Print

သွေးချိုကျခြင်းအန္တရာယ်

  08-Jan-2019
Preview Image


ဆီးချိုသွေးချိုရောဂါများသည် သွေးချိုများခြင်းအန္တရာယ်အပြင် သွေးချိုပမာဏကျဆင်းခြင်း၏ အန္တရာယ်ကိုလည်းသိရှိရန် အရေးကြီးပါတယ်။ သွေးတွင်းအချိုပမာဏ အလွန်အမင်းကျဆင်းသွားပါက သတိလစ်ခြင်း၊ အသက်အန္တရာယ်ဖြစ်ခြင်းအထိ ရှိပါတယ်။ 

သွေးချိုကျစေသောအကြောင်းအရာ
- အစားအစာပုံမှန်မစားခြင်း၊ အစာလွတ်သွားခြင်း။
- ဆီးချိုသွေးချိုထိန်းသောဆေးများ၊ အင်ဆူလင်ထိုးသော ပမာဏများခြင်း။
- ကိုယ်လက်လေ့ကျင့်ခန်းများ အပြင်းအထန်ပြုလုပ်ခြင်း။
- အရက်သောက်ခြင်း။


သွေးချိုကျခြင်း၏လက္ခဏာများ

- ရင်တုန်ခြင်း။
- ခြေ၊ လက်များတုန်ခြင်း။
- မူးဝေခြင်း။
- ချွေးစေးများပြန်ခြင်း။
- သတိလစ်ခြင်း။


သွေးချိုကျနေပါက အချိန်မှီသိရှိရန် လွန်စွာအရေးကြီးပါသည်။ သွေးချိုကျဆင်းခြင်း၏ လက္ခဏာများရှိပါက သွေးချိုဖောက်စစ်ကြည့်ပါ။ သွေးချိုအမှန်တကယ်ကျနေပါက အစားတစ်ခုခု၊ အချိုတစ်ခုခု မြန်စားပေးပါ။ လူနာသတိလစ်ခြင်းရှိနေပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့အမြန်သွားပါ။ တစ်ခါတစ်ရံ သွေးချိုဖောက်စစ်ရာတွင်
သွေးချိုပမာဏနည်းနေသည်ကိုတွေ့ရပါက သွေးချိုကျခြင်း၏ လက္ခဏာများမရှိလျှင် သွေးချိုအမှန်တကယ် ကျခြင်းဖြစ်ချင်မှဖြစ်လိမ့်မည်။ သွေးချိုဖောက်ရာတွင် အရက်ပြန်များများဆွတ်မိ၍ အရက်ပြန်မခြောက်မီ အပ်ဖြင့်ဖောက်မိခြင်း၊ သွေးနီရဲရဲအစား သွေးရည်ကြည်သာပါသွားခြင်း၊ ရက်လွန်သွေးစစ်တံများ သုံးမိခြင်းကြောင့်လည်း အဖြေမှားနိုင်ပါတယ်။

သွေးချိုကျခြင်း၏ အန္တရာယ်မှကာကွယ်ရန်

- အစားအစာကိုပုံမှန်စားပါ။
- အစာအလွတ်မခံပါနဲ့။
- တစ်နေ့လျှင် ၆ ကြိမ်ခန့် ခွဲ၍စားပါ။
- ဆီးချိုသွေးချိုထိန်းဆေးများ၊ အင်ဆူလင်ထိုးဆေးများ စနစ်တကျသုံးစွဲပါ။ သွေးချိုအတတ်အကျရှိပါက ဆရာဝန်နဲ့ အမြန်ဆေးပြန်ညှိပါ။
- အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကာကွယ်ခြင်း
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းပါသည်ဟု ဆိုသည့်အတိုင်း ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ရမည်။ ဆီးချိုသွေးချိုအန္တရာယ်မှ ကာကွယ်နိုင်ရန် လူတိုင်းလူတိုင်း ကျန်းမာသော လူ့ဘဝနေထိုင်မှုဟန်ရှိရန် အရေးကြီးပါသည်။ ငယ်ရွယ်စဉ် ကလေးဘဝမှစ၍ ကျန်းမာသော လူ့ဘဝနေထိုင်မှုဟန်ဖြစ်သော အချို၊ အဆီ၊ အငန်များစားခြင်း၊ အသင့်စားအစားအစာများ အသုံးပြုမှုများခြင်း၊ အပြင်စာအစားများခြင်း၊ အချိုရည်သောက်သုံးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းများရှိကြသည်။ ထို့ကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဆီးချိုသွေးချိုရောဂါကို လက်ယပ်ခေါ်နေသလိုဖြစ်နေသည်။ အမျိုးသားများတွင် ခါးပတ်လည်အတိုင်းအတာ ၃၅ လက်မနှင့်အထက်၊ အမျိုးသမီးများတွင် ခါးပတ်လည်အတဆိုင်းအတာ ၄ဝ လက်မနှင့် အထက်ရှိသူများတွင် ဆီးချိုသွေးချိုဖြစ်နိုင်သော အန္တရာယ်ရှိပါတယ်။ အကယ်၍ ခန္ဓာကိုယ်အလေးချိန်၏ ၇ ရာခိုင်နှုန်းချနိုင်လျှင် ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ ၅ဝ ရာခိုင်နှုန်းကျဆင်းနိုင်ပါသည်။

ကျန်းမာသော လူ့ဘဝနေထိုင်မှုဟန်ရရှိရန်
- ကျန်းမာသော လူ့ဘဝနေထိုင်မှုဟန်ရရှိရန် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ ပြုစုပျိုးထောင်ပေးရပါမည်။
- အချိုလျှော့စားပါ။
- အငန်လျှော့စားပါ။
- အဆီလျှော့စားပါ။ (အထူးသဖြင့် တိရိစ္ဆာန်မှရသော အဆီများရှောင်သင့်ပါသည်)
- ပြန်ကြော်ဆီ (ကြော်ချက်ပြီးသော ဆီကို ထပ်ခါထပ်ခါပြန်သုံးခြထင်း)၊ လုံးဝမသုံးသင့်ပါ။
- အသင့်စား အစားအစာများ လျှော့စားပါ။
- အပြင်စာများ လျှော့စားပါ။
- အသားစားလျှင် အရေခွံမစားပါနှင့်။
- ငါးအားတစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ခန့် စားပေးပါ။
- ကြော်ချက်မည့်အစား အပြုတ်၊ အပေါင်းစားပါ။
- ဟင်းသီးဟင်းရွက် များများစားပါ။
- အသီးအနံှများများ စားပါ။
- ခန္ဓာကိုယ် အဝအလွန်စေအောင်ထိန်းပါ။
- လိုအပ်သည်ထက် ပိုမိုစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
- ရေဆာလျှင် ရေကိုသာသောက်ပါ။
- အချိုရည်များ လျှော့သောက်ပါ။
- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။
- မိမိနှစ်သက်ရာ အားကစားတစ်မျိုးမျိုးအား တစ်ရက်လျှင် မိနစ် ၃ဝ ခန့်မှန်မှန်ပြုလုပ်ပါ။
- ကလေးများအား ဂိမ်းကစားခြင်း၊ တီဗွိ၊ ဗီတီယိုကြည့်ခြင်း၊ ကွန်ပြူတာထိုင်ကြည့်ခြင်းများလျှော့ခြင်း၊ အားကစားတွင် စိတ်ပါလာစေရန် လေ့ကျင့်ပေးပါ။
- ဆေးလိပ်သောက်ခြင်းရှိပါကလျှော့ပါ။ တတ်နိုင်လျှင်ဆေးလိပ်ဖြတ်ပါ။
- အရက်သောက်ခြင်းရှိပါက လျှော့သောက်ပါ။ တတ်နိုင်လျှင်အရက်ဖြတ်ပါ။
- စိတ်ဖိစီးမှုလျှော့ပါ။
- အရာရာကို အကောင်းဘက်မှတွေးပါ။
- ကျန်းမာရေးပုံမှန် စစ်ဆေးပေးပါ။
- လိုအပ်ပါက အချိန်မီ ကုသမှုခံယူပါ။ 

ဆီးချိုသွေးချိုဖြစ်ရန် အန္တရာယ်ရှိသောသူများ
(အသက် ၄ဝ ကျော်သူများ၊ ဆီးချိုသွေးချိုရောဂါ မျိုးရိုးချိန်သူများ၊ ဝသောသူများ၊ ကိုယ်ဝန်ဆောင်စဉ်ဆီးချိုသွေး ချိုရှိခဲ့သူများစသည်) ဖြစ်ပါက-
- အချိုအထူးရှောင်ခြင်း၊ အငန်လျှော့စားခြင်း၊ အဆီလျှော့ခြင်း။
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း
- ခန္ဓာကိုယ်မဝစေရန် ထိန်းခြင်း။
- သွေးချိုပမာဏ စစ်ဆေးကြည့်ခြင်း။
- ကျန်းမာသော လူ့ဘဝနေထိုင်မှုဟန်ရရှိရန် နေထိုင်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ အန္တရာယ်အား ကာကွယ်ထားရမည်။ ဆီးချိုသွေးချိုရောဂါ ဖြစ်မလာစေရန် အချိန်ဆွဲထားရမည်။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် လူတိုင်းလူတိုင်း ကျန်းမာသောလူ့ဘဝနေထိုင်မှုဟန် ကျင့်သုံးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။ ဆီးချိုသွေးချိုရောဂါရှင်များအနေနှင့်လည်း အစားအသောက်ထိန်းခြင်း၊ ဆေးပုံမှန်သုံးစွဲခြင်း၊ လိုအပ်သည်များ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းခြင်း၊ ထိရောက်စွာ ကုသမှုခံယူခြင်းဖြင့်
နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်များမှ ကင်းဝေကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။

Ref: ဒေါက်တာအေးအေးဝင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18