Print

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ )

  21-Nov-2016
Preview Image



ကြက်ညှာချောင်းဆိုးရောဂါသည် အလွန်ကူးစက်လွယ်သည့် အသက်ရှူလမ်းကြောင်းတွင် ဖြစ်သောရောဂါဖြစ်ပြီး အသက်ရှူတိုင်း “Whoop” (ဟွပ်ပ်) ဟု မြည်တတ်လေ့ ရှိသည်။


လက္ခဏာများ
ရောဂါပိုးစတင်ကူးစက်ခံရပြီးနောက် ၁ ပတ်မှ ၁၀ ရက်အထိ ကြာတတ်သော်လည်း တစ်ချို့လူများတွင်မူ ထိုထက်ပို၍ ကြာတတ်သည်။ အစပထမပိုင်းတွင် သိပ်မပြင်းထန်ဘဲ ရိုးရိုးအအေးမိလက္ခဏာများဖြစ်သော
. နှာစေးခြင်း
. နှာခေါင်းပိတ်ခြင်း
. မျက်လုံးနီရဲကာ အရည်များထွက်ခြင်း
. ဖျားခြင်း
. ချောင်းဆိုးခြင်းများသာ ပြတတ်သည်။
အချိန် ကြာမြင့်လာပါက ချောင်းဆိုးခြင်းဆိုးဝါးလာပြီး
. အန်ခြင်း
. မျက်နှာ နီ/ပြာလာခြင်း
. အလွန် ပင်ပန်းနုံးနယ်နေခြင်း
. အသက်ရှူလိုက်တိုင်း ဟွပ်ပ် ဟု မြည်ခြင်းတို့ဖြစ်တတ်သည်။ သို့သော် လူအများစုတွင်မူသိသာသော ဟွပ်ပ် ဟုမမြည်တတ်ချေ။



ဖြစ်ပွားရသောအကြောင်းရင်းများ
ကြက်ညှာချောင်းဆိုးရောဂါသည် Bordetella pertussis ဟုခေါ်သော ဘက်တီးရီးယား အကောင်ကြောင့် ဖြစ်ခြင်းဖြစ်သည်။ ရောဂါပိုးကူးစက်ခံထားရသူက ချောင်းဆိုး/နှာချေလျှင် ပိုးကောင်များလေထဲသို့ထွက်သွားတတ်ပြီးအနီးတွင် ရှိသောလူအသက်ရှူလိုက်လျှင် အဆုတ်ထဲသို့ လွယ်လင့်တကူရောက်သွားနိုင်သည်။



ဖြစ်နိုင်ချေများသူများ
- ကာကွယ်ဆေးမထိုးထားသောလူများတွင် အဖြစ်များသည်။
- ကာကွယ်ဆေးမပြည့် သေးသောကလေးငယ်များ



နောက်ဆက်တွဲပြဿနာများ
ဆယ်ကျော်သက်များနှင့် လူကြီးများတွင် နောက်ဆက်တွဲ ပြဿနာများမဖြစ်ဘဲ ပြန်ကောင်းတတ်သော်လည်း ပြင်းထန်စွာချောင်းဆိုးခြင်းကြောင့် 
- နံရိုးများအက်ခြင်း
- ဗိုက်ထဲတွင် အူကျွံခြင်း
- အရေပြား/မျက်လုံးအဖြူပေါ်တွင် သွေးကြောများ ပြတ်ခြင်းတို့ဖြစ်တတ်သည်။

၆ လအောက် ကလေးငယ်များတွင် ဖြစ်ပါကနောက်ဆက်တွဲ လက္ခဏာများအနေဖြင့်
- အဆုတ်ရောင်ရောဂါ
- အသက်ရှူ နှေးကာ ရပ်ရပ်သွားခြင်း
- အစာမစားခြင်းကြောင့် ရေဓာတ် ခမ်းခြောက်ခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း
- တက်ခြင်း
- ဦးနှောက်ထိသွားခြင်း အထိဆိုးရွားစွာ ဖြစ်စေနိုင်ပါသည်။



ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
အကယ်၍ သင်ကိုယ်တိုင် (သို့) သင့်ကလေးတွင်
. အန်ခြင်း
. မျက်နှာ နီ/ပြာလာခြင်း
. အသက်ရှူရ ခက်နေခြင်းနှင့်
. အသက်ရှူလျှင် ‘ဟွပ်ပ်’ ဟု ကြားနေရလျှင် နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ သွားရောက် ပြသသင့်ပါသည်။



စစ်ဆေးမှုများ
ရောဂါ ဖြစ်စတွင် သိရှိရန် ခက်ခဲသော်လည်း ကြာလာသည်နှင့်အမျှ ရောဂါရာဇဝင်အကြောင်းမေးမြန်းခြင်း၊ စမ်းသပ်ခြင်းများနှင့် နှာခေါင်းနှင့် လည်ချောင်းမှ ယူ၍ အကောင်မွေးခြင်း၊ သွေးစစ်ခြင်းနှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ပေးခြင်းအားဖြင့် ရောဂါကိုရှာဖွေသိရှိနိုင်သည်။



ကုသခြင်း
ကလေးငယ်များတွင် ဖြစ်ပွားပါကဆေးရုံတက်၍ ကုသမှု ခံယူရန် လိုအပ်သည်။ အရည်နှင့်အစာမဝင်ပါက သွေးပြန်ကြောမှ တစ်ဆင့် အရည်များထည့်ပေးရန်နှင့် တခြားကလေးငယ်များနှင့် ခွဲထားရန် လိုအပ်ပေသည်။ ကလေးကြီးများနှင့် လူကြီးများဆိုပါက အိမ်တွင်နေ၍ ကုသနိုင်သည်။ ရောဂါကူးစက်ခံရသူကို ပိုးသတ်ဆေးများပေးခြင်းအပြင် မိသားစုဝင်များကိုလည်း ပိုးသတ်ဆေးများပေး၍ ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်။



အိမ်တွင်းကုထုံးနှင့် လူမှုနေထိုင်မှုပုံစံ
ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်လျှင် အိမ်တွင်ပြုလုပ်နိုင်သော
- လုံလောက်စွာအနားယူခြင်း
- အရည်များများသောက်ပေးခြင်း
- အစားကိုနည်းနည်းနှင့် မကြာခဏစားပေးခြင်း
- အိမ်တွင်းလေထုကို သန့်စင်ပေးခြင်းတို့ပြုလုပ်ပေးနိုင်ပါတယ်။



ကာကွယ်ခြင်း

ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးရန် ဖြစ်သည်။ ကလေးမွေးကင်းစ ၂ လ၊ ၄ လ၊ ၆ လ၊ ၁နှစ်ခွဲနှင့် ၄-၆ နှစ် ဟူ၍ ၅ ကြိမ် ကာကွယ်ဆေးထိုးပေးနိုင်သည်။



Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18