Print

Melanoma (မယ်လနိုးမား အရေပြားကင်ဆာရောဂါ)

  10-Nov-2018
Preview Image

Melanoma ရောဂါသည် အရေပြားတွင် ရောင်ခြယ်ထုတ်ပေးသော မယ်လနင်ဆဲလ်များတွင် ဖြစ်သော ကင်ဆာဖြစ်ကာ အရေပြားကင်ဆာများထဲတွင် အပြင်းထန်ဆုံးဖြစ်သည်။ Melanoma သည် မျက်လုံးတွင်လည်း ဖြစ်ပွားနိုင်ပြီး ရှားရှားပါးပါးအနေဖြင့် အူများတွင်လည်း ဖြစ်နိုင်သည်။

 

လက္ခဏာများ

Melanoma သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သော်လည်း နေရောင်ခြည်နှင့် ထိတွေ့မှုများသောနေရာများဖြစ်သော နောက်ကျော၊ ခြေထောက်၊ လက်မောင်းနှင့် မျက်နှာများတွင် အဖြစ်များသည်။ သို့သော် နေရောင်ခြည် ထိတွေ့မှုမရှိသော ခြေဖဝါး၊ လက်ဖဝါးနှင့် လက်သည်းခွံများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက္ခဏာများအနေဖြင့်

-      မှဲ့တွင် ပြောင်းလဲမှုများ ဖြစ်လာခြင်း ( အခြားမှဲ့များနှင့် ပုံသဏ္ဍန်မတူဖြစ်လာခြင်း၊ အနားသတ်ဘောင်များ ပုံစံမတူခြင်း၊ အရောင်ပြောင်းလာခြင်း၊ ၆ မီလီမီတာထက် ပိုကြီးခြင်းနှင့် သွေးထွက်လာခြင်း၊ ယားယံခြင်း)

-      အရေပြားပေါ်တွင် အရောင်ပြောင်းလာခြင်းတို့ဖြစ်သည်။

 

ငုပ်နေသော Melanoma ရောဂါသည်

-      လက်သည်း/ခြေသည်အောက် - အသားမဲသူများတွင် အဖြစ်များသည်။

-      နှာခေါင်း၊ ပါးစပ်၊ အစာရေမျိုပြွန်၊ စအို၊ ဆီးလမ်းကြောင်းနှင့် မိန်းမကိုယ်တွင် ဖြစ်နိုင်သော်လည်း ပုံမှန်အခြေအနေများနှင့် မှားတတ်ကာ ရောဂါရှိမှန်း သတိမပြုမိတတ်ချေ။

-      မျက်လုံးတွင် ဖြစ်လျှင် အမြင်အာရုံပြောင်းလဲခြင်းနှင့် မျက်စိစမ်းသပ်မှု ပြုလုပ်စဉ်တွင် ရောဂါကို ရှာဖွေတွေ့ရှိတတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

Melanoma ဖြစ်ပွားရသော အကြောင်းရင်းမှာ အရေပြားတွင်း မယ်လနင်ထုတ်ပေးသောဆဲလ်များတွင် DNA ပြောင်းလဲမှု ဖြစ်သောကြောင့် ပုံမှန်ဆဲလ်ဖြစ်ရမည့်အစား ကင်ဆာဆဲလ်များ ဖြစ်လာခြင်းဖြစ်သည်။


ဖြစ်နိုင်ချေများသူများ

Melanoma သည်

-      အသားဖြူသူများ

-      နေလောင်ဒဏ်ခံရဖူးသူများ

-      နေရောင်အကြာကြီး ခံရသူများ

-      အီကွေတာနှင့် နီးသောဒေသတွင် နေထိုင်ရသူများ

-      မှဲ့အများကြီးရှိသူ (သို့) ပုံမှန်မဟုတ်သောမှဲ့များ ရှိသူ

-      မျိုးရိုးရှိသူများ

-      ကိုယ်ခန္ဓာ ခုခံအားစနစ် မကောင်းသူများတွင် ပို၍အဖြစ်များလေ့ရှိသည်။

 

နောက်ဆက်တွဲပြဿနာများ

Melanoma ၏ နောက်ဆက်တွဲပြဿနာများအနေဖြင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သော အသည်း၊ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်နှင့် အရိုးများသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့သွားခြင်း၊ အသားအရောင်မဲလာခြင်း/ဖျော့လာခြင်းနှင့် အရေပြားတွင် အနာများဖြစ်လာခြင်းတို့ ဖြစ်စေနိုင်သည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

Melanoma ရောဂါသည် မကုသဘဲ ထားပါက ဆိုးရွားသော နောက်ဆက်တွဲရောဂါများ ပေါ်ပေါက်လာနိုင်သည့်အတွက် အရေပြားတွင် မသင်္ကာစရာတစ်ခုခု သတိပြုမိသည်နှင့် နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

Melanoma ဟုတ်မဟုတ် သိရှိနိုင်ရန် ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ အရေပြားအထူးကုဆရာဝန်မှ အရေပြားအား စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ အသားစယူ၍ စစ်ဆေးခြင်းနှင့် အခြားနေရာများသို့ ပျံ့နှံ့မှုရှိမရှိ သိစေရန် CT scan / MRI scan ရိုက်ခြင်းများဖြင့် စစ်ဆေးနိုင်သည်။

 

ကုသခြင်း

Melanoma အား ကုုသရာတွင် ကင်ဆာအရွယ်အစားနှင့် အဆင့်အခြေအနေ၊ ပင်ကိုယ်ကျန်းမာရေး အခြေအနေတို့ပေါ် မူတည်၍ ကုုသနည်းများ ပြောင်းလဲနိုင်သည်။ စောစောအဆင့်တွင် သိရှိပါက ကင်ဆာတစ်ခုလုံးကို ခွဲစိတ်၍ ဖယ်ရှားနိုင်သည်။ အရေပြားမှတစ်ဆင့် အခြားနေရာများသို့ ပျံ့နှံ့သွားပါက ပြန်ရည်ကျိတ်များကို ခွဲစိတ်ဖယ်ရှားခြင်း၊ ကင်ဆာဆေးများ သွင်းခြင်း၊ ဓာတ်ရောင်ခြည်သုံးခြင်းတို့ဖြင့် ကုသနိုင်သည်။

 

ကာကွယ်ခြင်း

Melanoma ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချနိုင်ရန်အတွက်

-      နေ့လည်ခင်းတွင် နေပူခံခြင်းကို ရှောင်ကြဉ်ခြင်း

-      နေရောင်ကာဆေးများ လိမ်းပေးခြင်း

-      အသားအရေကို ဂရုတစိုက် စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

 

Paing

Ref: Mayo clinic

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18