Print

Meniere’s diseases

  11-Nov-2018
Preview Image

နားအတွင်း ဖိအားများခြင်းကြောင့် ချာချာလည်အောင် မူးခြင်း၊ နားအူခြင်း၊ အကြားအာရုံ ချို့ယွင်းခြင်းတို့ ဖြစ်ပေါ်စေသည်။


လက္ခဏာများ

အသက် ၂၀ မှ ၆၀ ကြားတွင် အဖြစ်များသည်။လက္ခဏာများ ရုတ်တရက်ပေါ်လာပြီး နာရီပိုင်းမှ ရက်ပိုင်းထိ ကြာမြင့်တတ်သည်။ အဓိက ရောဂါလက္ခဏာများမှာ -

- ချာချာလည်အောင် ခေါင်းမူးခြင်း - ချာချာလည်အောင် မူးပြီး မထိန်းနိုင်ဘဲ မူးလဲသွားနိုင်သည်။ အလွန်ပြင်းထန်ပါက ချွေးထွက်ခြင်း၊ ဝမ်းသွားခြင်း၊ ရင်တုန်ခြင်းတို့ကိုပါ တွေ့နိုင်သည်။ 

- နားအူခြင်း - ပင်ပန်းနွမ်းနယ်ချိန်နှင့် ပတ်ဝန်းကျင် ငြိမ်သက်နေချိန်တို့တွင် ပို၍သိသာသည်။

- အကြားအာရုံချို့ယွင်းခြင်း

- နားထဲတွင် ဖိအားများနေသည်ဟု ခံစားရခြင်းတို့ဖြစ်သည်။ နားတစ်ဖက်တည်းတွင် စဖြစ်ပြီး အချိန်ကြာသောအခါ နားနှစ်ဖက်စလုံးဖြစ်လာနိုင်သည်။


ရောဂါအဆင့်များ

ရှေးဦးလက္ခဏာများအနေဖြင့် မိမိကိုယ်ကို မထိန်းသိမ်းနိုင်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ နားတွင်း ဖိအားများလာသည်ဟု ခံစားရခြင်း၊ နားလေးလာခြင်း၊ ဆူညံသံများကို မခံနိုင်ခြင်း တို့တွေ့ရနိုင်သည်။ ထိုလက္ခဏာများကြုံတွေ့လာရပါက လူနာကို သက်တောင့်သက်သာ ရှိသောနေရာ၊ ဘေးကင်းရာသို့ ရွှေ့ပြောင်းထားရမည်။

(၁) ရှေးဦးအဆင့် - ရုတ်ချည်း ချာချာလည်အောင် ခေါင်းမူးတတ်သည်။ 

ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းမူးခြင်း၊ နားအူခြင်းနှင့် ဘာမျှမကြားရတော့ခြင်းတို့ပါ ဖြစ်နိုင်သည်။ 

အချို့သူများတွင် အသံများကို လုံးဝမခံနိုင် ဖြစ်တတ်သည်။ 

မိနစ် ၂၀မှ ၁ ရက်ထိ ကြာမြင့် တတ်သည်။ များသောအားဖြင့် ၂-၃နာရီ အတွင်း ပြန်ကောင်းလေ့ရှိသည်။

(၂) ဒုတိယအဆင့် - ချာချာလည်ခေါင်းမူးခြင်း အနည်းငယ် သက်သာသွားတတ်ပြီး နားအူခြင်းနှင့် မကြားရခြင်းတို့ ပိုဆိုးလာတတ်သည်။

(၃) နောက်ဆုံးအဆင့် - ခေါင်းမူးခြင်း သိသာစွာ သက်သာ သွားတတ်သည်။ ဟန်ချက်မထိန်းနိုင်ခြင်း ဆက်ဖြစ်နေနိုင်သည်။ 

နားမကြားရခြင်းနှင့် နားအူခြင်းတို့ ပို၍ ပို၍ ဆိုးလာပြီး တစ်ခါတစ်ရံ ပြန်မကောင်းနိုင်တော့သည်အထိ ဖြစ်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

နားတွင်း ဖိအားများခြင်းကြောင့် ဖြစ်နိုင်သော်လည်း အကြောင်းရင်းကို သေချာစွာ မသိရသေးပါ။ 

- အလိုအလျောက် ခုခံစွမ်းအား (autoimmunity)များသူ များတွင် မိမိ၏ ကိုယ်တွင်းအစိတ်ပိုင်း များကို ပြန်လည်တိုက်ခိုက်ခြင်း

- မိသားစုထဲတွင် ဖြစ်ဖူးသော ရောဂါရာဇဝင်ရှိခြင်း

- နားတွင်းအရည်များတွင် ပါဝင်သော sodium, potassium တို့များခြင်း သို့မဟုတ် နည်းခြင်း

- နားသို့သွားသော သွေးကြောများ ကျဉ်းလွန်းခြင်း သို့မဟုတ် ကျုံ့လွန်းခြင်း

- ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါများ (ဥပမာ- ဦးနှောက်အမြှေးရောင်ရောဂါ) တို့ကြောင့် ပို၍ဖြစ်နိုင်ချေများသည်။


စစ်ဆေးမှုများ

အချို့သော အာရုံကြောရောဂါများ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ နားတွင်း ပိုးဝင်ခြင်းတို့နှင့် လက္ခဏာများဆင်တူသဖြင့် ရောဂါအမည်ကို သတ်မှတ်ရန် ခက်ခဲသည်။

Meniere’s ရောဂါဟု သတ်မှတ်ရန်

- ကြာချိန် မိနစ်နှစ်ဆယ်နှင့်အထက် ချာချာလည်အောင်ခေါင်းမူးခြင်း အနည်းဆုံး နှစ်ကြိမ်ဖြစ်ရမည်။

- နားမကြားခြင်းမှာ အတွင်းနားတွင်ရှိသော အမွှေးလေးများ ပျက်ဆီးသွားခြင်းကြောင့် ဖြစ်ကြောင်းကို လိုအပ်သော စစ်ဆေးမှုများပြုလုပ်ရမည်။

- နားအူခြင်း သို့မဟုတ် နားတွင်းတွင် ဖိအားများနေသည်ဟုခံစားရမည်။

- ဆရာဝန်နှင့် တိုင်ပင်၍ နှလုံးခုန်နှုန်း၊ သွေးပေါင်နှင့် နားအတွင်းကိုလဲ စစ်ဆေးရန်လိုအပ်သည်။

- အကြားအာရုံကို စစ်ဆေးခြင်း (Hearing test)

- ထိန်းညှိနိုင်စွမ်း (Balance) ကောင်းမကောင်းသိနိုင်ရန် မျက်လုံးလှုပ်ရှားမှုကို စစ်ဆေးခြင်း (Videonystagmography)

- အပူချိန်ပြောင်းလဲမှုသည် နားတွင်းရှိ ထိန်းညှိပေးသောအရာကို လှုံ့ဆော်ခြင်းရှိမရှိ စစ်ဆေးခြင်း ( Caloric testing)

- နားကို ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (Electrocochleography)

- သံလိုက်ဓာတ်မှန်ရိုုက်ခြင်း (MRI) တို့ကို ပြုလုပ်နိုင်သည်။


ကုသခြင်း

ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရောဂါလက္ခဏာများ သက်သာအောင် ပြုလုပ်နိုင်ပါသည်။

ရောဂါဖြစ်ပွားနေစဉ်တွင် ခေါင်းမူးခြင်းနှင့် ပျို့အန်ခြင်းတို့ကို သက်သာစေရန် 

- Buccastem (prochlorperazine) ကို ဖြစ်လျှင်ဖြစ်ချင်း ပါးစောင်တွင် ငုံထားနိုင်ပါသည်။ ထိုဆေးသည် နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် လက်များတုန်ခြင်း၊ အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေသည်။ 

- antihistamine ကိုလဲသောက်နိုင်ပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အစာအိမ်တွင်း မအီမသာဖြစ်ခြင်း တို့ကို ဖြစ်စေပါသည်။

- ဖြစ်ပွားပါက ဆေးချက်ချင်းသောက်ပါ။ နီးစပ်ရာ အကူအညီတောင်းခံပါ။ ငြိမ်သက်သော နေရာတွင် နေပါ။ မျက်လုံးကို မှိတ်ပြီး ခေါင်းကို ငြိမ်ငြိမ်ထားပါ။

- နားတွင်းရှိ ရောဂါများအမြန်ဆုံးပြန်ကောင်းစေရန် ရောဂါလက္ခဏာများ သက်သာလာသည်နှင့် စတင်၍လှုပ်ရှားပေးပါ။

- အလွန်ဆိုးဝါးပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွားရောက် ကုသမှုခံယူရန် လိုအပ်သည်။


ကုသခြင်း

- Betahistineကို ဆရာဝန်နှင့် တိုင်ပင်၍ တနေ့လျှင် သုံးကြိမ် ရက်သတ္တပတ်အနည်းငယ်မှ တစ်နှစ် အထိ သောက်ရန်လိုပါသည်။ ထိုဆေးသည် နားအတွင်းရှိ ဖိအားကို နည်းစေပြီး ရောဂါ မကြာခဏဖြစ်ပွားခြင်းကို ကာကွယ်ပေးသည်။ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် ခေါင်းကိုက်ခြင်း၊ အစာအိမ်တွင်း မအီမသာဖြစ်ခြင်း နှင့် အနီကွက်များထခြင်းတို့ တခါတရံ ဖြစ်နိုင်ပါသည်။

- ကော်ဖီ၊ လဘက်ရည်နှင့် ဆားတို့ကို လျှော့စားရန် လိုအပ်သည်။

- နားအူခြင်းကို သက်သာစေရန် အသံတစ်ခုကို ထပ်ခါထပ်ခါနားထောင်ပေးခြင်း (Sound Therapy)၊ စိတ်ဖိစီးမှုများကို လျှော့ချခြင်း၊ ယောဂလုပ်ခြင်း၊ ရောဂါကြောင့် မကောင်းမြင်လာခြင်းနှင့် အပြုမူများပြောင်းလဲလာခြင်း တို့ကို ကုသခြင်း (Cognitive behavioural therapy) များ ပြုလုပ်နိုင်ပါသည်။


သတိပြုရန်

Meniere’s ရောဂါရှိသူများ သူများသည် ရောဂါဖြစ်ပွားနေစဉ်တွင် မိမိကိုယ်ကို ဟန်ချက် မထိန်းနိုင်ခြင်း၊ နားမကြားရတော့ခြင်းတို့ ဖြစ်နိုင်သဖြင့် ရေကူးခြင်း၊ အမြင့်တက်ခြင်း၊ စက်ယန္တယားကြီးများ မောင်းနှင်ခြင်းနှင့် ကားမောင်းခြင်းတို့ကဲ့သို့သော အန္တရာယ်ရှိသော အလုပ်များကို တတ်နိုင်သမျှ ရှောင်ကျဉ်သင့်သည်။


Ref: NHS Choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18