Print

Lung Cancer ( အဆုတ်ကင်ဆာ)

  05-Nov-2018
Preview Image

အဆုတ်ကင်ဆာရောဂါသည် အောက်ဆီဂျင်ကို ရှူသွင်း၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူထုတ်ပေးသော အဆုတ်တွင် ကင်ဆာဖြစ်သောရောဂါ ဖြစ်လာခြင်းဖြစ်သည်။


လက္ခဏာများ

အဆုတ်ကင်ဆာရောဂါသည် စဖြစ်စတွင် လက္ခဏာများ ပြလေ့မရှိသော်လည်း ရောဂါကျွမ်းလာသည်နှင့်အမျှ သိသာထင်ရှားသောလက္ခဏာများ ပြလာတတ်သည်။ လက္ခဏာများအနေဖြင့်

-      ချောင်းအကြာကြီးဆိုးခြင်း

-      ချောင်းဆိုးသွေးပါခြင်း

-      မောခြင်း

-      အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း

-      ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာခြင်း

-      အရိုးများ နာကျင်ကိုက်ခဲခြင်း

-      ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

များသောအားဖြင့် အဆုတ်ကင်ဆာသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်စေနိုင်သော်လည်း ဆေးလိပ်မသောက်သူများတွင်လည်း ဖြစ်ပွားသည်ကို တွေ့ရှိရသည်။ ထိုသူများတွင်မူ အဆုတ်ကင်ဆာဖြစ်ပွားစေသော တိကျသောအကြောင်းရင်းကို မသိနိုင်ပေ။ ဆေးလိပ်သောက်သူများဆိုလျှင် ဆေးလိပ်တွင် ပါဝင်သော ကင်ဆာဓာတ်တိုးပစ္စည်းများကြောင့် ပုံမှန်ဆဲလ်များ ပျက်စီးကာ နောက်ဆုံးတွင် အဆုတ်ကင်ဆာအထိ ဖြစ်ပွားလာရခြင်းဖြစ်သည်။


ဖြစ်နိုင်ချေများသူများ

အဆုတ်ကင်ဆာ ဖြစ်နိုင်ချေများသူများမှာ

. ဆေးလိပ်သောက်သူများ

. ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ ရှူရှိူက်သူများ

. Radon ဓာတ်ငွေ့နှင့် ထိတွေ့မှုများသူများ

. မိသားစုမျိုးရိုးတွင် အဆုတ်ကင်ဆာရောဂါရှိသူများဖြစ်သည်။


နောက်ဆက်တွဲပြဿနာများ

အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲပြဿနာများအနေဖြင့်

-      မောလာခြင်း

-      ချောင်းဆိုးသွေးပါခြင်း

-      ကင်ဆာဆဲလ်များ အရိုးသို့ ပျံ့နှံ့ကာ အရိုးများနာကျင်ခြင်း

-      အဆုတ်တွင်း ရေဝင်ခြင်း

-      တခြားကိုယ်တွင်းအင်္ဂါများဖြစ်သော ဦးနှောက်၊ အသည်းများသို့ ပျံ့နှံ့သွားခြင်းများ ဖြစ်နိုင်ပါသည်။



ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

အကယ်၍ အထက်ပါလက္ခဏာများ ခံစားရခြင်း / ဆေးလိပ်ဖြတ်မရပါက နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ သွားရောက်ပြသကာ ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်ပါသည်။


စစ်ဆေးမှုများ

အဆုတ်ကင်ဆာ ဟုတ်မဟုတ် သိနိုင်ရန်အတွက် ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်း၊ အသားစယူ၍စစ်ဆေးခြင်းများဖြင့် စစ်ဆေးနိုင်သည်။ ထို့အပြင် အဆုတ်ကင်ဆာအဆင့်ကို သိရှိနိုင်ရန်အတွက် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းများဖြင့် စမ်းသပ်နိုင်သည်။


ကုသခြင်း

အဆုတ်ကင်ဆာအား ကုသရာတွင် လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ကင်ဆာအဆင့်ပေါ်မူတည်၍ ကုသနည်းများ ကွာခြားသွားနိုင်သည်။ ခွဲစိတ်ခြင်း၊ ကင်ဆာဆေးများနှင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းများနှင့် ကုသနိုင်သည်။ ခွဲစိတ်ရာတွင်လည်း ကင်ဆာအကျိတ်လောက်သာ ဖယ်ရှားခြင်း / အဆုတ်တစ်ခုလုံးအား ဖယ်ရှားခြင်းစသဖြင့် ရောဂါအခြေအနေပေါ်မူတည်၍ ကွဲပြားသွားသည်။


ကာကွယ်ခြင်း

အဆုတ်ကင်ဆာ မဖြစ်ပွားစေရန် ကာကွယ်မှုများအနေဖြင့်

-      ဆေးလိပ်ဖြတ်ခြင်း

-      ဆေးလိပ်ငွေ့များ ရှူရှိူက်ခြင်းမှ ရှောင်ကြဉ်ခြင်း

-      ကင်ဆာဓာတ်တိုးပစ္စည်းများကို ရှောင်ကြဉ်ခြင်း

-      အစားအစာများကို သင့်တင့်မျှတအောင် စားခြင်းနှင့် သန့်ရှင်းလတ်ဆတ်သော အသီးအရွက်များ စားခြင်း

-      လေ့ကျင့်ခန်းများ လုပ်ခြင်းတို့ကို လုပ်ဆောင်သင့်သည်။

 

Paing

Ref: Mayo Clinic

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18