Print

Chronic Kidney Disease (နာတာရှည် ကျောက်ကပ်ရောဂါ)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ကျောက်ကပ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်မှ ပိုလျှံနေသော အရည်များ နှင့် အညစ်အကြေးများကို စစ်ထုတ်ပေးသော အင်္ဂါဖြစ်သည်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပါက ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်းကျဆင်းလာသည်။ ကျောက်ကပ်ပျက်စီးမှုများလာသည်နှင့်အမျှ အရည်နှင့် အညစ်အကြေးများကို စစ်ထုတ်ခြင်း မပြုလုပ်နိုင်သဖြင့် အရည်များ ကိုယ်ခန္ဓာကိုယ်အတွင်း အန္တရာယ်ပေးနိုင်သည့် အခြေအနေအထိ စုပုံလာနိုင်သည်။နာတာရှည် ကျောက်ကပ်ရောဂါကို ကုသရာတွင် ကျောက်ကပ်ပျက်စီးမှု ဖြစ်စေသည့် အကြောင်းအရာကို ထိန်းချုပ်၍ ပျက်စီးမှုနှေးအောင် ဦးတည်၍ ကုသသည်။ နာတာရှည် ကျောက်ကပ်ရောဂါမှ ကျောက်ကပ်သည် နောက်ဆုံးအဆင့်ပျက်စီးခြင်းသို့ ရောက်သွားပြီး ကျောက်ကပ်ဆေးခြင်း (သို့) ကျောက်ကပ် လဲလှယ်ခြင်း မလုပ်နိုင်ပါက အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါသည်။ 


လက္ခဏာများ

နာတာရှည် ကျောက်ကပ်ရောဂါ၏ ရောဂါလက္ခဏာများမှာ 

ပျို့ခြင်း

အန်ခြင်း

အစားအသောက်ပျက်ခြင်း

ကိုုယ်လက်မအီမသာဖြစ်၍ အားနည်းနေခြင်း

အိပ်စက်ခြင်းနှင့် ပတ်သတ်သည့် လက္ခဏာများ

ဆီးသွားသည့် ပမာဏပြောင်းလဲလာခြင်း

စိတ်ထိုင်းမှိုင်း၍ စဉ်းစားတွေးခေါ်မှုများ လျော့ကျလာခြင်း

ကြွက်သားများလှုပ်ခြင်း နှင့် ကြွက်တက်ခြင်း

ခြေထောက်နှင့် ခြေချင်းဝတ်များရောင်ရမ်းလာခြင်း

တစ်ကိုယ်လုံး ယားယံခြင်း

ရင်ဘတ်အောင့်ခြင်း (အရည်များ နှလုံးတွင်စုပုံလာ၍)

မောလာခြင်း (အရည်များ အဆုတ်တွင် စုပုံလာ၍)

သွေးတိုးလာခြင်း စသည်တို့ဖြစ်နိုင်သည်။ ကျောက်ကပ်ရောဂါတွင် တွေ့မြင်ရသည့် လက္ခဏာများမှာ အခြားရောဂါများနှင့်တူ၍ ရောဂါကို ခွဲခြားရာတွင် အခက်အခဲရှိသည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

နာတာရှည် ကျောက်ကပ်ရောဂါသည် ကျောက်ကပ်ကို ထိခိုက်စေသည့် ရောဂါ (သို့) အကြောင်းအရာ တစ်ခုခုကြောင့် လမှနှစ် ကြာသောအခါ ဖြစ်လာခြင်းဖြစ်သည်။ ၎င်းတို့မှာ 

ဆီးချိုရောဂါ

သွေးတိုးရောဂါ

ကျောက်ကပ်တွင်းရှိ အရည်စစ်ပေးသည့် ပြွန်များ ရောင်ရမ်းသည့်ရောဂါ 

ကျောက်ကပ်တွင်းရှိ အရည်လမ်းကြောင်း နှင့် ကျောက်ကပ်၏ ဆဲလ်များရောင်ရမ်းခြင်း

ကျောက်ကပ်ရေအိတ်တည် ရောဂါ

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ ဆီးကြိတ်ကြီးခြင်း၊ ကျောက်ကပ် ကင်ဆာဖြစ်ခြင်း တို့ကြောင့် ဆီးလမ်းကြောင်းပိတ်ခြင်း

ပုံမှန်မဟုတ်ပဲ ဆီးလမ်းကြောင်းအပေါ်သို့ ပြန်တက်ခြင်း 

မကြာခဏ ကျောက်ကပ်ပိုးဝင်ခြင်း တို့ဖြစ်သည်။ 


ဖြစ်နိုင်ချေများသူများ

ဆီးချိုရောဂါရှိသူ

သွေးတိုးရောဂါရှိသူ

နှလုံးရောဂါရှိသူ

ဆေးလိပ်သောက်သူ

အဝလွန်သူ

ကျောက်ကပ်ရောဂါမျိုးရိုးရှိသူ

မူမမှန်သော ကျောက်ကပ်ဖွဲ့စည်းမှုရှိသူ

အသက်အရွယ်ကြီးသူ



နောက်ဆက်တွဲ ပြဿနာများ

ကိုယ်ခန္ဓာအတွင်း အရည်များစုပုံလာရာမှ သွေးပေါင်ချိန်တိုးလာခြင်း၊ ခြေနှင့်လက် ဖောရောင်ခြင်း၊ တင်းလာခြင်း၊ အဆုတ်အတွင်းရေဝင်ခြင်း (Pulmonary edema)

ရုတ်တရက် ပိုတက်ဆီယမ်ဓာတ် မြင့်တက်လာရာမှ နှလုံး၏လုပ်ငန်းဆောင်တာ ကိုအနှောင့်အယှက်ပေးခြင်း

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါဖြစ်ခြင်း

အရိုးပျော့ခြင်း သို့ အရိုးကျိုးလွယ်ခြင်း

သွေးအားနည်းခြင်း

ယောကျာ်း၊ မိန်းမ အတူနေချင်စိတ်များ လျော့ကျလာခြင်း၊ မျိုးပွားနိုင်စွမ်းရည် နှင့် ယောကျာ်းခွန်အားလျော့နည်းခြင်း

အာရုံကြောစနစ် ထိခိုက်ခြင်း

ကိုယ်ခံအားကျစေ၍ ရောဂါပိုမိုကူးစက်ခံရနိုင်ခြင်း

နှလုံးကိုဖုံးအုပ်ထားသော အမှေးပါးရောင်ခြင်း(Pericarditis)

ကျောက်ကပ်ပျက်စီးခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ 


စစ်ဆေးမှုများ

ဆရာဝန်သည် ရှေးဦးစွာ ရောဂါ၏ ဇစ်မြစ်ရှာရန်မေးခွန်းများစွာ မေးလိမ့်မည်။ ထို့နောက် အောက်ပါစမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။ 

သွေးစစ်ဆေးခြင်း အဓိကအားဖြင့် သွေးထဲရှိ urea နှင့် creatinine ဓာတ်ကိုစစ်ဆေးခြင်း

ဆီးစစ်ခြင်း

ကျောက်ကပ်အသားစယူ၍ စစ်ဆေးခြင်း တို့ဖြစ်သည်။


ကုသခြင်း

ဖြစ်သည့်အကြောင်းအရင်းပေါ်မူတည်၍  အချို့သောကျောက်ကပ်ရောဂါကို ပျောက်ကင်းအောင် ကုသ၍ရပါသည်။ သို့သော် အများအားဖြင့် နာတာရှည် ကျောက်ကပ်ရောဂါကို ပျောက်ကင်းအောင် ကုသ၍မရပါ။ယခု ကုသရာတွင် အသုံးပြုသောနည်းလမ်းများသည် နာတာရှည်ကျောက်ကပ်ရောဂါ၏ လက္ခဏာများသက်သာစေရန်၊ နောက်ဆက်တွဲ ဆိုးကျိုးများ လျော့ကျစေရန်နှင့် ကျောက်ကပ်ပျက်စီးမှုကို တတ်နိုင်သမျှ နှေးစေရန် ရည်ရွယ်၍ ကုသခြင်းဖြစ်သည်။


ဖြစ်ပွားသည့် အကြောင်းအရင်းကို ကုသခြင်း

ဆရာဝန်သည် ကျောက်ကပ်ရောဂါ ဖြစ်စေသည့် အကြောင်းအရာကို ကုသခြင်းဖြင့် ကျောက်ကပ်ပျက်စီးမှုကို ထိန်းချုပ်သည်။ သို့ရာတွင် အချို့ကိစ္စများတွင် ဖြစ်စေသည့် အကြောင်းအရာကို ထိန်းချုပ်နိုင်သော်လည်း ကျောက်ကပ်ပျက်စီးမှုသည် ဆက်လက်ဖြစ်ပွားနေတတ်သည်။ 

နောက်ဆက်တွဲ ပြသနာများကို ကုသခြင်း

နောက်ဆက်တွဲ ပြသနာများကို ကုသခြင်းဖြင့် နေထိုင်မှုပိုမိုကောင်းမွန်စေသည်။ ကုသမှုများမှာ

ကျောက်ကပ်ပျက်စီးမှုကြောင့် ဖြစ်ပွားသည့် သွေးတိုးခြင်း၊ သွေးပေါင်ချိန် အလွန်အမင်းတက်ခြင်းကို ထိန်းချုပ်ခြင်း

ကျောက်ကပ်ပျက်စီးမှုကြောင့်ဖြစ်ပွားသည့် သွေးအတွင်း အဆီဓာတ်များမှုကို လျော့ချခြင်း

သွေးအားနည်းခြင်းကို ကုသခြင်း

ကျောက်ကပ်ပျက်စီးမှုကြောင့် ဖြစ်သည့် ဖောရောင်ခြင်းကို ကုသခြင်း

အရိုးပျော့ခြင်းနှင့် ကျိုးခြင်းကို ကာကွယ်ပေးသည့် ဆေးပေးခြင်း

သွေးထဲတွင် အညစ်အကြေးလျော့နည်းစေရန် အသားဓာတ်(Protein) ဓာတ်လျော့စားစေခြင်း တို့ပြုလုပ်နိုင်ပါသည်။

သင့်၏ကျောက်ကပ်သည် ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးနှင့် အရည်များကို စွန့်ထုတ်နိုင်သည့် စွမ်းရည်လျော့ကျလာသည်နှင်အမျှ့ ကျောက်ကပ်ပျက်စီးမှုလည်း အစပြုလာသည်။ ထိုသို့ ကျောက်ကပ်ပျက်စီးသူများတွင် ကျောက်ကပ်ဆေးခြင်း (သို့) ကျောက်ကပ်အစားထိုးခြင်း ဖြင့်ကုသနိုင်သည်။

.


ကာကွယ်ခြင်း

ကျောက်ကပ်ပျက်စီးခြင်းကို လျော့နည်းစေသည့် နည်းလမ်းများမှာ

အစားအသောက်များတွင် အငန်လျော့စားရန်

ပိုတက်ဆီယမ်ဓာတ် ပါဝင်မှုများသော အစားအစာများကို ရှောင်ရန် (ဥပမာ- ငှက်ပျောသီး၊လိမ္မော်သီး၊ အာလူး၊ခရမ်းချဉ်သီး)

အသားဓာတ်(Protein) လျော့စားရန်

ဆေးလိပ်မသောက်ရန်

ကိုယ်ခန္ဓာအလေးချိန်ကို ပုံမှန်စံနှုန်းတွင် ထိန်းရန် လိုအပ်ပါသည်။


Ref: mayo clinic

Dr. Archer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18