Print

Orchitis ( ဝှေးစေ့ရောင်ရမ်းခြင်း )

  16-Aug-2018
Preview Image

Orchitis ဆိုသည်မှာ ဘက်တီးရီးယားပိုးနှင့် ပါးချိတ်ရောင်ရောဂါပိုးများကြောင့် ဝှေးစေ့ ၁ ဖက်တည်း (သို့) ၂ ဖက်လုံး ရောင်ရမ်းခြင်းကို ခေါ်သည်။


လက္ခဏာများ

Orchitis ၏ လက္ခဏာများသည် ရုုတ်တရက် ပေါ်လာတတ်ပြီး

-      ဝှေးစေ့ ၂ ဖက်လုံး ရောင်ရမ်းခြင်း

-      အနည်းငယ်နာကျင်ရာမှ ပြင်းထန်ဆိုးရွားလာခြင်း

-      ဝှေးစေ့များ နာကျင်ခြင်း

-      ဖျားခြင်းနှင့်

-      ပျို့အန်ခြင်း စသော လက္ခဏာများ ပြတတ်သည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

Orchitis ဖြစ်ပွားရသောအကြောင်းရင်းများမှာ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ ဝင်ရောက်သောကြောင့် ဖြစ်သည်။ များသောအားဖြင့် ဆီးလမ်းကြောင်းနှင့် ဆီးအိတ်သို့ ဘက်တီးရီးယားပိုး ဝင်ရောက်ကာ ထိုမှတစ်ဆင့် ဝှေးအညှာ ( Epididymis) သို့ ရောက်ကာ ဝှေးအညှာရောင်ရမ်းရာမှ ဝှေးစေ့ရောင်ရမ်းခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့်ဆိုလျှင် ပါးချိတ်ရောင်ရာမှ နောက်ဆက်တွဲပြဿနာအဖြစ် Orchitis ဆက်ဖြစ်လေ့ရှိသည်။


ဖြစ်နိုင်ချေများသူများ

Orchitis သည်

. ပါးချိတ်ရောင်ရောဂါကာကွယ်ဆေး မထိုးဖူးသူများ

. ခဏခဏ ဆီးလမ်းကြောင်းပိုးဝင်လေ့ရှိသူများ

. လိင်အင်္ဂါနှင့် ဆီးလမ်းကြောင်း ခွဲစိတ်မှု ပြုလုပ်ဖူးသူများ

. ဆီးလမ်းကြောင်းတွင် မွေးရာပါ ပုံမမှန်ဖြစ်နေသူများ

. အပျော်အပါး လိုက်စားသူများ

. လိင်မှတစ်ဆင့် ကူးစက်သောရောဂါရှိသူနှင့် လိင်ဆက်ဆံမိခြင်း

. အကာအကွယ်မပါဘဲ အပျော်အပါး လိုက်စားခြင်း

. ယခင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါ ဖြစ်ဖူးသူများတွင် ပို၍အဖြစ်များပါသည်။


နောက်ဆက်တွဲပြဿနာများ

Orchitis ရောဂါသည် နောက်ဆက်တွဲပြဿနာများအနေဖြင့်

-      ဝှေးစေ့များ အရွယ်အစား သေးသွားခြင်း

-      ကပ်ပယ်အိတ်တွင် ပြည်တည်ခြင်း

-      မျိုးမအောင်နိုင်ခြင်းများ ဖြစ်စေနိုင်ပါသည်။


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

အကယ်၍ ကပ်ပယ်အိတ်တွင် ရုတ်တရက် နီရဲလာကာ နာကျင်မှု ခံစားရပါက ဝှေးစေ့ရောင်ရမ်းခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်၍ ပြသသင့်ပါသည်။


စစ်ဆေးမှုများ

Orchitis အား စစ်ဆေးမှုများအနေဖြင့် ရောဂါအခြေအနေကို မေးမြန်းခြင်း၊ ပေါင်ခြံနှင့် ဖြစ်သည့်ဘက်တွင် ပြန်ရည်ကျိတ်များ ရောင်ရမ်းလာခြင်းကို စမ်းသပ်ခြင်းများနှင့် ဆီးကျိတ်ကြီးမကြီး သိရှိနိုင်ရန် စအိုအားလက်ထည့်၍ စမ်းသပ်ခြင်းများ ပြုလုပ်နိုင်သည်။ ထို့ပြင် လိုအပ်လျှင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးများ ရှိမရှိ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။


ကုသခြင်း

Orchitis သည် ဘက်တီးရီးယားကြောင့်ဆိုပါက Antibiotics ( ပိုးသတ်ဆေး ) များ သောက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါကြောင့်ဆိုလျှင် အတူတူလိင်ဆက်ဆံသူလည်း ကုသမှု ခံယူရန် လိုအပ်သည်။ ထို့ပြင် ဗိုင်းရပ်စ်ကြောင့်ဆိုလျှင် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း၊ အနားယူခြင်း၊ ရေခဲကပ်ပေးခြင်းများဖြင့်လည်း သက်သာစေနိုင်သည်။


ကာကွယ်ခြင်း

Orchitis ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက်

-      ပါးချိတ်ရောင် ကာကွယ်ဆေးများထိုးခြင်း

-      အပျော်အပါးလိုက်စားမည်ဆိုလဲ အကာအကွယ် အသုံးပြုခြင်းများ လုပ်ဆောင်ရန် လိုအပ်သည်။

 

Paing

Ref: Mayo Clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18