Print

Umbilical Hernia (ချက်မှ အူကျွံခြင်း)

  21-Nov-2016
Preview Image

ချက်မှအူကျွံခြင်းဆိုသည်မှာ ဝမ်းဗိုက်ကြွက်သားများကြား အားအနည်းဆုံးဖြစ်နေသော ချက်နေရာမှ အူအစိတ်အပိုင်းအချို့ ကျွံကျခြင်းကိုဆိုလိုသည်။ ချက်မှ အူကျွံခြင်းမှာ ကလေးငယ်များတွင် အဖြစ်များပြီးပုံမှန်အားဖြင့် အန္တရာယ်မရှိတတ်ပေ။ ကလေးအများစုမှာ အသက်တစ်နှစ်၊ နှစ်နှစ်အရွယ်တွင် ပျောက်သွားတတ်ပြီး အသက်အရွယ်ကြီးသည်အထိ ဆက်လက်ရှိနေပါက ခွဲစိတ်ကုသရန် လိုအပ်သည်။


လက္ခဏာများ
အူကျွံခြင်းကြောင့် ချက်သို့မဟုတ် ချက်အနားတွင် ဖောင်းလာတတ်သည်။ကလေးငယ်များတွင် ငိုသောအခါ၊ ချောင်းဆိုးသောအခါ၊ အပေါ့အလေးသွားရန် ညှစ်သောအခါများတွင် ထိုဖောင်းနေသောနေရာမှာ ပိုကြီးလာတတ်ပြီး ပက်လက်အိပ်လိုက်ချိန်တွင် ပြန်ပျောက်သွားတတ်သည်။ကလေးငယ်များတွင် ချက်မှအူကျွံခြင်းကြောင့် တစုံတရာနာကျင်မှုမရှိသော်လည်း လူကြီးများတွင် ဝမ်းဗိုက် မအီမသာဖြစ်ခြင်း၊ နာကျင်ခြင်းတို့ကို ကြုံတွေ့ရတတ်သည်။



ဖြစ်ပွားရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် ကလေးများမွေးဖွားပြီးချိန်တွင် ချက်ကြိုးထွက်သော ကြွက်သားအပေါက်မှာ ပိတ်သွားလေ့ရှိသည်။ ထိုသို့ ပြန်မပိတ်သော ကလေးများတွင် ချက်မှ အူကျွံခြင်းကို တွေ့ရတတ်သည်။
လူကြီးများတွင်မူ ဝမ်းဗိုက်အတွင်းဖိအားများစေသော အခြေအနေများဖြစ်သည့်
- အဝလွန်ခြင်း
- အမွှာပူးကိုယ်ဝန်ဆောင်ခြင်း
- ရေဖျဉ်းစွဲခြင်းကဲ့သို့ ဝမ်းဗိုက်တွင်း အရည်များစုနေခြင်း
- ဝမ်းဗိုက်ခွဲစိတ်ကုသမှု ခံယူထားခြင်း
- ဝမ်းဗိုက်အတွင်းရှိအရည်များကို ပုံမှန်သန့်စင်နေရခြင်း ( Chronic peritoneal dialysis ) တို့ကြောင့် ချက်မှ အူကျခြင်းဖြစ်တတ်သည်။



ဖြစ်နိုင်ချေများသူများ
- လမစေ့၊ ပေါင်မပြည့်သောကလေးငယ်များ
- လူမည်းကလေးငယ်များ
- အဝလွန်သူများ
- အမွှာပူး ကိုယ်ဝန်ဆောင်သူများတွင် အဖြစ်များသည်။



နောက်ဆက်တွဲ ပြဿနာများ
ကလေးငယ်များတွင် ချက်မှ အူကျွံခြင်းကြောင့် ဖြစ်သောနောက်ဆက်တွဲ ပြဿနာများမှာ အဖြစ်နည်းသည်။ သို့ရာတွင် ကျွံကျလာသောအရာများ ဝမ်းဗိုက်တွင်းသို့ ပြန်လည်၍သွင်း၍မရခြင်း၊ ညပ်နေခြင်းတို့ကြောင့် ထိုအရာများသို့ သွေးထောက်ပံ့မှုပြတ်တောက်ကာ အလွန်အမင်းနာကျင်ခြင်း၊ အူနံရံများရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပြီးအသက်ဆုံးရှူံးနိုင်ပါသည်။လူကြီးများတွင် အူကျွံပြီးနောက် ပြန်သွင်း၍ မရတော့ခြင်း၊ အူပိတ်သွားခြင်းတို့ကြောင့် အရေးပေါ်ခွဲစိတ်ရနိုင်သည်။



ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
ကလေးငယ်တွင် ချက်မှ အူကျွံသောလက္ခဏာများရှိလျှင်
• နာကျင်သောလက္ခဏာများရှိလျှင်
• အန်လျှင် 
• အလုံးမှာနာကျင်၊ ရောင်ရမ်းလာလျှင် ကလေးအထူးကုဆရာဝန်နှင့် ချက်ချင်းသွားရောက်ပြသသင့်သည်။
လူကြီးများတွင်မူအလုံးမှ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပွားပါကနီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသသင့်ပါသည်။



စစ်ဆေးမှုများ
ချက်မှ အူကျွံကျခြင်းကိုသိရှိနိုင်ရန် ချက်နှင့် ချက်ဝန်းကျင်တွင် အလုံးပေါ်ပါက ဆရာဝန်နှင့် သွားရောက်ပြသကာ စစ်ဆေးမှုခံယူသင့်သည်။ 
ဝမ်းဗိုက်ကို အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း တို့ကိုပြုလုပ်နိုင်သည်။



ကုသခြင်း
ကလေးငယ်များတွင် ဖြစ်ပွားပါကအသက်တစ်နှစ်၊ နှစ်နှစ်အရွယ်တွင် အလိုအလျောက် ပြန်ပိတ်သွားတတ်သည်။ 
အူကျွံလာပါက မိမိဘာသာပြန်မသွင်းသင့်ဘဲဆရာဝန်တစ်ဦး၏ အကူအညီဖြင့်သာ ပြန်သွင်းသင့်ပါသည်။
ကလေးငယ်များတွင် ချက်မှအူကျွံပြီး
• နာကျင်ခြင်း
• အလုံးမှာ ၁.၅ စင်တီမီတာထက် ပိုကြီးလာခြင်း
• အလုံးဖြစ်ပေါ်လာပြီး ၂နှစ်ခန့်ကြာသည်အထိ ပြန်မသေးသွားခြင်း
• အသက် ၄နှစ်အရွယ်ထိရှိနေခြင်း
• ပြန်သွင်း၍မရခြင်းနှင့် အူပိတ်သောလက္ခဏာများကိုခံစားလာရခြင်းတို့ဖြစ်ပါကခွဲစိတ်ကုသရန် လိုအပ်သည်။
လူကြီးများတွင် နောက်ဆက်တွဲပြဿနာများကိုရှောင်ရှားနိုင်ရန် ခွဲစိတ်ကုသမှုခံယူရမည်။



Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18