Print

ဘေဘီလေးတွေ ခေါင်းချွေးထွက်တာ ဘာများဖြစ်လို့လဲ

  18-Dec-2018
Preview Image


ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ် သို့မဟုတ် ပတ်ဝန်းကျင်မှာ အပူချိန်ပိုလာတဲ့အခါ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချထိန်းညှိပေးဖို့ ချွေးဂလင်းတွေရဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ လူတိုင်းချွေးထွက်တတ်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေမှာ အမြဲလိုလိုချွေးထွက်တတ်တော့ မေမေတချို့က စိတ်ပူကြပါတယ်။ ဒီသေးသေးလေးက ဘာလို့ဒီလောက်ချွေးထွက်ရတာလဲပေါ့။ ခေါင်းမှာလည်း ချွေးသီးချွေးပေါက်တွေနဲ့ဆိုတော့ ဘာလို့ဒီလိုမျိုး အမြဲလိုလိုဖြစ်နေရလဲဆိုတာ သိချင်ကြတယ်မဟုတ်လား။


ကလေးတွေမှာခေါင်းချွေးထွက်ရတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ကလေးတွေမှာ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့် ချွေးပိုထွက်တာဖြစ်နိုင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးရဲ့ခန္ဓာကိုယ်အပူချိန်ထိန်းညှိရေးစနစ်က ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့ နှေးတာကြောင့်လည်းဖြစ်နိုင်တယ်။ အထူးသဖြင့် ပြင်ပက အပူချိန်များနေတဲ့အချိန် ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုအနေနဲ့ ချွေးထွက်တာဖြစ်ပါတယ်။ ကလေးတွေက အပူဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် အဝတ်အစားရွေးချယ်တဲ့နေရာမှာ လေဝင်လေထွက်ကောင်းပြီး အသားအေးတာလေးတွေကို ဦးစားပေးဖို့ပြောကြတာပါ။


ဘာလို့ ခေါင်းချွေးပိုထွက်ကြတာလဲ

ကလေးရဲ့ခေါင်းမှာ အတန်အသင့်ပမာဏလောက် ချွေးထွက်တာက သဘာဝပါပဲ။ ဒီအကြောင်းရင်းတွေကြောင့်ပေါ့။

• အပေါ်မှာပြောခဲ့သလို တခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ကလေးရဲ့ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ပါ။ ဒါ့ကြောင့် ကလေးမှာပူတယ်လို့ခံစားရရင်၊အထူးသဖြင့် နို့စို့ချိန်တွေမှာ ကျန်တဲ့နေရာတွေထက် ခေါင်းမှာပဲချွေးပိုထွက်လာတာဖြစ်ပါတယ်။

• ကလေးဦးခေါင်းရဲ့အပူချိန်က ခန္ဓာကိုယ်ရဲ့ကျန်တဲ့အပိုင်းတွေထက် ပိုမြင့်နေလို့ပါ။


ကျန်းမာရေးပြဿနာတစ်ခုခုများ ရှိနေတာလား

သားဦးမွေးထားတဲ့ မိဘတွေဆို ပိုတောင်စိုးရိမ်တတ်ကြသေးတယ်။ ဘာရောဂါကြောင့်များဖြစ်နေတာများလဲဆိုပြီး အတွေးပေါင်းများစွာနဲ့ ရင်ပူရပါတယ်။ ပုံမှန်အားဖြင့်တော့ ကလေးတွေမှာဖြစ်တတ်တဲ့သဘာဝမို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ အလွန်အကျွံ ခေါင်းချွေးထွက်တာ သတိထားမိတယ်ဆိုရင်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။ ဖြစ်နိုင်တာက –


• မွေးရာပါနှလုံးရောဂါ –  Pulmonary Atresia လို့ခေါ်တဲ့ မွေးရာပါနှလုံးရောဂါရှိနေရင် နှလုံးကသွေးကို အဆုတ်ကိုရောက်အောင်မပို့လွှတ်နိုင်တဲ့အတွက် ကလေးမှာ အောက်ဆီဂျင်အလုံအလောက်မရတော့ပါဘူး။ နှလုံးကနေအဆုတ်ကို သွေးပို့လွှတ်မှုထိန်းပေးတဲ့ အဆုတ်အဆို့ရှင်မှာ လုပ်ဆောင်ချက်ချို့ယွင်းပြီး မပွင့်တာကြောင့်ပါတဲ့။ နို့စို့နေချိန် ခေါင်းချွေးအရမ်းထွက်လွန်းရင် ဒီအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။

• သိုင်းရွိုက်ရောဂါ –  ချွေးထွက်များလွန်းခြင်းဟာ သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်လွန်ကဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

• အဖျားရှိနေတာ – ကလေးက ဖျားနေတယ်ဆိုရင် ကိုယ်ပူကျလိုက် တက်လိုက်ဖြစ်ချိန်မှာ ချွေးထွက်များတတ်ပါတယ်။

• နှလုံးကြွက်သားအားနည်းခြင်း – နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးညှစ်အားကျခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးရဲ့နှလုံးက ခန္ဓာကိုယ်အနှံ့ကို သွေးမပို့လွှတ်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ ချွေးထွက်လွန်ကဲလာနိုင်ပါတယ်။


တကယ်လို့ကလေးက ကျန်းမာတယ်၊ အစားလည်းစားတယ်၊ ကောင်းကောင်းကစားတယ်၊ ပုံမှန်နဲ့မတူဘဲ စိတ်မကြည် စိတ်ဆိုးငိုယိုလွယ်တာတွေမဖြစ်ဘူးဆိုရင်၊ ကိုယ်အလေးချိန်နဲ့ကြီးထွားဖွံ့ဖြိုးမှုက မှန်မှန်တိုးတက်လာတယ်ဆိုရင် ချွေးထွက်တာလည်း သိပ်စိတ်ပူစရာမလိုပါဘူး။ အပေါ်က ရောဂါအကြောင်းရင်းတွေဆိုတာက လက္ခဏာက ခေါင်းချွေးထွက်တာတစ်ခုတည်းမဟုတ်လို့ပါ။ ဒါတွေကြောင့်သာဆို တခြားလက္ခဏာတွေလည်းပါလာမှာပေါ့။ အဲဒီတော့ ကလေးရဲ့ကျန်းမာရေးအခြေအနေကကောင်းနေတယ်ဆို ခေါင်းချွေးထွက်တိုင်း စိတ်မပူကြပါနဲ့လို့။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18