Print

လက်သည်း ခြေသည်း အက်ကွဲခြင်း

  10-Jan-2019
Preview Image


လက်သည်းခြေသည်းတွေ အက်ကွဲတာနဲ့လက်သည်း ခြေသည်းကြွပ်ဆတ်တာက ရေ၊ ကြမ်းတမ်းတဲ့ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှုများလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လက်သည်းခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင်မကပါဘူး။ လက်သည်းခြေသည်းတွေက လက်ချောင်းခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ်ပေးထားပါတယ်။ လက်သည်းခြေသည်းတွေကို ကီရာတင်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်းခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက်ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

လက်သည်း ခြေသည်းတွေ အက်ကွဲပြီး ပုံပျက်ပန်းပျက် ဖြစ်မလာအောင် အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

- လက်သည်းတွေကို သွားနဲ့ မကိုက်ပါနဲ့။ ဒီလိုလုပ်တာက လက်သည်းအခြေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းကို လက်သည်းထိပ်နဲ့ကပ်ပြီး တိုလွန်းအောင်ညှပ်တာက ကူးစက်ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။

- လက်သည်း ခြေသည်းတွေကို ချွန်ထက်တဲ့ လက်သည်းညှပ် ကိရိယာနဲ့ ညှပ်ပေးပါ။ ထိပ်ပိုင်းကို လေးထောင့်ပုံစံ ညှပ်တာက ထိခိုက်မှု နည်းစေပါတယ်။ လက်သည်း မညှပ်ခင်မှာ လာဗန်ဒါဆီကို လိမ်းပြီး မိနစ်အနည်းငယ်ကြာ ထားပေးပါ။ လက်သည်းတွေနူးညံ့သွားမှ လက်သည်းကိုညှပ်ပေးပါ။

- အိုးခွက်ပန်းကန်တွေကို ဆေးကြောတဲ့အခါနဲ့ ဓာတုပစ္စည်းပါတဲ့ သန့်စင်ဆေးရည်တွေ၊ ဆပ်ပြာမှုန့်တွေကို သုံးတဲ့အခါ လက်အိတ်စွပ်ပေးပါ။

- ရေထဲမှာ လက်ကို အကြာကြီး စိမ်တာမျိုး မလုပ်ပါနဲ့။ လက်သည်းတွေကို ကြွပ်ဆတ်သွားစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာစိမ်ပြီး ကြာကြာရေချိုးရင် လက်တွေကိုရေနဲ့ မထိအောင်ထားပါ။

- အစိုဓာတ်ထိန်းပါ။ လက်တွေကို ဆေးကြောပြီးတဲ့ အခါတိုင်း အစိုဓာတ်ထိန်း ခရင်မ်ကိုလိမ်းပေးပါ။ ရေချိုးပြီးတဲ့ အခါမှာလည်း အစိုဓာတ်ထိန်း ခရင်မ်ကိုလိမ်းဖို့ မမေ့ပါနဲ့။ ညအိပ်ရာဝင်ချိန်မှာ လက်သည်း၊ ခြေသည်းတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းဖို့ အရေးကြီးပါတယ်။

- လက်သည်း ခြေသည်းတွေကို သန်စွမ်းကျန်းမာစေချင်တယ်ဆိုရင် သံပရာသီးစိတ်နဲ့ ပွတ်တိုက်ပေးပါ။

- လက်သည်းဖျက်ဆေး သုံးတဲ့အခါ အဆီတုန်း (Acetone) မပါတဲ့ အမျိုးအစားကိုရွေးပါ။ အဆီတုန်းပါတဲ့ လက်သည်းဖျက်ဆေးဟာ လက်သည်းတွေကို ခြောက်သွေ့စေပြီး အက်ကွဲစေနိုင်ပါတယ်။



ကုသမှု


လက်သည်းခြေသည်း အက်ကွဲတာကို သံလွင်ဆီမှန်မှန်လိမ်းပေးပြီး ရှည်ထွက်လာတိုင်း ညှပ်ပေးပါ။ လက်သည်းခြေသည်း အက်ကွဲတာက မှိုစွဲတာကြောင့် ဖြစ်တတ်တဲ့အတွက် သန့်ရှင်းခြောက်သွေ့အောင် အမြဲဂရုစိုက်ပါ။


Ref:
ကြယ်စင်
Good Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18