Print

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ

  07-Dec-2018
Preview Image


ကလေးက မရပ်မနား အသည်းအသန် ငိုနေပြီး ဘာအကြောင်းရင်းမှ ရှာမရဘူးဆိုရင် လေနာဝေဒနာဖြစ်နိုင်ပါတယ်။


လေနာဝေဒနာ။

ကလေးတွေမှာ အရမ်းအဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။ မွေးကင်းစကလေးတွေမှာ မရပ်မနားနဲ့ အသည်းအသန် ငိုနေပြီဆိုရင် လေနာဝေဒနာဖြစ်ဖို့များပါတယ်။ လေနာလို့ သတ်မှတ်ဖို့ဆိုရင် ကလေးက တစ်နေ့ကို (၃) နာရီနဲ့အထက် ငိုနေပြီး တစ်ပတ်ကို (၃) ရက်နဲ့အထက်ငိုနေရမယ်။ လေနာရှိတဲ့ကလေးတွေမှာ အချိန်မရွေး နာနိုင်ပေမယ့် ညဘက်တွေ၊ ညနေခင်းတွေမှာ ပိုဆိုးတတ်ပါတယ်။ လေနာဝေဒနာက ပြင်းထန်တဲ့ အရာတစ်ခုမဟုတ်ဘဲ ရောဂါတစ်ခုခုရှိနေလို့ကြောင့်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အသည်းအသန်ငိုနေတဲ့ ကိုယ့်သားသမီးလေးကို ကြည့်ရတာတော့ မိဘဘိုးဘွားတွေအတွက် နာကျင်ခံစားရခက်ပါတယ်။

 

ဘယ်အရွယ်မှာဖြစ်တတ်သလဲ။

ကလေး (၂) ပတ်လောက်ကနေစပြီး လေနာဝေဒနာကို ခံစားရနိုင်ပါတယ်။ ကလေးအသက် ၃ ၄ လ ရောက်တဲ့အခါ သူ့ဘာသာပဲ သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ ကလေးအားလုံးမှာ ဖြစ်နိုင်ခြေရှိပါတယ်။

 

ဘာလုပ်ရမလဲ။

ကလေးက လေနာဖြစ်နေတာလား ဆိုတာကိုတော့ အရင်သေချာအောင်လုပ်ပါ။ ကလေးအနှီးစိုနေလား၊ သေးခံစိုနေလား၊ အင်အင်းပါ ရှူရှူးပေါက်လုပ်ထားလား၊ ဗိုက်ဆာနေလား။ ကိုယ်ပူနေလား၊ ဒါမှမဟုတ် အင်းဆက်လို အကောင်တစ်ခုခုများ ကိုက်ခံထားရလားဆိုတာတွေကို သေချာအောင်လုပ်ပါ။ လေနာဆိုတာသေချာပြီဆိုရင်တော့ ထူးထူးခြားခြားကတော့ ဘာမှလုပ်စရမလိုပါ။ အချိန်တန်ပျောက်သွားမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို မကြည့်ရက်အောင် ဖြစ်နေတယ်ဆိုရင်တော့ သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းတချို့ရှိတယ်။

 

၁။ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။

လေ့လာမှုတွေအရ ဆေးလိပ်သောက်သုံးတဲ့ မိခင်တွေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့ မိခင်တွေရဲ့ ကလေးငယ်တွေမှာ လေနာဝေဒနာဖြစ်တာ များတယ်လို့တွေ့ ရှိခဲ့ရပါတယ်။ စီးကရက်ငွေ့ကို ကိုယ်ဝန်ဆောင်မိခင်က ရှူရှိုက်မိတဲ့အခါ မွေးလာမယ့် ကလေးမှာလေနာပါနိုင်တာကြောင့် မိခင်လောင်းတွေအနေနဲ့ ကလေးလေနာကင်းဖို့ဆိုရင် ကိုယ်ဝန်ဆောင်အချိန်မှာကတည်းက ကိုယ်တိုင်ဆေးလိပ်သောက်တာကိုရော တဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်တာကိုပါရှောင်ကြဉ်ပါ။ မွေးကင်းစအရွယ်မှာလည်း ဆေးလိပ်ငွေ့တွေနဲ့ မထိတွေ့စေဖို့ ကာကွယ်ပေးပါ။

 

၂။ နို့ဗူးကြောင့်လို့ သံသယရှိရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

နို့ဗူးတိုက်လို့တော့ လေနာတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တချို့နို့မှုန့်တွေက မတည့်တဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တာရှိလို့ နို့ဗူးကြောင့်လို့ထင်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါ။

 

၃။ ကလေးက လေတွေအများကြီး မျိုမချဖြစ်အောင် ဂရုစိုက်ပါ။

ကလေးကို နို့တိုက်တဲ့အခါ၊ နို့ဗူးတိုက်တဲ့အခါမှာ လေတွေအများကြီးမဝင်သွားအောင် ဂရုစိုက်ပါ။ နို့သီးခေါင်းကို အပြည့်အဝငုံမိအောင်၊ နို့ဗူးကိုလည်း ကလေးပါးစပ်နဲ့ အနေတော်ဖြစ်နေအောင်ပြုလုပ်ပေးပါ။ နို့သီးခေါင်းမှာလည်း အပေါက်ကို ခပ်သေးသေးပဲဖောက်ပေးပါ။ အစားတစ်ခုခုကျွေးတဲ့ အခါတိုင်းမှာလည်း ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ကျွေးပေးပါ။ နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။ ကလေးကိုမှောက်ထားပြီး ကျောကိုညင်ညင်သာသာ နှိပ်ပေးပါ။

 

၄။ အာရုံပြောင်းပြီး ချော့မြှူပါ။

ကလေးကို တခြားအာရုံပြောင်းအောင် ချော့မြှူတာလည်းရနိုင်ပါတယ်။ ကလေးကို ပုခက်လွှဲပေးတာ၊ လမ်းလျှောက်ပြီးခေါ်သွားပေးတာ၊ ကားလျှောက်မောင်းပြတာ၊ အသံထွက်တဲ့အရာတွေနဲ့ အာရုံပြောင်းတာလုပ်ပေးနိုင်ပါတယ်။

 

၅။ မိခင်အစားအသောက်ကို ဂရုစိုက်ပါ။

ခိုင်မာတိကျတဲ့အထောက်အထားတွေမရှိပေမယ့် မိခင်နို့တိုက်တဲ့ကလေးတွေမှာ လေနာဖြစ်တာက မိခင်ရဲ့အစားအသောက်နဲ့လည်းဆိုင်တယ်လို့ ယူဆချက်တွေရှိပါတယ်။ လိုလိုမယ်မယ် ဒီအစားအသောက်တွေရှောင်နိုင်ရင်တော့ ပိုကောင်းပါမယ်။

·         အရက်

·         ဆေးလိပ်

·         အားဖြည့်အချိုရည်တွေ

·         ပူစပ်တဲ့အစားအသောက်တွေ

·         ကော်ဖီ

·         ကြက်သွန်နီ

·         ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း

·         အသင့်စား အစားအသောက်တွေ

 

Credit: Hello Health Group 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18