Print

Vitiligo (ခရုသင်းရောဂါ)

  21-Nov-2016
Preview Image

  မယ်လနင် ဟုခေါ်သော ရောင်ခြယ်ဓာတ် မရှိခြင်းကြောင့် အရေပြားပေါ်တွင် ဖြူဖျော့သော အဖြူရောင် အကွက်များ ပေါ်လာသော နာတာရှည်ရောဂါ တစ်မျိုးဖြစ်သည်။ 

အမျိုးအစားများမှာ

၁။ Non-segmental vitiligo - ခန္ဓာကိုယ် ၂ဖက်လုံးတွင် တူညီစွာ အဖြူကွက်များ ပေါ်တတ်သည်။

၂။ Segmental vitiligo - ခန္ဓာကိုယ် ၁ နေရာတည်းတွင်သာ ဖြစ်တတ်ပြီး ကလေးများတွင် ပိုတွေ့ရတတ်ပြီး Non-segmental vitiligo လောက် အဖြစ်မများပါ။


 


လက္ခဏာများ

စဖြစ်စတွင် ဖြစ်သည့်နေရာတွင် ကျန်နေရာများထက်ပို၍ အရောင်ဖျော့လာပြီး တဖြည်းဖြည်း ဖြူလာမည်။ အဖြူကွက်၏ အစွန်းပတ်လည်တွင် အခြားနေရာများထက် ပိုအရောင်ရင့်နေတတ်သည်။


ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း နေရောင်ခြည်နှင့် အထိအတွေ့များသော နေရာများ ဖြစ်သည့် မျက်နှာ၊ လည်ပင်းနှင့်လက်များတွင် အဖြစ်များပါသည်။ အခြားနေရာများဖြစ်သော ပါးစပ်နှင့် မျက်လုံးတဝိုက်၊ လက်ချောင်းများနှင့် လက်ကောက်ဝတ်၊ ချိုင်းကြား၊ ပေါင်ခြံ၊ လိင်အင်္ဂါတဝိုက်နှင့် ပါးစပ်ထဲတွင်လည်း ပေါက်တတ်ပါသည်။


 


ဖြစ်ပွားရသော အကြောင်းရင်းများ

Non-segmental vitiligo ကို ခန္ဓာကိုယ်၏ အလိုအလျောက် ကာကွယ်မှုစနစ် ပုံမှန် မဟုတ်သော Autoimmune condition ကြောင့်အဖြစ် များပါသည်။ ပြင်ပမှ ဝင်လာသော ဗိုင်းရပ်စ်များကို မတိုက်ဘဲ မယ်လနင် ထုတ်ပေးသော မယ်လနိုဆိုက် အရေပြားဆဲလ်များကို ခုခံအားစနစ်မှ ဖျက်ဆီးလိုက်ခြင်းအားဖြင့် ရောင်ခြယ်ဆဲလ်များ သေသွားသည့်အတွက် ခရုသင်းရောဂါ ဖြစ်ပွားနိုင်သည်။

သိုင်းရွိုက်ဟော်မုန်း များသည့် Hyperthyroidism ရောဂါနှင့်လည်း ခရုသင်းရောဂါ တွဲနေတတ်သည်။ အရေပြားတွင် ရှိသော အာရုံကြောများမှ ထုတ်ပေးသော ဓာတုပစ္စည်းများကြောင့်လည်း မယ်လနိုဆိုက်ကို အဆိပ်ဖြစ်စေကာ Segmental vitiligo ဖြစ်စေနိုင်ပါသည်။



ခရုသင်းရောဂါဖြစ်ရန် ရာခိုင်နှုန်းပိုများသူများမှာ

၁။ မိဘမျိုးရိုးတွင် ခရုသင်းရောဂါရှိသူ တစ်ဦးဦး ပါနေခြင်း

၂။ မိဘမျိုးရိုးတွင် Pernicious anaemia ကဲ့သို့အခြား Autoimmune ရောဂါများ ရှိခြင်း

၃။ Melanoma ဟုခေါ်သော အရေပြားကင်ဆာနှင့် Lymphoma ဟုဆိုသော ပြန်ရည်ကြော ကင်ဆာများ ဖြစ်နေခြင်း

၄။ မျိုးရိုးဗီဇ ဖြစ်သော Gene ထဲမှာပင် ထူးခြားသော ပြောင်းလဲမှုများ ရှိနေခြင်း တို့ဖြစ်ကြသည်။

        ထို့ပြင် ကလေးမီးဖွားချိန်ကဲ့သို့စိတ်ဖိစီးမှုများသော အခြေအနေများ၊ ပြင်းထန်သော နေရောင်ခြည်နှင့် ထိတွေ့ခံရခြင်းနှင့် တစ်ချို့သော ဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်းများ ရှိလျှင်လည်း ခရုသင်းရောဂါကို ပိုဖြစ်စေနိုင်သည်။


နောက်ဆက်တွဲ ပြဿနာများ

နောက်ဆက်တွဲ ပြဿနာများ အနေနှင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ အရေပြားကင်ဆာ၊ အမွှေးများ ကျွတ်ခြင်းနှင့် ဆေးကုသခြင်းကြောင့် အရေပြား ခြောက်ခြင်းနှင့် ယားယံခြင်းများ ဖြစ်တတ်သည်။


 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အရေပြားတွင် အချို့နေရာများ၌ အရောင်ဖျော့လာခြင်းနှင့် အဖြူကွက်များ ပေါ်လာသည်ကို သတိပြုမိပါက ဆရာဝန်ထံသို့သွားရောက်ပြသသင့်သည်။


 


စစ်ဆေးမှုများ

ဆရာဝန်က ရောဂါအခြေအနေ အကြောင်း မေးမြန်းခြင်း၊ မျိုးရိုးတွင် ရောဂါလက္ခဏာ ရှိမရှိ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် Ultraviolet lamp ဖြင့်လည်း အရေပြားကို အသေးစိတ် စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ အခြားရောဂါများ ရှိမရှိ စစ်ဆေးရန်လည်း လိုအပ်သော သွေးစစ်ခြင်းများ ပြုလုပ်နိုင်သည်။


ကုုသခြင်း

ခရုသင်းရောဂါအား ကုသရာတွင် နေရောင်ခြည်မှ ရှောင်ကြဉ်ခြင်း၊ Camouflage ကရင်မ်များ လိမ်းခြင်းနှင့် စတီးရွိုက်လိမ်းဆေးများ လိမ်းခြင်းများဖြင့် ကုသနိုင်သည်။Camouflage ကရင်မ် လိမ်းပေးခြင်းအားဖြင့် အဖြူကွက်များကို ကျန်အရေပြားအရောင်နှင့် ညီအောင် ညှိပေးသွားသည့်အပြင် ရေစိုခံသည့်အတွက် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို လိမ်းပေးနိုင်သည်။



စတီးရွိုက်လိမ်းဆေးများသည် အဖြူကွက်များ ပျံ့နှံ့ခြင်းအား ရပ်တန့်စေပြီး မူလအရောင်သို့ရောက်အောင် လုပ်ဆောင်ပေးသည်။ အကယ်၍ ကိုယ်ဝန်ဆောင်သည် မဟုတ်လျှင်၊ မျက်နှာပေါ်သို့လိမ်းရမည် မဟုတ်လျှင် စတီးရွိုက်လိမ်းဆေးကို ပေးလေ့ရှိုသည်။သို့သော် စတီးရွိုက်ဆေးများသည် အရေပြားပေါ်တွင် အရေးကြောင်းများ ပေါ်လာခြင်း၊ ပါးလာပြီး သွေးကြောများ ပေါ်လာခြင်း၊ အမွှေးအမျှင်များ အရှည်မြန်လာခြင်း၊ အရေပြား ရောင်ရမ်းလာခြင်းနှင့် ဝက်ခြံများ ပေါက်လာခြင်းတို့ဖြစ်စေနိုင်သည်။



အကယ်၍ ကိုယ်ဝန်ဆောင်သည်များ၊ ၁၀% နှုန်းထက်ပို ဖြစ်နေခြင်း၊ မျက်နှာတွင် ဖြစ်နေခြင်း၊ စတီးရွိုက်လိမ်းဆေးကို မလိမ်းချင်ခြင်း၊  စတီးရွိုက်လိမ်းဆေးဖြင့် မသက်သာခြင်းနှင့် ကလေးများတွင် ဖြစ်ပါက အရေပြားရောဂါ အထူးကုနှင့် သွား၍ ပြသသင့်သည်လိမ်းဆေးများဖြင့် မသက်သာလျှင်လည်းကောင်း၊ တစ်ကိုယ်လုံး ပျံ့နှံ့နေလျှင် လည်းကောင်း Phototherapy ဟုခေါ်သော အလင်းဖြင့် ကုနိုင်သည်။လေဆာနည်းဖြင့်လည်း ခရုသင်းရောဂါကို ကုသလေ့ရှိသည်။



အနောက်နိုင်ငံများတွင် Skin graft ဟုခေါ်သော ခွဲစိတ်မှုဖြင့် ကောင်းသောနေရာမှ အရေပြားဖြင့်လည်း ခရုသင်းကွက်ပေါ်တွင် အုပ်နိုင်သည်။ Hydroquinone ပါသော Lotion လိမ်းခြင်းဖြင့်လည်း တကိုယ်လုံးကို ဖြူအောင်လုပ်သော နည်းကို အသုံးပြုကြသည်။


 


ကာကွယ်ခြင်း

ခရုသင်းရောဂါမှ ကာကွယ်ရန် ခုခံအားကောင်းအောင် နေခြင်း၊ ဆရာဝန် ညွှန်ကြားခြင်း မရှိဘဲ တွေ့ရာဆေးများ အသုံးမပြုခြင်း၊ စတီးရွိုက်လိမ်းဆေးများ လိမ်းခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါသည်။

ခရုသင်းရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ကူးစက်သော ရောဂါ မဟုတ်သော်လည်း လူမှုပတ်ဝန်းကျင်တွင် ဖယ်ကျဉ်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်သည့်အတွက် ရောဂါမဖြစ်စေရန် အထက်ပါအချက်များကို ဆင်ခြင်သင့်သည်။


 


Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18