Print

Non-alcoholic fatty liver disease (NAFLD) (အရက်ကြောင့် မဟုတ်သော အသည်းအ...

  20-Nov-2018
Preview Image

Non-alcoholic fatty liver disease (NAFLD) ဆိုသည်မှာ အသည်းထဲတွင် အဆီဓါတ်တွေ စုပုံလာခြင်းကြောင့် ဖြစ်ပွားကြပြီး အဝလွန်သူများတွင် အဖြစ်များကြသည်။ ကျန်းမာသော အသည်းတစ်ခုတွင် အဆီပါဝင်မှု အနည်းအကျဉ်း (သို့) လုံးဝမရှိသင့်ပါ။ ခန့်မှန်းမှုများအရ အင်္ဂလန်နိုင်ငံတွင် အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်းကို လူ ၃ ဦးတွင် ၁ ဦးခန့်အထိ စတင် ခံစားနေကြရသည်ဟု ဆိုသည်။ NAFLD သည် များသောအားဖြင့် မည်သည့် ပြဿနာမှ မပေးသော်လည်း ဤရောဂါကြောင့် အသည်းထိခိုက် ပျက်စီးနိုင်သည်ကိုတော့ သိရှိထားသင့်သည်။ ထို့အပြင် NAFLD သည် လေဖြတ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း စသည့် ရောဂါများနှင့်လည်း ပတ်သက် ဆက်စပ်မှု ရှိနေသည်။ ရောဂါ စောစောသိကာ ကုသမှုခံယူပါက NAFLD ကို ပိုမဆိုးအောင် ထိန်းသိမ်းနိုင်ပြီး အဆီဖုံးခြင်း လျော့ကျလာစေနိုင်သည်။


လက္ခဏာများ

အများအားဖြင့် ရောဂါ အစပိုင်းအဆင့်တွင် မည်သည့်လက္ခဏာမှ ပြသလေ့မရှိပါ။ အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံး ရောင်ရမ်းခြင်း(NASH)၊ မာခဲခြင်း (Fibrosis)ဖြစ်ပေါ်လာသော လူနာများတွင်တော့

- ဝမ်းဗိုက် ညာဖက်အပေါ်ခြမ်း (နံစောင်း)တွင် နာကျင်ခြင်း

- နုံးချိနေခြင်း

- ကိုယ်အလေးချိန် ကျသွားခြင်း စသည်တို့ကို တွေ့ရနိုင်သည်။

အသည်းခြောက်သည့် အဆင့်တွင်တော့ အသားဝါခြင်း၊ ရေဖျဉ်းဆွဲခြင်း၊ အသားယားခြင်း၊ ဖောယောင်ခြင်းစသည့် လက္ခဏာများကို တွေ့ရှိရနိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

အောက်ပါ အချက်များရှိလျှင် အသည်းအဆီဖုံးခြင်း ဖြစ်ပေါ်နိုင်သည်။

- ကိုယ်အလေးချိန် များခြင်း၊ အဝလွန်ခြင်း (အထူးသဖြင့် ဝမ်းဗိုက်အဆီများကာ ဗိုက်ပူလျှင်)

- အမျိုးအစား ၂ ဆီးချိုရောဂါ ရှိခြင်း

- သွေးတိုးရောဂါရှိခြင်း

- သွေးတွင်းအဆီဓါတ် များလွန်းခြင်း

- အသက် ၅၀ ကျော်လာခြင်း

- ဆေးလိပ်သောက်တတ်ခြင်း


သို့ရာတွင် အထက်ပါအချက်များ မရှိဘဲလဲ အသည်းအဆီဖုံးခြင်း ဖြစ်ပေါ်နိုင်သည်ကို သတိပြုပါ။ ARLD ခေါ် alcohol-related liver disease နှင့် အဓိက ကွာခြားမှုမှာ အမည်ပေးထားသကဲ့သို့ပင် အရက်မသောက်ဘဲ အသည်းအဆီဖုံးနိုင်ခြင်း ပင်ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

NAFLD တွင် အဆင့် ၄ ဆင့်ရှိသည်။ လူအများဆုံး ခံစားရသည်မှာ ပထမအဆင့်ပင် ဖြစ်သည်။ သို့ရာတွင် ကုသမှု မခံယူသော သူအချို့တွင် အသည်းကို ထိခိုက်ကာ ပျက်စီးသည်အထိ ဖြစ်ပွားကြသည်။

- သာမာန် အသည်းအဆီဖုံးခြင်း (Simple fatty liver) - အဆီများ အသည်းဆဲလ်များအတွင်း စုပုံနေကြပြီး တခြားအကြောင်းတစ်ခုခုကြောင့် ကျန်းမာရေး စစ်ဆေးရင်း တွေ့ရှိကြသည်က များသည်။

- အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံး ရောင်ရမ်းခြင်း Non-alcoholic steatohepatitis (NASH) - အသည်းရောင်ခြင်း တွဲလျှက်ရှိနေသဖြင့် ပထမဆင့်ထက် အနည်းငယ် ပိုအရေးကြီးလာသော အဆင့်ဖြစ်သည်။ 

- မာခဲခြင်း (Fibrosis) - ရောင်ရမ်းခြင်း ကြာရှည်ဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် အမာရွတ်ဖြစ်စေသော ဆဲလ်များ ဖြစ်ပေါ်လာပြီး အနီးရှိ အသည်းဆဲလ်များ၊ သွေးကြောများကို မာခဲစေသည်။ သို့ရာတွင် အသည်း၏ လုပ်ငန်းဆောင်တာများကို ပုံမှန် ထမ်းဆောင်နိုင်နေဆဲ ဖြစ်သည်။

- အသည်းခြောက်ခြင်း (Cirrhosis) - အဆိုးရွားဆုံး အဆင့်ဖြစ်သည်။ အသည်းဆဲလ်များ နှစ်ရှည်လများ ရောင်ရမ်းခြင်းကြောင့် အသည်းဆဲလ်များ မာကျောခြင်းဖြစ်သည့်နေရာ များပြားလာကာ အသည်း၏ လုပ်ငန်းများ ပျက်စီးခြင်းရှိသည်။ ဤ အဆင့်ရောက်လျှင် အသည်းဆဲလ်များ ပြန်မကောင်းနိုင်တော့ဘဲ အသည်းခြောက်ရောဂါ ဖြစ်ပေါ်လာကြသည်။

ထို နောက်ဆုံးအဆင့်သို့ရောက်ရန် အချိန် နှစ်နှင့်ချီ၍ကြာမြင့်သည်။ သို့အတွက် လူနေမှုပုံစံပြောင်းလဲ နေထိုင်ကာ အသည်းခြောက်သည်အထိ မဖြစ်အောင် ကာကွယ်သင့်သည်။


စစ်ဆေးမှုများ

NAFLD ကို သိရှိရန် 

- အသည်း၏ လုပ်ငန်းဆောင်တာများ စစ်ဆေးခြင်း (liver function test)

- တယ်လီဗေးရှင်း ဓါတ်မှန် (ultrasound) ရိုက် စစ်ဆေးခြင်း 

စသည်တို့ လိုအပ်ပြီး ရောဂါတွေ့ရှိလျှင် ရောဂါ အဆင့်ပေါ်မူတည်၍

- အသည်းအသားစ ယူစစ်ဆေးခြင်း (Liver Biopsy)ကဲ့သို့သော ထပ်မံ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။


ကုသခြင်း

NAFLD အသည်းအဆီဖုံးခြင်းအတွက် ထိရောက်သော ကုသမှုမရှိသေးပါ။ နောက်ဆက်တွဲ ပြဿနာများအတွက်တော့ ဆေးဝါးကုသမှုများ ပြုလုပ်နိုင်သည်။ လူနေမှု နေထိုင်ပုံစံပြောင်းလဲခြင်းကလည်း အသည်းအဆီဖုံးမှု လျော့နည်းအောင် အထောက်အကူ ပြုနိုင်ပါသည်။ ဆရာဝန်မှ ပုံမှန် အသည်းလုပ်ငန်းဆောင်တာ (Liver Function Test) စစ်ဆေးတာမျိုး လုပ်ရန် ညွှန်ကြားနိုင်ပါသည်။ အသည်းအဆီဖုံးခြင်းကို လျော့နည်းစေရန် ပြုလုပ်နိုင်သည့်အရာများမှာ-

- ကိုယ်အလေးချိန် လျော့ခြင်း - BMI 18-25 အတွင်း ရောက်အောင် ကိုယ်အလေးချိန် ချသင့်သည်။

- ကျန်းမာစေသော စားသောက်မှုပုံစံမျိုး စားသုံးခြင်း - အသီးအနံှ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ကဆီဓါတ် စသည်တို့ကို သင့်တင့် မျှတစွာ စားသုံးပြီး အဆီ၊ သကြား၊ ဆား စသည်တို့ကို လျော့စားသင့်သည်။

- ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်း

- ဆေးလိပ် ဖြတ်ခြင်း


NAFLD သည် အရက်ကြောင့် ဖြစ်ခြင်း မဟုတ်သော်လည်း အရက်သောက်ခြင်းကမူ ရောဂါ ပိုဆိုးစေနိုင်သည်။ ထို့ကြောင့် အရက်သောက်တတ်ပါက အရက်ဖြတ်သင့်သလို အရက်ကို တတ်နိုင်သမျှ ရှောင်ရှားသင့်သည်။


*ဆေးဝါးကုသမှု - NAFLD အသည်းအဆီဖုံးခြင်းအတွက် အထောက်အကူဖြစ်စေသည့် ဆရာဝန်က ညွှန်ကြားနိုင်သောဆေးဝါးများမှာ

- သွေးတိုးချဆေးများ

- အဆီချဆေးများ

- ဆီးချိုရောဂါရှိလျှင် ဆီးချိုဆေးဝါးများ စသည်တို့ ဖြစ်ကြသည်။

နောက်ဆုံးအဆင့်ဖြစ်သည့် အသည်းခြောက်ခြင်းကိုမူ အသည်းအစားထိုးခြင်းဖြင့် ကုသနိုင်သည်။


Ref: NHS Choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18