Print

သည်းခြေအိတ်ရောင်ခြင်း (cholecystitis)

  16-Aug-2018
Preview Image

ပုံမှန်အားဖြင့်သည်းခြေအိတ်သည် သစ်တော်သီးပုံစံ အရွယ်ခပ်သေးသေးဖြစ်ပြီး ဝမ်းဗိုုက်၏ညာဘက်အပေါ်ဘက်အခြမ်း အသည်းအောက်တွင် တည်ရှိသည်။ သည်းခြေအိတ်၏ လုပ်ငန်းတာဝန်မှာ သိုလှောင်ထားသော သည်းခြေရည်များကို အူသိမ်ပိုင်းသို့ ထုတ်ပေးခြင်းအားဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပါသည်။ သည်းခြေအိတ်ရောင်ရခြင်းမှာ များသောအားဖြင့် သည်းခြေပြွန်တွင် ကျောက်တည်သောကြောင့်ဖြစ်သည်။ထိုအခါ သည်းခြေရည်များသည် အစာခြေလမ်းကြောင်းသို့မဆင်းနိုင်ဘဲ သည်းခြေအိတ်ထဲတွင် စုပုံရာမှ သည်းခြေအိတ်ရောင်ရမ်းလာရခြင်း ဖြစ်ပေသည်။ထို့အပြင် သည်းခြေပြွန် ပြနာနှင့်ဝမ်းဗိုက်အတွင်းမှ အလုံးအကျိတ်များဖိ၍လည်းကောင်း သည်းခြေအိတ်ရောင်နိုင်ပါသည်။ မကုပဲထားပါက နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် သည်းခြေအိတ်ပေါက်သည်အထိ ဖြစ်နိုင်ပါသည်။ သည်းခြေအိတ်ပေါက်လျှင် သည်းခြေအိတ်ပါထုတ်ပစ်ရသည့်အပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရပါသည်။


လက္ခဏာများ

- ဗိုက်အောင့်ခြင်း (ဝမ်းဗိုက်၏ညာဘက်အပေါ်ဘက်အခြမ်း)

- ညာဘက်ပခုံးနှင့်နောက်ကျောဘက်တွင်နာနေခြင်း

- ဝမ်းဗိုက်၏ညာဘက်အပေါ်ဘက်ခြမ်းနေရာကိုထိမိပါကနာကျင်ခြင်း

- ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း

- ပျို့အန်ခြင်း

- ဖျားနာခြင်းတို့ ဖြစ်စေနိုင်ပါသည်။

- သည်းခြေအိတ်ရောင်ခြင်း၏ လက္ခဏာများသည် အစာစားပြီးနောက်ပိုင်းတွင်ပေါ်လာတတ်ပါသည်။ အထူးသဖြင့် အဆီအဆိမ့် စားပြီးသောအခါတွင် ပိုဖြစ်တတ်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- သည်းခြေကျောက်တည်၍ သည်းခြေလမ်းကြောင်း ပိတ်ဆို့ခြင်း (ကိုလက်စ်ထရောနှင့် သည်းခြေဆားတို့ပေါင်းစပ်ကာ သည်းခြေကျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။)

- ဝမ်းဗိုက်တွင်းမှ အလုံးအကျိတ်များ သည်းခြေလမ်းကြောင်းကိုဖိခြင်း

- သည်းခြေပြွန်လမ်းကြောင်း ကျုံ့ခြင်း၊ကျဉ်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။


ဖြစ်နိုင်ချေများသူများ

- အသက် ၆ဝကျော်သူများ

- ဝလွန်းသူများ

- အဆီအဆိမ့်စားသုံးသူများ

- အသီးအရွက်အစားနည်းသူများ

- ဆီးချိုရောဂါရှိသူများ

- ကိုယ်ဝန်တားဆေး သုံးစွဲသူများ

- အဆီချဆေး သောက်သုံးသူများ

- သည်းခြေကျောက်တည်ခြင်း မျိုးရိုးရှိသူများ

- အမျိုးသမီးများတွင်ပို၍အဖြစ်များသော ရောဂါဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

- သည်းခြေအိတ်ရောင်ခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ ချမ်းတုန်၍ဖျားခြင်း

- သည်းခြေပြွန်လမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် သည်းခြေလမ်းကြောင်းပိုးဝင်ခြင်း၊

- မျက်လုံးနှင့်အသားများ ဝါလာခြင်း

ု- သည်းခြေကျောက်သည် သည်းခြေပြွန်မှတစ်ဆင့်(Pancreas)ပန်ကရိယပြွန်သို့ရောက်ကာ ပိတ်ဆို့လျှင် ပန်ကရိယ ရောင်ကာ အန်ခြင်း၊ဗိုက်အောင့်ခြင်း၊အစာမစားနိုင်ခြင်း

  တို့ဖြစ်တတ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားနေရသူများနှင့် ဗိုက်အောင့်ခြင်းမှာ တနေ့ထက်တနေ့ပိုပိုဆိုးလာပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါသည်။


စစ်ဆေးမှုများ

- တယ်လီဗွီးရှင်းဓါတ်မှန်ရိုက်ခြင်း (Ultrasound)

- ဆေးထိုး၍ဓါတ်မှန်ရိုက်ကြည့်ခြင်း

- ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT scan)

- သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI)

- သည်းခြေလမ်းကြောင်းတွင်းသို့ မှန်ပြောင်းထည့်၍စစ်ဆေးခြင်း

- သည်းခြေလမ်းကြောင်းပိုးဝင်မဝင်၊ အဝါဓာတ်ရှိမရှိ၊ ပန်ကရိယ ရောင်မရောင် သွေးစစ်ခြင်းများပြုလုပ်နိုင်ပါသည်။


ကုသခြင်း

- အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက ကုသရန်လိုအပ်ပါသည်။ ကုသရာတွင် ဆေးရုံတက်ရန်လိုအပ်ပါသည်။

- ဗိုက်အောင့့်ခြင်းအတွက် ဆေးဝါးများဖြင့်ကုသခြင်း

- သည်းခြေလမ်းကြောင်းပိုးဝင်ပါက ပဋိဇီဝဆေးများဖြင့်ကုသခြင်း

- ခွဲစိတ်ကုသခြင်း (ဗိုက်ခွဲ၍သည်းခြေအိတ်ထုတ်ခြင်း၊ အဏုကြည့်မှန်ပြောင်းဖြင့် သည်းခြေအိတ်ထုတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။)


ကာကွယ်ခြင်း

- ဝသောသူများ ဝိတ်လျှော့ခြင်း

- လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်း

- အဆီအဆိမ့် လျှော့စားခြင်း

- အသီးအနှံနှင့်အသီးအရွက် များများစားသုံးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။


Ref: Mayo clinics

Credit: Dr Toe 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18