Print

လွယ်ကူစွာ ဝယ်ယူသုံးစွဲနေသော ဝါးတူ၏ အန္တရာယ်

  12-Jan-2019
Preview Image


မြန်မာနိုင်ငံ စားသောက်ကုန် ရောင်းချနေသည့် ဈေးဆိုင်များ၏ ၉၅ ရာခိုင်နှုန်းကျော်လောက်တွင် ကျယ်ပြန့်စွာသုံးစွဲနေသော တရုတ်အစားအစာနှင့် ယခုနောက်ပိုင်း ယိုးဒယား၊ ဂျပန်၊ ကိုရီးယား စားသောက်ဖွယ်ရာ၊ ရှမ်းစားစရာများ အားလုံးအတွက် စားသောက်ရာတွင် အသုံးပြုနေသော တစ်ခါသုံးဝါးတူ (Chopsticks) သုံးစွဲခြင်းကြောင့် ကူးစက်ရောဂါ ကင်းစင်နိုင်တယ်။ စားသောက်မှုအတွက် အန္တရာယ်ကင်းတယ်လို့ ယူဆလာကြရာကနေ တစ်နိုင်ငံလုံးမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာနေတာ တွေ့နိုင်ပါတယ်။ အမှန်တော့ တစ်ခါသုံးဝါးတူသုံးတိုင်း အန္တရာယ်ကင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါကလည်း ကြည့်လိုက်ရင် ဖြူဖြူ၊ ဝါကြင်ကြင် အရောင်လေးတွေရှိတဲ့ ဝါးတူကို ဘယ်လိုထုတ်လုပ်ပြီး ဈေးကွက်ထဲမပို့ခင် ဘာတွေသုံးပြီး ဘယ်ချွတ်ဆေးတွေ သုံးတယ်ဆိုတာ မသိကြတာကြောင့်လည်း ဖြစ်ပါတယ်။


ဝါးတူတွေပြု လုပ်တဲ့အခါ ဝါးတူပြုလုပ်တဲ့ စက်ရုံတွေမှာ ပထမဦးဆုံးဝါး တူအရွယ်အရှည် လေးတွေရအောင် ဝါးတွေကို ဖြတ်တောက်ကြပါတယ်။ ပြီးရင် စက်ထဲထည့်ပြီး တူတံအကြမ်း ထည်အချောင်း လေးတွေဖြစ်အောင် လေးထောင့်ပုံ အချောင်းလေးတွေ စိတ်လိုက်ပါတယ်။ အဲဒီတူတံ အကြမ်းထည် လေးတွေကို ခြောက်သွားအောင် အပူခန်းထဲမှာ မီးကင်ပါတယ်။ ခြောက်သွားတဲ့ တူတံအကြမ်း ထည်လေးတွေကို ဖြူသွားအောင် အလွယ်တကူ မှိုမတက်နိုင်အောင် လုံခြုံအောင်ဖုံးအုပ်ပြီးပဲဖြစ်ဖြစ်၊ အလုံပိတ်မှန်လုံခန်းထဲမှာပဲ ဖြစ်ဖြစ်ကန့် (Sulphur) ဓာတ်ငွေ့နဲ့ ပေါင်းတင်သလိုမျိုး ဓာတ်ငွေ့တိုက်ပေးပါတယ်။


 အဲဒီလို ကန့်ငွေ့တိုက်တာ ၄၈ နာရီနီးပါး ကြာကြောင်းသိရပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် တူတံလေးတွေ အရောင်စွဲ နေရာကနေ ဖြူဖွေးလာပေမယ့် အဲဒီတူတံတွေမှာ ဆာလဖာဒိုင်အောက်ဆိုက် (Sulphur dioxide) စွဲကပ် ကျန်နေခဲ့မှာ သေချာပါတယ်။ ဒီလိုကန့်ငွေ့နဲ့ ပေါင်းတင်အရောင်ချွတ်ပြီးသား တူချောင်းပုံ အကြမ်းတွေကို ပုံဖော်စက်ထဲထည့်ပြီး ပုံဖော်ရပါတယ်။ တူချောင်းပုံသဏ္ဌာန်ပေါ်သွားတဲ့ ဝါးတူလေးတွေကို ပြောင်ချော၍ လှသွားအောင် အရောင်တင်စက်ထဲထည့်ပြီး ရေနံဖယောင်း (Paraffin) နဲ့ အရောင်တင် တိုက်ပေးပါတယ်။ အဲဒီအချိန်မှာလည်း ရေနံချက်ရာကရရှိသော ဘေးထွက်အပိုပစ္စည်း ရေနံဖယောင်းထဲမှာ Polycyclic aromatic hydrocarbon ဖြစ်တဲ့ ကင်ဆာဖြစ်စေနိုင်သော ဓာတ်တွေ ပါရှိပါတယ်။


အဲဒီအရောင် တင်ပြီးသား တူတံတွေကိုတော့ ပလတ်စတစ် အိတ်တွေနဲ့ ထုတ်ပြီး ဖြန့်ချိပါ တော့တယ်။ စက်ရုံတွေမှာ ဒီလိုတူတံတွေ ထုတ်တဲ့အခါ မှိုတက်ပြီး အရည်အသွေးမမီ အရောင်မည်းညိုနေတဲ့ တူတွေကို စက်ရုံတွေက ထုတ်လုပ်မှု စရိတ်အရှုံးမခံနိုင်တဲ့အတွက် Hydrogen peroxide ဆေးရည်တွေပါတဲ့ အရည်ထဲ ထည့်ပြုတ်ပြီး ဖြူသွားအောင် လုပ်ကြပါတယ်။ အချို့ဆိုလျှင် ပိုဖြူသွားအောင် Sodium pyrophosphate တွေပါ ထည့်ပြုတ်ကြောင်းသိရပါတယ်။ အဲဒီလို ဓာတုပစ္စည်းတွေသုံးပြီး စီးပွားရေးမျက်နှာတစ်ခုတည်းသာကြည့်ပြီး ထုတ်လုပ်ခဲ့တဲ့ တူတွေမှာ ဓာတုကြွင်းကျန် ကပ်ငြိပစ္စည်းတွေ ကပ်ကျန်နေတာ အသေအချာပဲဖြစ်ပြီး တူတံတွေ ထုတ်လုပ်ကြတဲ့ ဘယ်စက်ရုံကမှ ကြွင်းကျန် ဓာတုပစ္စည်းတွေကို ပြန်လည် သန့်စင်ပေးတာ စိတ်ချရအောင် ဆောင်ရွက်တာမျိုး မရှိကြောင်း သိရပါတယ်။


 ဒီလို တူတံတွေကို မြန်မာနိုင်ငံနှင့် ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်မှာ အများဆုံးတွင်ကျယ်စွာ ထုတ်လုပ်ပြီး မြန်မာပြည်ထဲကို ဈေးကွက်တင် ရောင်းချနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း တင်သွင်းလာတဲ့ စားသောက်ကုန်များကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနမှ စစ်ဆေးပြီး ဘေးထွက်ဆိုးကျိုးနှင့် အန္တရာယ်ရှိ၊ မရှိ စစ်ဆေးလျက်ရှိပါတယ်။ သို့သော်လည်း အစားအသောက်များကို တိုက်ရိုက်သယ်ယူ စားသုံးနေတဲ့ တူတံတွေကိုတော့ တစ်ခါမှ စစ်ဆေးတာ မကြားမိပါဘူး။ ဒါ့ကြောင့်လည်း နာမည်ကြီး ဟိုတယ်ကြီးတွေမှာ စတီး တူတံလေးတွေ၊ ငွေတူ တံလေးတွေသာ ချထားပေးတာ သတိထား မိပါတယ်။ ဒါမျိုးတွေက ရေနွေးနှင့် ပြုတ် ပိုးသတ်ပြီး သုံးစွဲလျှင် ပိုအန္တရာယ် ကင်းနိုင်ပါတယ်။ အခုခေတ် အနေအထားအရ နာမည်ကြီး စားသောက်ဆိုင်တွေ အပါအဝင် လမ်းဘေး ညနေခင်းထွက် ဈေးဆိုင်အဆုံး အထက်ပါ ဝါးတူတွေကို နေရာအနှံ့ သန့်ရှင်း စင်ကြယ်တဲ့ စားသုံးရာမှာ အန္တရာယ်ကင်း တူတံတွေအဖြစ် ကျေနပ်ဝမ်းမြောက်စွာ လက်ခံသုံးစွဲနေကြတာ တွေ့နေရသည့်အတွက် တစ်ခါသုံး ဝါးတူ သုံးစွဲတိုင်း အန္တရာယ်မရှိ ဘေးကင်းတယ်လို့ ထင်နေမယ့် အထင်လွဲ နေတာတွေ မဖြစ်စေဖို့ ရေးသား လိုက်ရပါသည်။ ။

Ref:
မေချို(ထားဝယ်)
Source: မြဝတီ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18