Print

Gout (အဆစ်ရောင်ရောဂါ)

  27-Oct-2016
Preview Image

 

Gout အဆစ်ရောင်ရောဂါဆိုသည်မှာ အဆစ်အတွင်းတွင် uric acid အခဲလေးများ စုပုံလာပြီး ရုတ်တရက် အဆစ်နာကျင်ရောင်ရမ်းသော ရောဂါဖြစ်သည်။ အသက် ၃၀ ကျော် အမျိုးသားများနှင့် သွေးဆုံးပြီးသော အမျိုးသမီးများတွင် အဖြစ်များသည်။ အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍ဖြစ်ပွားလေ့ရှိသည်။



လက္ခဏာများ
အဆစ်တစ်ခုတည်း သို့မဟုတ် အဆစ်များတွင် ရုတ်တရက် နာကျင်ရောင်ရမ်းလာတတ်ခြင်းသည် အဆစ်ရောင်ရောဂါ၏ အဓိက လက္ခဏာတစ်ခုဖြစ်သည်။ အများအားဖြင့် ခြေမ အဆစ်များ ရောင်ရမ်းတတ်သည်။ အခြားလက္ခဏာများအနေဖြင့် 
- အဆစ်များ ပူလာခြင်း၊ အထိမခံနိုင်လောက်အောင်နာခြင်း၊ ရောင်ရမ်းလာခြင်း
- အဆစ်ပေါ်ရှိ အရေပြားများ နီရဲ ပြောင်တင်းလာခြင်း
- ရောင်ရမ်းခြင်းသက်သာသွားသော အချိန်တွင် အပေါ်ယံမှ အရေပြားများ ယားယံခြင်း၊ အရေခွံလန်ခြင်း တို့ဖြစ်ပေါ်တတ်သည်။
ရောဂါလက္ခဏာများသည် နာရီပိုင်းအတွင်း ရုတ်တရက် ပေါ်လာတတ်ပြီး (၃) ရက်မှ(၁၀)ရက်ထိ ကြာမြင့်နိုင်သည်။ အဆစ်ရောင်ရောဂါသည် စဖြစ်ပြီး တစ်နှစ်အတွင်း ပြန်ဖြစ်တတ်သည်။


အဖြစ်များသော အဆစ်များ
အဆစ်ရောင်ရောဂါသည် အဆစ်တိုင်းလိုလိုတွင်ဖြစ်ပွားနိုင်ပြီး ခြေချောင်းအဆစ်များ (အထူးသဖြင့် ခြေမ အဆစ်)၊ ခြေဖဝါးတွင်းရှိ အဆစ်များ၊ ခြေကျင်းဝတ်၊ ဒူးဆစ်၊ လက်ချောင်းအဆစ်များ၊ လက်ကောက်ဝတ်နှင့် တံတောင်ဆစ်တို့တွင် အဖြစ်များသည်။ အဆစ်ရောင်ရမ်းခြင်းကို မကုသဘဲထားပါက အချိန်ကြာလာသည်နှင့်အမျှ အခြားအဆစ်များကိုပါ ထိခိုက်လာတတ်သည်။ရုတ်တရက်အဆစ်ရောင်ခြင်းသည် 


- မည်သည့်အချိန်တွင်မဆိုဖြစ်နိုင်သော်လည်း ညဘက်တွင်အဖြစ်များသည်။
- နာရီပိုင်းအတွင်း ရောင်ရမ်းလာတတ်သည်။
- သုံးရက်မှ ဆယ်ရက်အတွင်း ကြာတတ်သည်။
- လပိုင်းအတွင်း သို့မဟုတ် တစ်နှစ်အတွင်း နောက်တစ်ကြိမ်ထပ်ဖြစ်တတ်သည်။
- ဆေးကုသမှု မခံယူလျှင် ဖြစ်သောအကြိမ်ရေ စိပ်လာတတ်သည်။



ဖြစ်ပွားရသော အကြောင်းရင်းများ
အဆစ်ရောင်ရောဂါဖြစ်ရသော အဓိက အကြောင်းရင်းမှာ သွေးတွင်း၌ uric acid ဓာတ်များ များကာ ကျောက်ကပ်မှ စွန့်ထုတ်နိုင်သည်ထက် ပိုမိုများပြားလွန်း၍ အဆစ်တွင်းတွင် စုပုံလာခြင်းကြောင့် ဖြစ်သည်။အဆစ်ရောင်ရောဂါဖြစ်စေသော အခြားအကြောင်းရင်းများမှာ-
(၁) သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ သွေးတွင်း အဆီဓာတ်များခြင်း၊ အဝလွန်ခြင်း၊ psoriasis အရေပြားရောဂါ၊ အရိုးအဆစ်ရောင်ရောဂါ (osteoarthritis) စသော ရောဂါများရှိခြင်း
(၂) ဆီးဆေးများ၊ အချို့သွေးတိုးကျဆေးများ(beta-blocker, ACEI) ၊ သွေးကျဲဆေး (aspirin)၊ အဆီကျဆေး (niacin)၊ ciclosporin နှင့် ကင်ဆာဆေးများစသော uric acid ကိုတက်စေသည့် ဆေးများသောက်နေခြင်း
(၃) purine ဓာတ်ကြွယ်ဝသော အမဲသား၊ သိုးသား၊ ဝက်သား၊ ပင်လယ်စာနှင့် ကလီစာများ များစွာ စားသုံးခြင်း
(၄) အရက်အလွန်အကျွံ သောက်ခြင်း
(၅) သကြားအများအပြား ပါဝင်သော ဖျော်ရည်များသောက်ခြင်း
(၆) မိသားစုထဲတွင် အဆစ်ရောင်ရောဂါ (Gout) ဖြစ်ဖူးသော မျိုးရိုးရှိခြင်း တို့ဖြစ်ကြသည်။



နောက်ဆက်တွဲ ပြဿနာများ
အဆစ်ရောင်ခြင်းကို အချိန်မီ မကုသပါက 
- ခြေမ၊ ဖနောင့်၊ ဒူးခေါင်း၊ လက်ချောင်းများတွင် အလုံးများဖြစ်ပေါ်လာခြင်း
- အဆစ်များပျက်စီးခြင်း
- ကျောက်ကပ် ကျောက်တည်ခြင်းနှင့်
- စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။



ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အဆစ်ရောင်ရောဂါ (gout) ဟုသံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးကုသမှုခံယူသင့်သည်။ အဆစ်များ အလွန်နာကျင်ရောင်ရမ်းလာခြင်း၊ ကိုယ်အပူချိန် ၁၀၀ကျော်ဖြင့် ဖျားခြင်းတို့ ဖြစ်ပါက အဆစ်တွင်း ပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် နီးစပ်ရာဆေးခန်းသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူသင့်ပါသည်။



စစ်ဆေးမှုများ
အဆစ်ရောင်ရောဂါ၏ လက္ခဏာများနှင့် ဆင်တူသည့် လက္ခဏာများကို တွေ့ရှိပါက ဆရာဝန်နှင့်တိုင်ပင်ကာ 
- အဆစ်တွင်းမှ အရည်ကိုယူ၍ uric acid ပါဝင်နှုန်းနှင့် ပိုးဝင်ခြင်းရှိမရှိ စစ်ဆေးခြင်း
- သွေးတွင်းရှိ uric acid ပါဝင်နှုန်းကို စစ်ဆေးခြင်း (ရုတ်တရက် အဆစ်ရောင်ပြီး (၂)ပတ်မှ (၄)ပတ်ကျော်အချိန်တွင် စစ်ဆေးရမည်။)
- မကြာခဏ အဆစ်ရောင်ခြင်းကြောင့် အဆစ်ပျက်ဆီးမှုရှိမရှိ သိစေရန်နှင့် chondrocalcinosis ကဲ့သို့သော အခြားရောဂါများနှင့် ကွဲပြားစေရန် ဓာတ်မှန်ရိုက်ခြင်း
- အဆစ်တွင်းနှင့် အဆစ်ပတ်ဝန်းကျင်ရှိ uric acid အခဲများကို အလွယ်တကူ တွေ့နိုင်ရန် တီဗွီဓာတ်မှန်ရိုက်ခြင်း စသောလိုအပ်သည့် ဆေးစစ်မှုများကို ပြုလုပ်သင့်ပါသည်။ 



ကုသခြင်း
ရုတ်တရက် အဆစ်ရောင်ခြင်း (acute attack) ဖြစ်ချိန်တွင် ကုသရန်နည်းလမ်းများ
- အဆစ်ရောင်သည်ကို သိလျှင်သိချင်း ဆေးကုသမှုခံယူပါ။
- ရောင်နေသော အဆစ်နှင့် ခြေလက်တို့ကို မြှောက်ထားပါ။ အနားပေးပါ။
- ရောင်နေသော အဆစ်ကို ထုခြင်း၊ ရိုက်ခြင်း မပြုလုပ်ရ။
- အဆစ်ရောင်နေရာသို့ ရေခဲကပ်ပေးပါ။ (ရေခဲကို အဝတ်တခုခုဖြင့်ဖုံးအုပ်၍ မိနစ်၂၀ လောက် ကပ်ပေးပါ။ မိနစ် ၂၀ထက်ပိုကပ်ပါက အရေပြားများပျက်စီးနိုင်သည်။)
- ရေများများသောက်ပါ


(၁) နာကျင်မှုကို သက်သာစေရန် ဖြစ်လျှင်ဖြစ်ချင်း “အကိုက်အခဲပျောက်ဆေး (NSAID)” ကို အစာအိမ်ဆေး (PPI) နှင့်တွဲ၍ ၂ ရက်သောက်ရမည်။


(၂) အကိုက်အခဲပျောက်ဆေးဖြင့် မသက်သာပါက “Colchicine” သောက်နိုင်သည်။ Colochicine သည် နာကျင်မှုနှင့် ရောင်ရမ်းခြင်း သက်သာစေသော်လည်း များစွာသုံးစွဲမိပါက နေမကောင်းခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဝမ်းသွားခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သင့်သည်။


(၃) အကိုက်အခဲပျောက်ဆေး၊ Colchicine တို့နှင့် မသက်သာပါက “စတီးရွိုက်ဆေးများ (Corticosteroids)” ကို သုံးနိုင်သည်။ သို့သော် စတီးရွိုက်ဆေးများသည် ကြာရှည်အသုံးပြုပါက ဝလာခြင်း၊ အရိုးပါးလာခြင်း၊ ကြွက်သားများ အားနည်းလာခြင်း၊ သွေးခြေ အလွယ်တကူဥတတ်ခြင်းတို့ ဖြစ်လာနိုင်သောကြောင့် ရေရှည်စွဲမသောက်သင့်ပါ။



ကာကွယ်ခြင်း
(၁) သွေးတွင်း uric acid ပါဝင်မှုကို လျော့နည်းစေသော ဆေးများသုံးခြင်း (Urate Lowering Therapy)
- Allopurinol သည် uric acid ထုတ်လုပ်ခြင်းကို လျှော့ချပေးသောကြောင့် ရုတ်တရက် အဆစ်ရောင်ခြင်းကို သက်သာအောင် မလုပ်နိုင်သော်လည်း နောက်တကြိိမ်ပြန်မဖြစ်အောင် ကာကွယ်ပေးသည်။ Allopurinolကို စတင်သုံးစွဲပါက သွေးတွင်းရှိ uric acid ပါဝင်မှုကို လုံလောက်စွာ ထိန်းသိမ်းနိုင်ခြင်းရှိမရှိ သိနိုင်ရန် ပုံမှန်သွေးစစ်နေရမည်။ Allopurinol သည် စတင်သုံးစွဲချိန်တွင် ရုတ်တရက်အဆစ်ရောင်ခြင်း (gout attack) ဖြစ်နိုင်သည်မှ အပ ဘေးထွက်ဆိုးကျိုးကြီးကြီးမားမား မရှိပါ။ တခါတရံ ဆေးမတည့်၍ ယားယံခြင်း၊ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းသွားခြင်း တို့ဖြစ်နိုင်သည်။


- Febuxostat –uric acid ထုတ်လုပ်မှုကို လျှော့ချပေးပြီး allopurinol နှင့် ဓာတ်မတည့်သူများတွင် သုံးနိုင်သည်။ Allopurinol ကဲ့သို့ပင် စတင်သုံးစွဲချိန်တွင် ရုတ်တရက်အဆစ်ရောင်ခြင်း ဖြစ်နိုင်ပြီး တခါတရံ ဝမ်းသွားခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ယားယံခြင်းတို့ ဖြစ်နိုင်ပါသည်။ အခြားဆေးများအနေဖြင့် Benzbromarone နှင့် Sulfinpyrazone တို့ကိုလည်း ဆရာဝန်နှင့်တိုင်ပင်၍ သုံးစွဲနိုင်ပါသည်။



(၂) စားသောက်နေထိုင်မှုပုံစံများကို ပြောင်းလဲခြင်း
- အဆစ်ရောင်ခြင်းထပ်မံ မဖြစ်ပွားစေရန် Purine ဓာတ််များစွာပါသော အမဲသား၊ ဝက်သား၊ သိုးသား၊ အဆီများသော ငါးနှင့် ပင်လယ်စာများကိုရှောင်ပါ။
- သကြားများစွာပါဝင်သော အချိုရည်များနှင့် အကြော်များကို ရှောင်ပါ။ 
- ကာဗိုဟိုက်ဒရိတ်ဓာတ်များစွာပါဝင်ပြီး အသားဓာတ်နည်းသော အစာများကို များများစားပါ။
- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
- အရက်နှင့် ဘီယာတို့ကို ရှောင်ကျဉ်ပါ။
- ဗီတာမင်စီဓာတ်များစွာပါသော အစာများကို စားပါ။



Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18