Print

ကလေးတွေမှာအဖြစ်များတဲ့ Absence seizure

  13-Aug-2018
Preview Image


Absence seizure ဆိုတာ တက်နည်းတစ်မျိုးပဲဖြစ်တယ်။ လူကြီးနဲ့ကလေးနဲ့ ယှဉ်ရင် ကလေးတွေမှာ ပိုဖြစ်တတ်တာကိုတွေ့ရတယ်။ ဒီလိုတက်တဲ့အချိန်မှာ ကလေးငယ်အနေနဲ့ တစ်နေရာရာကို ကြောင်ပြီးငေးနေမယ်၊ ဒီလိုငေးတာက စက္ကန့်ပိုင်းလောက်ပဲကြာပါတယ်။ ပြီးရင် သူအဲ့လိုဖြစ်ခဲ့တာကို မမှတ်မိတော့ပဲ ပုံမှန်အတိုင်း သွားလာဆော့ကစားနေမယ်။ ဒီလို တက်မှန်းမသိတက်တဲ့ ပြဿနာကို အတက်ကျဆေးတွေနဲ့ ကုသနိုင်ပါတယ်။ အတော်များများသောကလေးတွေကတော့ အသက်ကြီးလာတာနဲ့ အမျှဒီလိုဖြစ်တာသက်သာသွားတတ်ပါတယ်။

ဘာလက္ခဏာတွေပြမလဲ

အဓိကပြတဲ့လက္ခဏာကတော့ လူနာအနေနဲ့ တစ်နေရာရာကို ၁၀ စက္ကန့်လောက်ငေးနေတတ်တာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း စက္ကန့်၂၀ လောက်ကြာသွားတတ်ပါတယ်။ ဒီလိုငေးပြီးသွားရင် စိတ်ရှုပ်ထွေးတာ၊ ခေါင်းကိုက်တာ၊ မူးဝေတာမျိုးတွေ မဖြစ်ဘဲ ပုံမှန်အတိုင်းနေနိုင်ပါတယ်။ တခြားပြတတ်တဲ့လက္ခဏာတွေကတော့

- ဆော့ကစားနေရင်း ရုတ်တရက်ရပ်သွားမယ်

- နှုတ်ခမ်းသပ်မယ်

- မျက်ခုံးလှုပ်မယ်

- ပါးစပ်ထဲတစ်ခုခုဝါးနေသလိုဖြစ်မယ်

- လက်ချောင်းလေးတွေပွတ်နေမယ်

ဒီလိုလက္ခဏာလေးတွေက သိပ်မသိသာတာကြောင့် လူကြီးတွေအနေနဲ့ မသိတာများပါတယ်။ နောက်ပြီး ကလေးက သူ့ဖာသာဂရုစိုက်ခံချင်လို့ ပြုလုပ်တာလည်းဖြစ်နိုင်ပါတယ်။ ရောဂါလား၊ ပုံမှန်အပြုအမူလားဆိုတာကိုခွဲခြားနိုင်ဖို့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုအပ်ပါတယ်။ ကလေးအသက်ကြီးတဲ့အထိဖြစ်မယ်ဆို စာသင်ကြားတဲ့အခါ စာမလိုက်နိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဘာ့ကြောင့်ဖြစ်ရသလဲ

ပုံမှန်အားဖြင့်ဆို ဦးနှောက်ထဲက အာရုံကြောဆဲလ်လေးတွေက အချက်ပြချက်လေးတွေထုတ်လွှတ်ပေးပါတယ်။ ဒီလိုထုတ်လွှတ်လိုက်တဲ့ အချက်ပြချက်တွေက အာရုံကြောဆဲလ်တွေတစ်လျှောက်ပျံ့နှံ့သွားပါတယ်။ အတက်ရောဂါရှိတဲ့သူတွေမှာဆို ဦးနှောက်ရဲ့ လျှပ်စစ်အချက်ပြချက်တွေကို တုန့်ပြန်ပုံက မူမမှန်တော့တဲ့အတွက် ဒီအချက်ပြချက်တွေက ဦးနှောက်ထဲမှာ ထပ်ခါထပ်ခါ လည်နေပါတော့တယ်။

ဘယ်သူတွေမှာပိုဖြစ်တတ်သလဲ

အထူးသဖြင့်

- အသက် ၄ နှစ်နဲ့ ၁၄ နှစ်ကြားကလေးငယ်တွေ

- မိသားစုဝင်တွေထဲမှာလည်း အလားတူပြဿနာဖြစ်ဖူးတဲ့သူရှိမယ်ဆိုရင်လည်း ပိုဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

အများစုကတော့ အသက်ကြီးတာနဲ့ ပျောက်သွားတတ်ပေမဲ့ တချို့ကတော့

- တသက်လုံးအတက်ကျဆေး မှန်မှန်သောက်သွားရတာမျိုးရှိပါတယ်

- တချို့ကလေးတွေကျတော့လည်း အတက်ရောဂါအထိဖြစ်သွားတတ်ပါတယ်။

တခြားနောက်ဆက်တွဲပြဿနာတွေကတော့

- စာသင်ရတာ အခက်အခဲဖြစ်မယ်

- အပြုအမူက တခြားကလေးတွေနဲ့မတူဘူးဖြစ်နေမယ်

- တခြားကလေးတွေနဲ့ သိပ်ရောရောနှောနှောမနေဘူးဖြစ်မယ်

ရောဂါရှာဖွေခြင်း

သင့်ဆရာဝန်အနေနဲ့ လူနာခံစားနေရတဲ့ဝေဒနာတွေကို အသေးစိတ်မေးမြန်းပြီးရင်လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်တယ်၊ စမ်းသပ်မှုတွေအနေနဲ့ဆိုရင်

- Electroencephalography (EEG) ခေါ်တဲ့ ဦးနှောက်ထဲက  လျှပ်စစ်ကြိမ်နှုန်းတွေကို တိုင်းတာတဲ့စစ်ဆေးနည်းလုပ်လို့ရပါတယ်

- Brain scan ခေါ်တဲ့ ဦးနှောက်စကင်ဖတ်ပြီး စစ်ဆေးတဲ့ နည်းလည်း ရှိပါတယ်။

ကုသခြင်း

အရင်ဆုံးဆရာဝန်ဖြစ်သူအနေနဲ့ အတက်ကျဆေးပမာဏနည်းနည်းစပေးပါမယ်။ လူနာအခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကို တဖြည်းဖြည်းတိုးသွားတာမျိုးလည်း ရှိပါတယ်။ လုံးဝမတက်တော့တာ အနည်းဆုံး ၂ နှစ်လောက်ကြာပြီဆိုရင်တော့ ဆေးကို ဖြည်းဖြည်းခြင်း မျှင်းပြီးဖြတ်သွားမှာဖြစ်တယ်။

 

Dr. Oliver

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18