်။ အဆီကျိတ်သည်ကင်ဆာကျိတ်လုံးဝ မဟုတ်ပါ။


လက္ခဏာများ

- ကိုင်ကြည့်လျှင် ပျော့ပျော့အိအိဖြစ်နေခြင်း

- ထိလိုက်ရုံမျှဖြင့် အနည်းငယ်ရွေ့သွားခြင်း

- အရွယ်အစားသေးခြင်း (အများအားဖြင့် ၂လက်မ (သို့) ၅စင်တီမီတာ ပတ်လည်ရှိတတ်သည်)၊ သို့သော် နှစ်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းကြီးလာနိုင်ပါသည်။

- အပေါ်အရေပြားတွင် အလုံးဖြစ်ရုံမျှအပ မည်သည့်ပြောင်းလဲမှုမှ မရှိခြင်း

- မနာကျင်ခြင်း

မှတ်ချက်။ ။ အကျိတ်သည် နာကျင်လာလျှင်၊ အရေပြားတွင် ပုံမှန်အရောင်မဟုတ်ဘဲ ပြောင်းလဲမှုရှိလာလျှင် ကင်ဆာဟုတ်၊ မဟုတ်စစ်ဆေးရန် သက်ဆိုင်ရာတတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသတိုင်ပင်ရပါမည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

        ဖြစ်ပွားရသည့်အကြောင်းအရင်းကို တိတိကျကျမပြောနိုင်ပေ။

- မျိုးရိုးလိုက်၍ ဖြစ်တတ်သည်။

- တခါတရံတွင် ထိခိုက်ဒဏ်ရာတခုခုရပြီးနောက်ပိုင်းမှ အဆီကျိတ်ပေါ်လာတတ်သည်။ အကြောင်းရင်းကိုမူ တိတိကျကျမပြောနိုင်ပေ။

မှတ်ချက်။ ။ အဝလွန်၍ အဆီကျိတ်ဖြစ်သည်ဆိုသော ယူဆချက်မှာ လုံးဝမဟုတ်ပါ။

 

ဖြစ်နိုင်ချေများသူများ

- အသက် ၄၀မှ ၆၀ကြားရှိသော လူလတ်ပိုင်းများ

- မိဘမျိုးရိုးတွင် အဆီကျိတ်ဖြစ်ပွားခဲ့ဖူးသော ရာဇဝင်ရှိသူများ

- ရောဂါအချို့နဲ့လည်း တွဲ၍ဖြစ်နိုင်သည်။ ( ဥပမာ - Adiposis dolorosa, Cowden's Syndrome, Gardner's Symdrome, Madelung's disease )

မှတ်ချက်။ ။ ကလေးငယ်များတွင် အဆီကျိတ်ဖြစ်ပွားသည်မှာ အလွန်ရှားပါသည်။


နောက်ဆက်တွဲ ပြဿနာများ

- အဆီကျိတ်သည် တဖြည်းဖြည်းနှင့်အရွယ်အစားကြီးလာကာ အာရုံကြောများကို  ဖိမိပါက နာကျင်နိုင်သည်။

- အချို့အဆီကျိတ်များသည် အရွယ်အစားအလွန်ကြီးမားလာသဖြင့် မိမိ၏ပုံပန်းသွင်ပြင်၊ စိတ်ခံစားမှုများကို ထိခိုက်စေနိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

        ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို အလုံုးအကျိတ်ပေါ်ပါက သက်ဆိုင်ရာတတ်ကျွမ်းနားလည်သောဆရာဝန်နှင့် ပြသရပါမည်။ သို့မှသာ ကင်ဆာကျိတ် ဟုတ်၊ မဟုတ် သိရှိနိုင်မည်။


စစ်ဆေးမှုများ

- ဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုလုပ်ရုံဖြင့် အဆီကျိတ် ဟုတ်၊ မဟုတ် သိနိုင်သည်။

- ပိုသေချာစေရန် အကျိတ်မှအသားစယူ၍ စစ်ဆေးနိုင်သည်။

- Ultrasound (တီဗွီဓာတ်မှန် ရိုက်ခြင်း)၊ MRI (သံလိုက်ဓာတ်မှန် ရိုက်ခြင်း)၊ CT  scan (ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း) တို့ကို ကင်ဆာကျိတ်ဟု သံသယရှိပါကပြုလုပ်ပါသည်။


ကုသခြင်း

၂လက်မနှင့် ၂လက်မအောက် အဆီကျိတ်များ

 - အများအားဖြင့် ကုသရန်မလိုအပ်ပါ။

 - သို့သော် နာကျင်လာလျှင်၊ အကျိတ်ရှိနေခြင်းကို မကြိုက်လျှင် တတ်ကျွမ်းသောဆရာဝန်နှင့် ပြသကာ ထုံဆေးဖြင့် ခွဲထုတ်ခြင်း၊ စတီးရွိုက်ဆေးဖြင့် သေးအောင်ပြုလုပ်ခြင်း၊ အဆီစုပ်ထုတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။


၂လက်မနှင့်အထက် အဆီကျိတ်များ

 - အလွန်ကြီးသော အဆီကျိတ် (Giant Lipoma)ဟု သတ်မှတ်သည်။ အာရုံကြောကို ဖိမိနိုင်၍ နာကျင်စေခြင်း၊ ပုံပန်းသွင်ပြင်ကို ထိခိုက်စေခြင်း၊ အဝတ်အစားဝတ်ရာတွင် အခက်အခဲဖြစ်ခြင်းများ ကြုံတွေ့နိုင်သည်။ ထို့ကြောင့် သက်ဆိုင်ရာခွဲစိတ်ဆရာဝန်နှင့် ခွဲထုတ်ရန်လိုအပ်သည်။


ကာကွယ်ခြင်း

- ကာကွယ်၍ မရပါ။


အခြားသိသင့်သော အချက်များ 

      ခွဲစိတ်ထုတ်ပြီးသောနေရာတွင် အဆီကျိတ်ပြန်ဖြစ်သည်မှာ မရှိသလောက် အလွန်ရှားပါးပါသည်။


Dr. Khine.W.Y.San

Ref: Mayo Clinic, Web MD, Healthline

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။






Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18