Print

တက်တတ်သည့် ဦးနှောက်ရောဂါမျိုး သို့မဟုတ် ဝက်ရူးပြန်ရောဂါ (Epilepsy)

  16-Aug-2018
Preview Image

ဝက်ရူးပြန်ရောဂါ ဖြစ်ပေါ်ရခြင်းမှာ ဦးနှောက်နှင့်အာရုံကြော၏ ပင်မဗဟိုစနစ်တွင်ရှိသော အာရုံကြောနာ့ဗ်ဆဲလ်လေးများ အနှောင့်ယှက်ခံရသောကြောင့်ဖြစ်သည်။ထိုသို့အနှောင့်ယှက်ခံရသည့်အခါတွင် တက်ခြင်း၊ပုံမှန်မဟုတ်သည့်အပြုအမူများ၊အာရုံခံစားမှုများဖြစ်ပေါ်ခြင်းနှင့်တစ်ခါတစ်ရံတွင် သတိလစ်သွားခြင်းတို့အထိဖြစ်တတ်ပါတယ်။တက်နေသည့်အချိန်တွင် အချို့သောသူများသည် စက္ကန့်ပိုင်းတစ်ခုအကြာ ဘာမှမခံစားရသလိုတစ်နေရာထဲကိုငေးစိုက်ကြည့်ခြင်း၊အချို့ကတော့ ထပ်ခါထပ်ခါခြေထောက်နှင့်လက်များ ကွေးကောက်သွားခြင်း စသည်ဖြင့်အတက်ရောဂါသည်ပုံစံအမျိုးမျိုးဖြင့်လက္ခဏာပြတတ်ကြပါသည်။အတက်ရောဂါတစ်ခါဖြစ်ဖူးရုံနဲ့ဝက်ရူးပြန်ရောဂါဟုမယူဆပါ။ဝက်ရူးပြန်ရောဂါသည်အကြောင်းအရာတစ်ခုခုကြောင့်မဟုတ်ပဲ လှုံ့ဆော်မှုမရှိဘဲ အနဲဆုံးနှစ်ကြိမ်တက်တတ်ပါသည်။ဝက်ရူးပြန်ရောဂါကို ဆေးဝါးများဖြင့်ကုသခြင်း၊ခွဲစိတ်ကုသခြင်းနည်းလမ်းများဖြင့်လည်းကုသနိုင်ပါသည်။


လက္ခဏာများ

အတက်ရောဂါလက္ခဏာများအနေနဲ့

- ခဏတာ စိတ်ထွေခြင်း၊စိတ်ရှုပ်ထွေးခြင်း

- ပါးစပ်မှစကားလုံးများရေရွတ်ကာ ငေးငိုင်စိုက်ကြည့်နေခြင်း

- စိတ်နှင့်ထိန်းချုပ်၍မရဘဲ ခြေထောက်၊လက်တို့မှ ဆတ်ခနဲတုန့်ပြန်မှုများဖြစ်ပေါ်ခြင်း

- သတိမေ့သွားခြင်း

- သတိလွတ်သွားခြင်း

- စိတ်ရောဂါရှိသောပုံစံများဖြစ်ပေါ်ခြင်း

ဝက်ရူးပြန်ရောဂါရှိသူ တော်တော်များများသည် တစ်ကြိမ်နှင့်တစ်ကြိမ်ဖြစ်ပေါ်သောပုံစံလက္ခဏာများမှာ များသောအားဖြင့် တူညီလေ့ရှိကြသည်။လက္ခဏာများသည် အတက်ရောဂါအမျိုးအစားပေါ်မူတည်၍ပြောင်းလဲနိုင်ပါသည်။ထို့ကြောင့် အတက်ရောဂါကို ယေဘုယျအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးတက်ခြင်း သို့မဟုတ် ဦးနှောက်၏ဧရိယာပေါ်မူတည်၍ ခန္ဓကိုယ်အစိတ်အပိုင်းတစ်ခုတည်းသာ တက်ခြင်းဟူ၍နှစ်မျိုးခွဲခြားထားပါသည်။


ဦးနှောက်၏ဧရိယာပေါ်မူတည်၍တက်ခြင်း(Focal seizure)

ဦးနှောက်၏ဧရိယာအစိတ်အပိုင်းတစ်ခုခုမှ ပုံမှန်မဟုတ်သောလှုပ်ရှားမှုများဖြစ်ပေါ်လာခြင်းကို Focal seizure ဟုခေါ်သည်။Focal seizure တွင်နှစ်မျိုးထပ်ခွဲပါသည်။ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းသာတက်ခြင်းတွင် သတိလစ်ခြင်းမရှိပါက simple partial seizure ဟုသတ်မှတ်သည်။ခန္ဓကိုယ်အစိတ်အပိုင်းတစ်ခုတည်းသာတက်ခြင်းတွင် သတိလစ်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အပြုအမူများ ဥပမာ လက်နှစ်ဖက်ပွတ်တိုက်ခြင်း၊တံတွေးမြိုချခြင်း၊စက်ပိုင်းပုံလမ်းကြောင်းဖန်တီး၍လမ်းလျှောက်ခြင်း စသည်တို့ကို ထပ်ခါထပ်ခါပြုလုပ်ခြင်းကို complex partial seizure ဟုသတ်မှတ်သည်။

 

ခန္ဓာကိုယ်တစ်ခုလုံးတက်ခြင်း (Generalized seizure)

ခန္ဓာကိုယ်တစ်ခုလုံးတက်ခြင်းသည် ဦးနှောက်၏ဧရိယာအကုန်လုံးနှင့်သက်ဆိုက်လျက်ရှိသည်။ခြောက်မျိုးခွဲခြားထားပါသည်။


- မသိလိုက်မသိဘာသာ တက်ခြင်း (Absence seizure)

- ကြွက်သားများတောင့်၍တက်ခြင်း (Tonic seizure) 

-  ခန္ဓကိုယ်ရှိကြွက်သားများ ရုတ်တရတ်ပျော့ခွေကာတက်ခြင်း (Atonic seizure)

- မျက်နှာ၊လည်ပင်းနှင့် လက်မောင်းကြွက်သားများ စည်းချက်မှန်မှန် ဆတ်ခနဲတုန့်ပြန်ကာ တက်ခြင်း (Clonic seizure)

- လက်မောင်းနှင့်ခြေထောက်ကြွက်သားများ ဆန့်ငင်ဆန့်ငင်နှင့်တက်ခြင်း (Myoclonic seizure)

- တစ်ကိုယ်လုံးတောင့်တင်း၊ကောက်ကွေး၍တက်ခြင်း (Tonic-clonic seizure) 


ဖြစ်ပွားရသော အကြောင်းရင်းများ

ဝက်ရူးပြန်ခြင်းကိုဖြစ်စေသောအကြောင်းရင်း၏တစ်ဝက်မှာ ဖော်ထုတ်၍မရပေ။ကျန်တစ်ဝက်မှာတော့ အခြားသောအကြောင်းအရာများပေါ်မူတည်ပါသည်။ထိုအကြောင်းအရာတို့မှာ

- မျိုးရိုးလိုက်ခြင်း

- ဦးခေါင်း ထိခိုက်ဒဏ်ရာရခဲ့ဖူးခြင်း

- လေဖြတ်ဖူးခြင်း၊ဦးနှောက်အကျိတ်ကင်ဆာရောဂါဖြစ်ခြင်း

- ဦးနှောက်အမြှေးပါးယောင်ခြင်း

- ကိုယ်ဝန်ဆောင်မိခင် အာဟာရချို့တဲ့ခြင်း၊ပိုးဝင်၍နာမကျန်းဖြစ်ခဲ့ဖူးခြင်း၊အောက်ဆီဂျင်လုံလောက်စွာမရရှိခြင်း တို့ကြောင့်လည်း ကလေးတွင် ဦးနှောက်ထိခိုက်တတ်ကာ တက်ခြင်း၊ဖွံ့ဖြိုးမှုနောက်ကျခြင်းစသည့်လက္ခဏာများဖြစ်ပေါ်တတ်ပါသည်။

- ဝက်ရူးပြန်ရောဂါသည် ဦးနှောက်ဖွံဖြိုးမှုနောက်ကျသောရောဂါများ၊ဦးနှောက်ဖွံဖြိုးမှု ပုံမှန်မဟုတ်သောရောဂါများနှင့်တွဲတတ်ပါသည်။


ဖြစ်နိုင်ချေများသူများ

- ကလေးနှင့်အသက် ၆၀ ကျော်လူကြီးများတွင်ပို၍အဖြစ်များပါသည်။သို့သော်အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။

- မျိုးရိုးရှိသူများ

- ဦးခေါင်းကိုထိခိုက်ဒဏ်ရာရဖူးသူများ

- လေဖြတ်ဖူးသူများ၊လေဖြန်းဖူးသူများ

- ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှုရှိသူများ

- ဦးနှောက်ပိုးဝင်၍ဦးနှောက်အမြှေးပါးယောင်သူများ

- ကလေးဘဝအရွယ်တုန်းက တက်ဖူးသူများ 


နောက်ဆက်တွဲ ပြဿနာများ

- တက်နေစဉ် လဲကျသွားနိုင်၍ဦးခေါင်းကိုထိခိုက်နိုင်ပြီး အရိုးကျိုးတတ်ပါသည်။

- ဝက်ရူးပြန်ရောဂါရှိသူ ရေကူးနေစဉ် သို့မဟုတ် ရေစိမ်နေစဉ်တွင် ရေနစ်နိုင်ချေမှာ သာမန်သူများထက် ၁၅ ဆ မှ ၁၉ ဆ အထိရှိပါသည်။

- ယာဉ်တိုက်မှုများလဲဖြစ်ပွားနိုင်ပါသည်။

- ဝက်ရူးပြန်ရောဂါရှိသူသည် ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်ပါသည်။ကုသသောဆေးများသည်လည်း ကလေးကိုထိခိုက်နိုင်ပါသည်။သို့သော် ဝက်ရူးပြန်ရောဂါရှိသူသည် ကိုယ်ဝန်ဆောင်နိုင်ပြီး ကျန်းမာသောကလေးကိုမွေးဖွားနိုင်ပါသည်။ထို့ကြောင့်ကိုယ်ဝန်ယူဖို့စဉ်းစားထားတယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ပြသရန်လိုအပ်ပါသည်။

- ဝက်ရူးပြန်ရောဂါရှိသူများသည် စိတ်ဓာတ်ကျလွယ်၊စိတ်လှုပ်ရှားလွယ်နိုင်ပါသည်။သူ့အလိုလိုဖြစ်တတ်သလို ကြာရှည်စွာဆေးများမှီဝဲရခြင်းအတွက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။


အသက်အန္တရာယ်စိုးရိမ်ရသော နောက်ဆက်တွဲဆိုးကျိုးများ

ပြင်းထန်ဝက်ရူးပြန်ရောဂါ (Status epilepticus)

၅ မိနစ်ကျော်ကြာ ဆက်တိုက်တက်ခြင်း၊မကြာခဏတက်ခြင်းအတက်ကျသောကြားချိန်များတွင် သတိပြန်မရခြင်း စသည့်အချက်များရှိပါက ပြင်းထန်ဝက်ရူးပြန်ရောဂါဟုသတ်မှတ်နိုင်ပါသည်။ပြင်းထန်ဝက်ရူးပြန်ရောဂါသည် ဦးနှောက်ဆဲလ်များကိုထိခိုက်ပျက်စီးစေပြီး ဦးနှောက်ဆဲလ်များ ပြန်ကောင်းနိုင်သည့်အလားအလာမရှိသလောက်အထိဖြစ်နိုင်ပါသည်။


ဝက်ရူးပြန်ရောဂါရှိသူများသည် ခိုင်လုံသောအကြောင်းအရာမရှိဘဲ ရုတ်တရတ်သေဆုံးနိုင်ပါသည်။(Sudden unexplained death in epilepsy) အချို့သော သုတေသနပြုလုပ်သူများကတော့ ရုတ်တရတ်သေဆုံးရခြင်းသည် နှလုံး သို့မဟုတ် အဆုတ်ကြောင့်ဟုယူဆကြသည်။ယနေ့ထက်ထိတော့ ခိုင်လုံသောအကြောင်းပြချက်ကို မဖော်ထုတ်နိုင်သေးပေ။ခဏခဏဝက်ရူးပြန်ရောဂါပြန်ဖြစ်နေသူများ၊ဝက်ရူးပြန်ရောဂါကို ဆေးဝါးများဖြင့်ထိန်းချုပ်လို့မရတော့သောသူများတွင် ဖြစ်တတ်ပါသည်။ထိုသို့ဖြစ်နိုင်ချေကတော့ လူတစ်ရာမှာ တစ်ယောက်ဖြစ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- တက်ခြင်းသည် ငါးမိနစ်ကျော်ကြာနေလျှင်

- တက်ပြီးနောက်ပိုင်းတွင် အသက်မရှူလျှင်၊သတိပြန်မရလျှင်

- နောက်တစ်ခေါက်ထပ်တက်ခဲ့လျှင်

- အဖျားကြီးနေလျှင်

- ကိုယ်ဝန်ဆောင်သည်ဖြစ်လျှင်

- ဆီးချိုရှိလျှင်

- တက်နေစဉ်အချိန်တွင်း ထိခိုက်ဒဏ်ရာရခဲ့လျှင်

- အပူလျှပ်ခြင်းရှိခဲ့ဖူးလျှင်

အထက်ပါအချက်များဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံသို့အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ထို့အပြင် တက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပါလျှင်လည်း ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်မှလူနာ၏စိတ်ကူးအာရုံများ၊စကားပြောစွမ်းရည်များကို စစ်ဆေးခြင်း

- ဦးနှောက်အမြှေးပါးယောင်စေသော ရောဂါပိုးများရှိမရှိသွေးစစ်ခြင်း

- မျိုးရိုးဗီဇ စစ်ဆေးခြင်း

- ဦးနှောက်တွင်းရှိ လျှပ်စစ်လှိုင်းများမှန်မမှန် စစ်ဆေးခြင်း (EEG) 

- ဦးခေါင်းကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- ဦးနှောက်၏ဧရိယာပေါ်မူတည်၍အသေးစိတ်အလုပ်လုပ်ပုံကို စစ်ဆေးခြင်း (functional MRI)

- သွေးကြောထဲသို့ ဆေးသွင်း၍ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (PET 


ကုသခြင်း

- ဆေးဝါးများဖြင့်ကုသခြင်း (အတက်ကျဆေး) 

ဝက်ရူးပြန်ရောဂါကို ဆေးဝါးများဖြင့် ကုသရာတွင် အောက်ပါအချက်များကိုဂရုစိုက်လိုက်နာရန်လိုအပ်ပါသည်။

- ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိတိကျကျသောက်ရမည်။

- အခြားဆေးတစ်မျိုးမျိုး သို့မဟုတ် တိုင်းရင်းဆေး တို့ကိုအသုံးပြုချင်ရင်တောင်မှ မိမိသဘောနှင့်မဆုံးဖြတ်ရပါ။ဆေးဝယ်လျှင်တောင် ဝယ်လာပြီးမသောက်ခင်မှာ ဆရာဝန်ကိုပြသသင့်ပါတယ်။ဆေးနဲ့ပတ်သတ်၍ဆရာဝန်နှင့်အမြဲတိုင်ပင်ရပါမည်။

- ကိုယ့်သဘောနဲ့ကိုယ်ဆေးဖြတ်ခြင်း မပြုလုပ်ရပါ။

- စိတ်ဓာတ်ကျခြင်း၊ပုံမှန်မဟုတ်သော အပြုအမူများဖြစ်ပေါ်ခြင်း၊မိမိကိုယ်ကို သတ်သေလိုသော စိတ်ဆန္ဒများဖြစ်ပေါ်လာခြင်း တို့ဖြစ်ပေါ်လာပါက ဆရာဝန်ကိုအမြန်ဆုံးအကြောင်းကြားသင့်ပါသည်။

- ခေါင်းတစ်ခြမ်းကိုက်တတ်သည့်ရောဂါရှိပါက ဆရာဝန်ကိုကြိုပြောပါ။


ဝက်ရူးပြန်ရောဂါအစပျိုးသူတစ်ဝက်လောက်သည် ဆေးဝါးများဖြင့် ပထမဆုံးအကြိမ် ကုသခြင်းမှာပင် သက်သာလေ့ရှိကြပါသည်။ဆေးဝါးများဖြင့် မသက်သာသောသူများကို အခြားသောနည်းလမ်းများဖြင့် ကုသနိုင်ပါသည်။


ခွဲစိတ်ကုသခြင်း (တက်ခြင်းကိုဖြစ်စေသည့် ဦးနှောက်၏ဧရိယာအပိုင်းကို ဖယ်ထုတ်ခြင်း) 

ထိုနေရာသည် ဦးနှောက်၏စကားပြောခြင်း၊လှုပ်ရှားခြင်း၊အမြင်အာရုံ၊အကြားအာရုံဆိုင်ရာ ဧရိယာတို့နှင့် ဆက်နွယ်ခြင်းရှိနေလျှင် အဆင်မပြေပါ။


အချို့သောသူများသည် ကစီဓာတ်ဖြစ်သော ကာဗွန်ဟိုက်ဒရိတ်ကို လျှော့စား၍အဆီကိုပိုစားကာ တက်ခြင်းကိုထိန်းကြသည်။ (Ketogenic diet) သို့သော် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိဘဲ အာဟာရချို့တဲ့နိုင်သောကြောင့် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။


ကာကွယ်ခြင်း

- ဆေးကိုမိမိသဘောနှင့်တိုးခြင်း၊လျှော့ခြင်းမပြုလုပ်ရပါ။ဆရာဝန်နှင့်တိုင်ပင်၍ဆေးကိုပုံမှန်သောက်ရပါမည်။

- လုံလောက်စွာ အိပ်စက်အနားယူရပါမည်။

- လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးပါ။လေ့ကျင့်ခန်းပြုလုပ်နေစဉ် မောပန်းလျှင် ရေတစ်ခွက်သောက်ပြီး လုံလောက်စွာ အနားယူပါ။

- မူးယစ်စေသောအရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

- ဝက်ရူးပြန်ခြင်းအကြောင်းကို လူနာကိုယ်တိုင်ရော၊လူနာ၏မိသားစုဝင်များရော နားလည်ထားဖို့လိုအပ်ပါသည်။

- လူတွေမိမိအပေါ်အပြစ်မြင်ခြင်း၊မကောင်းမြင်ခြင်းတို့ကို လျစ်လျူရှုနိုင်အောင်ကြိုးစားပါ။

- ဘဝကိုလွတ်လွတ်လပ်လပ်နေထိုင်ပါ။

- ရောဂါကို တွေးပြီးစိုးရိမ်ကြောက်ရွံ့နေခြင်း မပြုလုပ်ပါနှင့်။

- ဝက်ရူးပြန်ရောဂါလူနာများအတွက် ထောက်ပံ့ကူညီပေးသော အသင်းအဖွဲ့များတွင် ပါဝင်ဆက်သွယ်ပါ။


အခြားသိသင့်သော အချက်များ

အိမ်သားများအနေနှင့် ဝက်ရူးပြန်ပြီးတက်တတ်သောလူနာများရှိလျှင် အောက်ပါအချက်များကို သိထားသင့်ပါသည်။

- တက်နေသောလူနာကို ဘေးစောင်းအနေအထားဖြင့်ထားပါ။

- လူနာ၏ဦးခေါင်းအောက်တွင် ပျော့သောအဝတ်တစ်ခုကိုခံထားပါ။

- လည်ပင်းနားပတ်ဝန်းကျင်ကို ချောင်အောင်ထားပေးပါ။

- လူနာ၏ပါးစပ်တွင်းသို့ ပစ္စည်းတစ်ခုခုထည့်ခြင်း၊လက်ချောင်းထည့်ခြင်းတို့ကို မပြုလုပ်ပါနှင့်။

- တက်နေသောလူနာကို ချုပ်နှောင်ခြင်းများမပြုလုပ်ရပါ။

- ချွန်ထက်သောအရာများ၊အန္တရာယ်ရှိသောပစ္စည်းများကို လူနာနဲ့အဝေးဆုံးတွင်ထားပါ။

- ဆေးရုံ၊ဆေးခန်း၊ကျွမ်းကျင်သူနဲ့မတွေ့ခင်ချိန်ထိ လူနာဘေးမှာနေပါ။

- လူနာကိုအနီးကပ်သေချာလေ့လာပြီး ပြုစုစောင့်ရှောက်ပါ။

- ဝက်ရူးပြန်နေခြင်းကို အချိန်မီသိအောင် ကြိုးစားပါ။

- လူနာဝက်ရူးပြန်နေချိန်တွင် စောင့်ရှောက်သူသည် စိတ်တည်ငြိမ်ပြီး အထက်ပါအချက်များပြုလုပ်ပေးရန်လိုအပ်ပါသည်။


Ref: Mayo clinics

Writer : Dr Toe Me Me Hnin



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18