Print

Osteoporosis အရိုးပွ ရောဂါ

  20-Nov-2018
Preview Image

ပထမပုံက မတ်မတ်ရပ်နေတဲ့ လူကောင်း တစ်ယောက်ရဲ့ ပုံဖြစ်ပြီး နောက်ပုံ ကတော့ အရိုးပွရောဂါ နဲ့ ကျောရိုးမကြီး ထိခိုက် ထားတဲ့ ပုံ ဖြစ်ပါတယ်။ အရပ်ပု၊ ခါးကိုင်း၊ ဗိုက်သားထွက် လာကာ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲ သွားတာ တွေ့ရ ပါတယ်။ ဒီနေ့တော့အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အရိုးပွ ရောဂါ အကြောင်း သိသင့် သိထိုက် တာ လေးတွေ ပြောပြလိုပါတယ်။

(၁)အရိုးပွရောဂါဆိုတာဘာလဲ
သင်ရဲ့ အရိုးတွေ ပွ၊ ပျော့ပျောင်းပြီး ကျိုးပဲ့ ဖို့ အလားအလာ များလာတဲ့ အခြေအနေ တစ်ရပ်ကို အရိုး ပွ ရောဂါ လို့ အဓိပ္ပါယ် ဖွင့်လို့ ရ ပါတယ်။ ရောဂါ လက္ခဏာ မပြပဲ နေတတ်လို့ အရိုးကျိုး သွားတဲ့အချိန် အထိ ကိုယ်မှာ ရောဂါ ရှိမှန်း မသိဘဲ နေတတ် ပါတယ်။ အရိုး ကျိုး သွားရင်တော့ အမျိုးသမီး တစ်ယောက်ရဲ့ နေ့စဉ် လူနေမှု ဘဝကို ထိခိုက် နိုင် ပါတယ်။ လမ်းလျှောက်၊ ရေချိုး စတာတွေ က အစသူများပေါ်မှီခိုနေရတတ်ပါတယ်။

(၂)ဘယ်အရိုးတွေထိခိုက်တတ်ပါသလဲ
အဓိက ထိခိုက်တဲ့ အရိုးတွေ ကတော့ ခါးဆစ်ရိုး၊ လက်ကောက်ဝတ် နဲ့ ကျောရိုးမကြီး တို့ ဖြစ်ပါတယ်။ ကျောရိုးမကြီး ဆိုတာ ခန္ဒာကိုယ် ကို မတ်မတ် ထိုင်နိုင်အောင်၊ ရပ် နိုင်အောင် ထောက်ပံ့ ပေးထားလို့ အလွန် အရေးကြီး ပါတယ်။ အရိုးပွ ရောဂါကြောင့် ထိခိုက် ကျိုးပဲ့ သွားတဲ့ ကျောရိုးမကြီး ရဲ့ ပုံကို မြင်သာအောင်ဖော်ပြထားပါတယ်။

(၃) အောက်ပါ အချက်တွေက သင့်မှာ အရိုးပွ ရောဂါ ခံစားရဖို့ အခွင့်အလမ်း ပိုများစေပါတယ်။
(က) အမျိုးသမီးဖြစ်ခြင်း
(ခ) ပိန်ပါး သေးသွယ်ခြင်း(ကိုယ်အလေးချိန် ၁၂၇ပေါင်ထက်နည်းသူများ)
(ဂ) အဖွား၊အမေ၊အဒေါ်၊အမ တို့မှာ ဖြစ်ဖူးခြင်း
(ဃ) မီးယပ် သွေးဆုံးခြင်း၊ (သို့) အသက်ကြီးခြင်း
(င) အမျိုးသားများမှာ တက်စရိုစတီရုန်း (ကျားဟိုမုန်း) ပမာဏ နည်းပါးခြင်း
(စ) အစားအသောက် တွင် ကယ်ဆီယမ် နှင့် ဗိုက်တာမင်ဒီ ပြည့်ဝစွာ မပါခြင်း
(ဆ) ကိုယ်လက် လှုပ်ရှား အားကစား မလုပ်ခြင်း
(ဇ) ဆေးဝါများ ကြာရှည် သုံးစွဲခြင်း
(ဈ) ဆေးလိပ် နှင့် အရက် သောက်သုံးခြင်း 
တို့ဖြစ်ပါတယ်။

(၄) အရိုးပွ ရောဂါ ရှိမရှိ ဘယ်လို သိနိုင်မလဲ
အရိုး သိပ်သည်းဆ ကို စမ်းသပ်တဲ့ နည်းပညာ နဲ့ သိရှိနိုင် ပါတယ်။ Dual energy Xray absorptiometry (DEXA) လို့ ခေါ်ပါတယ်။ အသက် ၆၅နှစ် ကျော်ရင်တော့ မိမိအရိုး ရဲ့ သိပ်သည်းဆကို စမ်းသပ်သင့်ပါတယ်။

(၅) ဘယ်လို ကာကွယ်နိုင် ပါသလဲ
အရိုးပွ ရောဂါ မဖြစ်ပွား အောင် ကာကွယ်တဲ့ နည်းလမ်း ကတော့ လွယ်ကူ လှပါတယ်။ အရိုးတွေကို သန်မာအောင် လုပ်ဖို့ပါပဲ။ ငယ်ငယ် ရွယ်ရွယ် ကတည်းက အရိုးတွေ သန်မာအောင် တည်ဆောက်ခဲ့ရင် တော့ အကောင်းဆုံး ပါ။ ဒါပေမယ့် သင် ဘယ်လောက် အသက်ကြီး ပါစေ နောက်မကျ သေးပါဘူး။ သဘာ၀ အတိုင်း အရိုး ပျက်စီး ဆုံးရှုံးမှုက အသက် (၃၀) အရွယ်မှာ စ ဖြစ်တတ် ပါတယ်။ ငယ်ငယ် ရွယ်ရွယ် မှာ အစားထိုး နိုင်ပေမယ့် အသက်ကြီး လာတာနဲ့ အမျှ အစား မထိုး နိုင်တော့ပဲ ဆုံးရှုံးမှု က ပိုများ လာပါတယ်။ သွေးဆုံး ပြီးချိန် ဆိုလျှင်တော့ ပိုပြီး အရှိန်မြင့် လာပါတယ်။ ဒါပေမယ့် ပွ၊ ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်တဲ့ အရိုးတွေ မဖြစ်အောင် ကာကွယ်နိုင် တဲ့ နည်းလမ်း တွေ ရှိပါတယ်။

(က) နေ့စဉ် အစားအစာတွေမှာ ကယ်ဆီယမ် လုံလုံလောက်လောက် ပါဝင် ရပါမယ်။
အရိုးပွ ရောဂါကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ ကယ်ဆီယမ်ကို အစား အသောက် တွေက ရနိုင် သလို၊ ဆေးပြား အနေနဲ့ လည်း အလွယ်တကူ ဝယ်ယူ ရရှိ နိုင် ပါတယ်။ 

(ခ) ဗီတာမင်ဒီ လုံလောက်မှု ရှိပါစေ။
ဗီတာမင်ဒီဟာ ခန္ဒာကိုယ်က ကယ်ဆီယမ်ကို ပိုမို စုပ်ယူ နိုင်အောင် ကူညီ ပေးတဲ့ အတွက် သူလည်း အရေးပါ ပါတယ်။ အနောက်နိုင်ငံ တွေ မှာတော့ ဗီတာမင်ဒီ ကို နေရောင်ခြည်က ရနိုင်အောင် နေပူစာ လှုံ ကြ ပါတယ်။ ကျွန်တော်တို့မြန်မာ နိုင်ငံမှာတော့ ထူးပြီး နေပူစာ လှုံံဖို့ မလို ပါဘူး။ အစားအသောက်တွေက ရနိုင် သလို ဗီတာမင် ဆေးလုံး တွေကိုလည်း မှီဝဲ နိုင်ပါတယ်။ တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်ချက်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာ အချို့ နဲ့ နေ့စဉ် လိုအပ်ချက် ကို နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။

(၆) အာဟာရ မျှတအောင် စားပါ။

ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဇင့် ဓါတ်များ ပါဝင်တဲ့ အစားအစာ များကို နေ့စဉ် စားသုံးဖို့ လိုပါတယ်။ ပရိုတိန်း ဓါတ် ဟာလည်း အရိုးတွေ သန်မာအောင် တည်ဆောက် ရာမှာ အထောက်အကူ ပြုပါတယ်။

(၇) ကိုယ်လက် လှုပ်ရှား အားကစား။
ကိုယ်လက် လှုပ်ရှား အားကစား လုပ်ခြင်းဖြင့်
(က) Bone loss ကိုနည်းပါးစေခြင်း
(ခ) ကြွက်သားများကိုသန်မာစေခြင်း
(ဂ) ခန္ဒာကိုယ်ကိုဟန်ချက်ညီအောင်ထိန်းပေးခြင်း 
စတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

(၈) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဟာ အရိုးပျက်စီးမှု ကို မြန်ဆန် စေပါတယ်။ အရိုးပွ ရောဂါ ကို ကာကွယ် ပေးနိုင်တဲ့ အီစထရိုဂျင် ဟိုမုန်း ပမာဏကို လည်း လျော့နည်း စေနိုင် ပါတယ်။ ဆေးလိပ် ဖြတ်ခြင်းဖြင့် ကျန်းမာရေး ကို ဘက်ပေါင်းစုံ ကနေ အထောက်အကူ ပြုပါတယ်။

(၉) အရက် အလွန်အကျွံ မသောက်ပါနှင့်။
အရက်ဟာ ခန္ဒာကိုယ်က စုပ်ယူ ထားတဲ့ ကယ်ဆီယမ် တွေကို အသုံးပြုရာမှာ အခက်အခဲ ဖြစ်စေလို့ အလွန်အကျွံ မသောက ်ဖြစ်အောင် ဂရု စိုက်ဖို့ လိုပါတယ်။

(၁၀) အိမ်အပြင်အဆင်။
အိမ် အပြင်အဆင်ကလည်း အရေးကြီးပါတယ်။ ရေချိုးခန်းမှာ ရာဘာ အခင်းခင်းခြင်း၊ လက်ကိုင်တန်း ထားခြင်း၊ လမ်းသွား လမ်းလာ ခလုပ်တိုက်မည့် အရာများ အား ရှင်းလင်း ထားခြင်း တို့ဖြင့် ထိခိုက်ဒဏ်ရာရပြီး အရိုးကျိုးမည့်ဘေးမှ ကင်းဝေး စေပါတယ်။

(၁၁) ယောင်္ကျား တွေမှာ ဖြစ်တတ် ပါသလား။
၁၉၉၀ နှစ် မတိုင်ခင် အထိတော့ အမျိုးသမီး တွေမှာပဲ ဖြစ်တတ်တယ် လို့ ထင်ရ ပေမယ့် အခု နောက်ပိုင်း မှာတော့ ယောင်္ကျား တွေမှာပါ ဖြစ်ပွား တတ်ကြောင်း သိလာ ရပါတယ်။ အသက် ၅၀ ကျော် အမျိုးသား ၄ ယောက်မှာ ၁ ယောက်နှုံး ရောဂါ ခံစား ရတာ တွေ့ရ ပါတယ်။

(၁၂) ကိုယ်ဝန်ဆောင် အရိုးပွ ရောဂါ။
ရှာပါး ရောဂါ အမျိုးအစား ဖြစ်ပြီး မီးမဖွားခင် နှင့် မီးဖွားပြီး ကာလမှာ တွေ့ရ တတ်ပါတယ်။ အများ အားဖြင့် ပထမ ကိုယ်ဝန်မှာ ဖြစ်တတ်ပြီး နောက်တစ်ခါပြန်ဖြစ်လေ့ မရှိပါဘူး။

(၁၃) ဘယ်လို ကုသ ကြမလဲ။

မှန်ကန်တဲ့ လူနေမှု ပုံစံ၊ အစားသောက်၊ ဆေးဝါးများ ဖြင့် အရိုးပွ ရောဂါကို ကုသ နိုင်ပါတယ်။ မှန်ကန်တဲ့ လူနေမှု ပုံစံ ဆိုတာ ကတော့ ကိုယ်ကာယ လေ့ကျင့်ခန်း မှန်မှန် လုပ်တာကို ဆိုလို ပါတယ်။ ကယ်ဆီယမ် နဲ့ ဗီတာမင်ဒီ ဓါတ် ပြည့်ဝတဲ့ အစား အသောက် တွေကို ဂရုတစိုက် စားသုံး ရပါမယ်။ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ဆေးဝါးများကို ညွန်ကြားချက် အတိုင်း သောက်သုံး သင့်ပါတယ်။

အရိုးပွ ရောဂါဟာ မြန်မာ နိုင်ငံမှာ အဖြစ်များပြီး ဂရုမပြုမိတဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် တတ်နိုင်သလောက် အသိပညာ ဖြန့်ေ၀ လိုက်ပါတယ်။ကျန်းမာရွှင်လန်းကြပါစေ။ 

Ref:
public health in Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18